Monday 15 August 2011

တံခါးခေါက်သံများ

ပိတ်ထားတဲ့တံခါးတစ်ချပ်ကိုခေါက်ဖူးကြသူတွေချည်းပါပဲ။ အနည်းဆုံးတစ်ကြိမ် ဖြစ်ဖြစ်ပေါ့။ တံခါးတွေရဲ့ နောက်ကွယ်မှာ ဖြူစင်မှုတွေ၊ ညစ်နွမ်းမှုတွေ၊နောက်......။

ခင်သူဇာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက မြို့လေးတစ်မြို့မှာ ကျွန်မကို မွေးခဲ့ပါတယ်။ မြို့ဆိုပေမယ့် တောရွာကြီး သာသာ ရှိတာပါပဲ။ အဲဒီ တောရွာကြီး မှာပဲ မွေးဖွား ကြီးပြင်း အရွယ် ရောက်ခဲ့ တယ်ပေါ့။ မိဘတွေက စီပွားရေး ကောင်းတော ပြင်ဦးလွင် မှာဘော်ဒါထား ပေးတယ်။ ၁၀ တန်းထိတော့ ဟုတ်နေတာပဲလေ။ ၁၀ တန်းလည်း ရောက်ရော တဗုန်းဗုန်းနဲ့ကို မြည်နေတယ် ထင်တာပဲ။ ပြောရမယ်ဆိုရင် တော့ မိဘတွေ အလုပ်က လက်ဖျား ငွေသီးနေတာကိုး။ အဲဒီတော့ စာကို စုံရေမက်ရေ မရှိဘူး။ ဘ၀ဆိုတာ ဒီလိုမျိုး ကြုံတွေ့နိုင်ပါလားလို့ သိခဲ့ ရင် အနည်းဆုံး ဘွဲ့လေး တစ်ခုတော့ ရအောင် ယူခဲ့ပါတယ်။

ဒါကလည်း အတွေ့အကြုံ မျိုးစုံနဲ့ ကြုံတော့မှ ရလာတဲ့ နောင်တကိုး။ အဲဒီ တုန်းကတော့ ဘွဲ့ရဖို့ထက် အနံ့ရတာနဲ့ ဘာသစ်လဲ။ အခွံမြင်တာနဲ့ သစ်မာလား။ အချမာလား။ သိရင်ကို ဟုတ်နေပြီလေ။ အချမာဆိုတာ ပျဉ်းကတိုးလို သစ်ကောင်း စာရင်းဝင် မဟုတ်ဘဲ မာတော့ မာတယ်။ တန်းမမီတဲ့ သစ်ပေါ့လေ။

သမီးတွေချည်း မွေးထားတော့ အဖေက ပေးမသင်ဘူး။ အဖေ့ အလုပ်ထဲမှာ မိန်းမဆိုလို့ လွှစာ လာကျုံးတဲ့ သူလောက်ရှိတာကိုး။ ဒါပေမယ့် ကျွန်မတို့ ညီအစ်မကလည်း စာကို လုံးလုံး စိတ်မ၀င်စားဘူး။ သစ်တစ်တန်ရဖို့ သစ်ဘယ်နှလုံး ခွဲရမလဲ ဆိုတာလောက် စိတ်ဝင်စားတာကိုး။
သစ်ကားတစ်စီး တောထဲဝင်ရင် ဘယ်နှရက်အတွင်း ဘယ်နှတန်လောက် ပါလာမလဲပဲ တွက်နေတတ်တာကိုး။

သစ်လုပ်ငန်း အရှိန် ကောင်းကောင်းနဲ့ လည်ပတ်နေတုန်းမှာပဲ အဖေဆုံးတယ်။ ကျွန်မတို့ သားအမိတွေ ရွှေတောင် ပြိုတာပေါ့။ အမေဆို တာကလည်း အဖေပေးတဲ့ ငွေကို လက်ဖြန့် ယူသုံးတတ်တာက လွဲပြီး အလုပ်အကြောင်း ဘာမှ နားမလည်။ ကျွန်မတို့ ညီအစ်မက ကျောင်းစာလည်း အဖြစ်မရှိ။ အလုပ်ထဲမှာလည်း အဖြစ် မရှိသေးချိန်။ လည်ပတ်နေတဲ့ သစ်စက်ရယ်၊ သစ်လုံးတင် ကားပက်လက် နှစ်စီးရယ်နဲ့ ယောင်ချာချာ ကျန်ခဲ့ကြတာပေါ့။

တိုတိုပြောရရင် အရင်း ပြုတ်လုပြုတ်ခင်မှာ အခု ကျွန်မယောက်ျား ဖြစ်လာမယ့် ကိုထွန်းလူနဲ့ တွေ့တယ်။ အဲ စိုင်းထွန်းလူပေါ့။ သူတို့က မိရိုးဖလာ ရှမ်းတောင်သူ စစ်စစ်တွေလေ။ သူတို့ မိသားစုမှာ သူက လူ ရည်အလည်ဆုံး။ မန္တလေး တက္ကသိုလ် ကကျောင်း ပြီးထားသူ၊ အမြင်ကျယ်တယ်။ မိရိုးဖလာ တောင်သူအလုပ်ကို ချဲ့ထွင်ပြီး ကုန်ကားတစ် စီးထောင်၊ ကိုယ်တိုင်မောင်း ပြီး ပြင်ဦးလွင် ထိ သီးနှံတွေ ပို့တာ။ ကိုယ်ပိုင်ခြံထွက်တင် မကဘူး။ ဘေးခြံက ထွက် ကုန်တွေပါ အခင်းထဲမှာတင် ဈေးဖြတ်ပြီး ပြင်ဦးလွင်ကို ပို့တာ။ ကိုထွန်းလူ လက် ထက်မှာ သူတို့အိမ် စီးပွား ရေး တစ်ဟုန် ထိုးတက်လာသလို ကျွန်မတို့ရဲ့ ပြုတ်လု ပြုတ်ခင် အရင်းလေး “ခိုင်” သွားတယ်။ နောက် ကိုထွန်းလူနဲ့ ကျွန်မ အကြောင်းပါတယ်။

ကျွန်မတို့ အိမ်ထောင် ကျပြီး သိပ်မကြာဘူး။ ပြောင်းဖူးတွေ ခေတ်ကောင်း လာတာပဲ။ တကယ်ဆိုတော့ ကျွန်မတို့ ဒေသတွေက စိုက် ပျိုးရေးဒေသတွေပါ။ ပြင်ဦး လွင်ကထွက်ပြီး မြိုင်ကြီး ကွေ့ကျော်တာနဲ့ တစ်မျှော် တစ်ခေါ် စိုက်ခင်းတွေက ဂုတ်ထိပ်တံတား နားရောက်မှ ကျဲကုန်တာကိုး။

အဲဒီ စိုက်ခင်းတွေက ထွက်တဲ့ ပြောင်းဖူးအစေ့ အဆန်တွေဆိုတာ အ၀ါရောင် ဖျာကြီးခင်းထားသလိုပါပဲ။ အဲဒီဖျာက ကမ္ဘာတစ်ဆုံး ကျယ်လေသလား ထင်ရ လောက်အောင် အထွက် ကောင်းတဲ့ ပြောင်းပါ။ အမြင်ကျယ်တဲ့ ကိုထွန်း လူက အဆက်အသွယ် ရှာပြီး ရန်ကုန်ထိ ပွဲရုံလာဖွင့်တယ်။ ကျွန်မအစ်မနဲ့ ကိုထွန်းလူ မောင်နှမတွေက ရွာမှာတင် ပွဲရုံဖွင့်ပြီး ရန်ကုန်ကို တိုက်ရိုက် တင်ပေးကြတယ်။

အဲဒီလိုနဲ့ ရန်ကုန်ကို ရောက်လာခဲ့တာပေါ့။ ကျွန်မတို့ သားအမိတွေ နေဖို့ ကိုထွန်းလူ ငှားထားပေးတဲ့ အခန်းက ဘုရင့်နောင် ပွဲရုံ တန်းနဲ့ မျက် နှာချင်းဆိုင်မှာ။ ချောင်းရေ တွေ တသွင်သွင်စီးသလို ကားတွေ အဆက်မပြတ် စီးဆင်း နေတဲ့လမ်းမကြီးပေါ့။ ရန်ကုန် ရောက်စကတော့ ညနေ မှောင်ပျိုးတာနဲ့ ကိုထွန်းလူ အိမ်ပြန်လာတယ်။ တစ်လလောက်လည်း ကြာရော ကျွန်မတို့ နေသားကျ သွားပြီလို့ ယူဆတယ်နဲ့ တူပါ ရဲ့။ အိမ်ပြန် မိုးချုပ်တတ်လာတယ်။

အဲဒီမှာတင် တံခါး ခေါက်သံတွေကို ကြားရ တော့တာပဲ။
ဟုတ်ပါတယ်။ အိမ်ပတ်ပတ်လည်က နာရီဝက်ခြား တစ်ခါလောက် ခေါက်နေတတ်တဲ့ တံခါး ခေါက်သံတွေပါ။ ပထမဦးဆုံးကြား ရတဲ့ရက်က စိတ်ထဲ အတော်ကို မသိုးမသန့်ဖြစ်မိတာ။ ပွဲရုံနဲ့ စာရင်း ရှင်းရမှာမို့ မိုးချုပ်မယ်ဆိုတဲ့ ကိုထွန်းလူကို စောင့်နေတုန်း တံခါးခေါက် သံကို ကြားလိုက်ရတော့ အပြေးအလွှားပဲ တံခါး သွားဖွင့်မိတယ်။ တံခါးဝမှာ ဘယ်သူမှ ရှိမနေဘူး။ သားလေးကို သိပ်ရင်း မှေးခနဲ အိပ်ပျော် မလိုဖြစ်လိုက်၊ တံခါးခေါက် သံကြားလို့ ထဖွင့်ပေးလိုက်နဲ့ အဲဒီ တစ်ညတည်း ဆယ်ခါ ကျော်မလားပဲ။
ကိုထွန်းလူ ပြန်လာလာချင်း ဆီးမေးမိတော့။

“ဟုတ်တယ်။ ဟိုဘက်က တည်းခိုခန်းတွေလေ။ ဒီတိုက်မှာ မြေညီထပ်တွေက ဆိုင်ခန်းတွေ။ အခု ကိုယ်တို့ အောက်တစ်လွှာ ဘယ်ညာ က အိမ်ရှင်တွေ။ နှစ်လွှာ၊ သုံးလွှာနဲ့ ကိုယ်တို့ အပေါ်ထပ် ငါးလွှာ၊ ခြောက်လွှာက တည်းခိုခန်းတွေ”

“ဟင် တည်းခိုခန်းက ဟိုဘက်တိုက် မဟုတ်ဘူးလား”

“အား ငါ့မိန်းမ အတော့် ကို လေ့လာ ထားတာပဲ။ ဟား ဟား အဲဒါ တစ်တိုက်တည်းကွ။ ကိုယ်တို့က ဒီဘက်လှေကား၊ သူတို့က ဟိုဘက်လှေကား”

“ထင်တော့ ထင်သား ပဲ။ ဒီအခန်းကို တက်ရတာ လှေကား အလုံပိတ်ကြီးနဲ့ မွန်း မွန်း ကျပ်ကျပ်ကြီးပါလို့။ သြော် ဟိုဘက်လှေကားက တက်တာကိုး။ ဒါဆို နေစမ်း ပါဦး။ ဘာဖြစ်လို့ ဒီအခန်းကို ငှားရတာတုံး။ နေရတာ လိပ် ပြာမသန့်လိုက်တာ”

“အမှန်အတိုင်း ပြောရ ရင်တော့ ကိုယ့်သူငယ်ချင်း ငှားပေးတာ။ ကိုယ်လည်း မင်းတို့ မလာခင် နှစ်ရက် လောက်ကမှ သိတာ။ အဲဒီ အချိန် တစ်နှစ်စာ ငွေချေပြီး ပြီလေ”

သက်ပြင်း ချရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကိုထွန်းလူ စောစောပြန်လာတဲ့ ရက်ဆိုရင်တော့ ကိစ္စမရှိဘူး။ ကိုယ့်ဘေးမှာ ယောက်ျားရှိ နေတော့ လုံခြုံ စိတ်ချစွာပဲ စိတ်အေးလက်အေး အိပ်ပျော်တယ်။ ကိုထွန်းလူ အိမ်ပြန် နောက်ကျတဲ့ ရက်တွေမှာ သားငယ်လေးကို ဖက်ရင်း စိတ်ချောက်ချားမိတယ်။ ဘယ်လိုမှ အိပ်မပျော်ဘူး။ ညနက်လေ တံခါးခေါက်သံတွေ ကျယ်လေပါပဲ။ အပေါ် ထပ်က ခေါက်ရင်လည်း ဆတ်ခနဲ ထထိုင်မိတယ်။ ဘေးခန်းက ခေါက်ရင်လည်း ရင်တွေ တဒိုင်းဒိုင်း ခုန်အောင် ကြောက် မိတယ်။ နံရံတစ်ချပ် ခြားနေတဲ့ တံခါး ခေါက်သံ တွေဟာ ကျွန်မကို အသက်ရှူ ကျပ်စေပါတယ်။ တိတ်ဆိတ်တဲ့ ညဥ့်ယံမှာ လိုဏ်သံပါတဲ့ တံခါးခေါက်သံတွေဟာ နိမိတ်ဆိုး သယ်လာတတ်တဲ့ ငှက်တစ်ကောင်ရဲ့ အော်သံလို ပါပဲ။ မှေးခနဲ ဖြစ်လိုက်၊ တံခါးခေါက်သံ ပေါ်လာလိုက်၊ ဘုရား စာရွတ်ရင်း ၀င်၊ ထွက်မှတ်ရင်း ငြိမ်သက်ခါနီး စိတ်ကလေးက နောက်တစ်ခါ ခေါက်လိုက် တဲ့ တံခါးခေါက်သံ အောက်မှာ ဖရိုဖရဲ အလဲအကွဲ ရုန်း ကန်ထလာပြန်ပါရော။ အိပ်ချင်မူးရီနဲ့ လန့်လန့် နိုးရတဲ့ အခါ အတွေးတွေက ယောက်ယက်ခတ် စိုးမိုးလာတယ်။ ကိုထွန်းလူကော ပွဲရုံမှာ စာရင်း ရှင်းနေတာလား။ နယ်က အ၀င် နောက်ကျတဲ့ ကုန်ကား ကိုပဲ စောင့်နေတာလား။ ဒါမှ မဟုတ် တံခါးတစ်ချပ်ရဲ့ နောက်ကွယ်မှာပဲလား။

တံခါး ခေါက်သံတွေဟာ ပစ္စက္ခကြောက်ရွံ့မှုကိုတင် မကဘူး။ စိတ်ကူးနဲ့ပါ ကြောက်ရွံ့မှုကို ဖြစ်စေပါ တယ်။ လောကကြီး အိပ်နေ ပေမယ့် ဘုရင့်နောင်ကတော့ မအိပ်ဘူး။ လမ်းပေါ်က ကား သံတွေရယ်၊ တံခါးခေါက်သံ တွေရယ်၊ စည်းချက်ကျကျ အသက်ဝင် နိုးထနေတာ ရောင်နီလာချိန်ထိပါပဲ။ အဲဒီ လိုနဲ့ ညရောက်မှာကို ကြောက်ကြောက် လာမိတော့တယ်။

“ညတွေ သိပ်မိုးမချုပ်ပါနဲ့ကွယ်။ ကို ပြန်မလာမချင်း အိပ်လို့လည်း မပျော်ဘူး။ အဲဒီ တံခါးခေါက်သံ ကြားလိုက်တာနဲ့ လန့်လန့် သွားတာပဲ”

“အေးပါကွာ။ နယ်ကား အ၀င် နောက်ကျတဲ့ အခါတို့၊ ငွေရှင်း စာရင်းရှင်းရတဲ့ ရက်တွေတို့ ဒီလောက်ပါပဲ။ သည်းခံပါကွာ။ ဘာအန္တရာယ်မှ မရှိပါဘူး။ ဒီလှေ ကားကို သုံးတာ အိမ်ရှင်တွေနဲ့ ကိုယ်တို့ပဲရှိတာ လုံခြုံပါတယ်။ သူစိမ်းဝင်တာနဲ့ အိမ်ရှင်တွေက အပေါက်ဝကဆီး မေးတာ။ ကွန်ဒိုတွေ ထက် တောင် လုံခြုံရေး စိတ်ချ ရသေးတယ်”

“ဟုတ်တယ်လေ။ ဒီ အခန်းက လူတော့ လုံပါတယ်။ အသံတွေ မလုံတာက ပိုဆိုးတယ်။ ခေါက်လည်း ခေါက်နိုင်ကြပါပေရဲ့။ နာရီဝက် တစ်ခါလောက်ကို ခေါက်နေကြတာ”

“သြော် မိန်းမရယ်။ ကိုယ်တို့ကလည်း စီးပွားရေး အတွက် ဒီမှာလာနေတာ။ သူ တို့လည်း စီးပွားရှာနေတာ နားလည် ပေးလိုက် စမ်းပါ ကွာ”
ကိုထွန်းလူက တံခါး ခေါက်သံတွေကို ပေါ့ပေါ့ပါး ပါးတွေးနိုင်၊ ရင်ဆိုင်နိုင်ပေ မယ့် ကျွန်မအတွက်ကတော့ ညလယ် အိပ်မက် ဆိုးတွေပါပဲ။ အိမ်မှာနေရတဲ့ ကျွန်မ အတွက် တံခါး ခေါက်သံတွေက မရိုးနိုင်ဘူး။ ညနက်လေ တံခါးခေါက်သံ ကျယ်လာလေ၊ နှလုံးခုန်သံ တဒိုင်း ဒိုင်းက ပေါက်ကွဲသွားမတတ် ဆူညံ မြည်ဟည်းလာလေ ပါပဲ။

မခင်ဌေး
ကိုကျော်အောင် ဒီတစ်ခေါက် ဆင်းသွားတာ တစ်ပတ်ကျော်ပြီ။ မနေ့ကတော့ အုံနာ့အိမ် လိုက်သွားမိတယ်။ တတ်နိုင်ရင် မလိုက် ချင်ပါဘူး။ လူမြင်တာနဲ့ တီကောင် ဆားတို့သလို တွန့်သွားတတ်တဲ့ အုံနာ့မိန်းမဆီ လက်မဖြန့် ချင်ဘူး။ ဒါပေမယ့် ဘယ်တတ် နိုင်မလဲ။ သမီးကြီး ဖျားနေတာ ငါးရက် ရှိပြီလေ။လက်ထဲ ငွေမရှိတာနဲ့ ဦးချစ်ထူး ငန်းဆေးလေးနဲ့ ကွမ်းရွက် ပြုတ်ရည်ကလေး တိုက်နေတာ။ ဆေးသောက်ပြီးရင်တော့ ချွေးတွေထွက် လန်းလာပါတယ်။ အချိန်တန်ရင် ပြန်ဖျားတာပဲ။ ဒီနေ့တော့ ဆေးခန်း သွားမှ ရမယ်။

တပ်ထဲ ဆေးခန်းက ဆရာမကတော့ ပြောသား။ ကလေး ကြည့်ရတာ ငှက်ဖျားနဲ့ တူတယ်။ ငှက်ဖျား တိုက်ဖျက်ရေး ရုံးကိုသာ သွားတဲ့။ ဘယ်ဆေးခန်းသွားသွား ငွေကုန်တာပဲ အဖတ် တင်မှာ။ ငှက်ဖျား တိုက်ဖျက်ရေးရုံးမှာ အလှူငွေပဲ ထည့်ရတာ။ သေချာ စစ်ဆေးပြီး ဟုတ်ရင် ဆေးပတ်လည်အောင်သာ သောက်။ ငှက်ဖျား ပြတ်တယ်တဲ့။

အဲဒါနဲ့ အုံနာအိမ်သွား လက်ဖြန့်ရတာ။ ကိုကျော်အောင် တို့က နောက် ၅ ရက် လောက်ကြာဦးမတဲ့။ ကုန်စောင့်ရင်း ဘုရင့်နောင်ကား ဈေးထဲမှာ ကားပြင်ဖို့ ပစ္စည်းတွေ ၀ယ်နေတာတဲ့။ ဒီတစ်ခေါက် အုံနာလည်း လိုက်သွားတယ်တဲ့။ ကိုကျော်အောင်ကလည်း မျှော်မယ့်သာ မျှော်ရတာ။ ငွေပါချင်မှ ပါလာ တာလေ။ ပြီးခဲ့တဲ့ အပတ်ကလည်း မူးကြောင် မူးကြောင်နဲ့ အိမ်ပြန်လာပြီး

“မိန်းမရေ လူပဲ ယူလိုက်တော့ကွာ။ ငွေတော့ မအပ်နိုင်တော့ဘူး။ လူပဲ အပ်နိုင်တယ်”
ပြောပြောဆိုဆိုနဲ့ အိပ်ရာထဲ ထိုးအိပ်လိုက်တာ နောက်နေ့ နေ့လယ်မှ ထနိုင်တယ်။ အိပ်ရာက နိုးလာတော့လည်း အရက် နာကျပြီး မလှုပ်နိုင်လို့ ထမင်းကြမ်းကို သကြားရည်လေးနဲ့ ဖျော်ပြီး ပြုစုရသေးတာ။ ဒုက္ခတွေလေ။ ဘယ်တတ်နိုင်မလဲ။ ကားသမား လင်လုပ် ပြီးမှတော့ သုခပေးလည်း ယူရုံ၊ ဒုက္ခပေး လည်း ယူရုံပဲပေါ့။

အဲလို စိတ်လျှော့ ထားခဲ့တာကြာပေါ့။ အရင်တုန်းကတော့ ဘယ်ဟုတ်မလဲ။ သမီးကြီး တစ်ယောက်တည်းတုန်းကတော့ ရန်ကုန် ထိ လိုက်ပြီးကို ပွဲကြမ်းပစ်တာ။ သူတို့ကားတွေ ညအိပ်တဲ့ ဘုရင့်နောင်ပွဲ ရုံတန်းဆိုတာ တည်းခိုခန်းတွေကို မှိုလို ပေါက်နေ တာ။ ကောင်မလေးတွေကလည်း တင်းကျမ်းပေါ့။ အံမယ် ကိုကျော်အောင့် ကောင်မက ဘယ်လောက် ပိုင်သလဲ။ ကျုပ်ကသာ ကိုကျော်အောင် အိမ်ပြန်မယ့်ရက် မသိတာ။ သူက ကိုကျော်အောင် ဘယ်နေ့ ရန်ကုန် ၀င်မယ်ဆိုတာ အတိအကျ သိပြီးသား။

တည်းခိုခန်း လိုက်သွားပြီး သူ့အခန်းတံခါးကို ခေါက်လိုက်တော့ “လာပြီ အချစ်ရေ။ လာပြီ။ အချစ်လေး နောက်ကျ လှချည်လား”တဲ့။ ဖြစ်ပုံ ဖြစ်ပုံ။ ကျုပ်မှာ ဒေါသထွက် လွန်းလို့ အသားတွေကို ဆတ် ဆတ်တုန်လို့။ တံခါးလည်း ပွင့်လာရော ဒင်းမှာ မျက်လုံး ကြီးပြူးပြီး အံ့သြနေတာလေ။ အဲဒီတုန်းက သူပြောတဲ့ စကားတွေ မှတ်မိသေးတယ်။
“မယားငယ်လို့ စကား ကြမ်းကြမ်းကြီး မသုံးပါနဲ့ကွာ။ ဒါအချစ်ပွားကလေး။ အချစ်ပွားကလေး။ မူပိုင် အချစ်တွေကနေ ပွားထွက် လာတဲ့ အချစ်ပွားကလေး။ ဟဲဟဲဟဲ။ မင်းကတော့ မူပိုင် အချစ်ပေါ့ကွာ။ မင်းက မောင့် မူပိုင်ရှင်ပါကွာ”

ကိုကျော်အောင်က လူပုံ ချောသလောက် စကားပြော ညင်သာတယ်။ ဘယ်တော့ မှ ၀ုန်းဝုန်းဒိုင်းဒိုင်း နင်ပဲ ငဆ မပြောဘူး။ ပြီးတော့မှ သူ ထင်ရာ လုပ်တာလေ။ လုပ်ပြီးရင်လည်း ကျုပ်ပြောသမျှ ငုံ့ခံတာပဲ။ ပြောရတဲ့ လူပဲ အရူးဖြစ်တာ။

“ဟုတ်ပါတယ်ကွာ။ မင်းမှန်ပါတယ်။ အစ်ကို မှားပါတယ် မိန်းမရယ်။ အစ်ကိုက အသုံးမကျတာပါ။ အစ်ကို့ကြောင့်ချည်း မဟုတ်ပါ ဘူး။ ဒီကောင်...ဒီကောင် ဂြိုဟ်မွှေနေတာ။ ဒီကောင် ၀င်သွားရင် ထိန်းမရတော့ဘူး”

“သြော်..ခက်ပါလား။ မိန်းမရယ်။ မင်းယောက်ျား က ကားသမားကွ။ ခြေကော လက်ကော စိတ်ကော တစ်ခုမှ မနားဘဲ ခေါင်းခန်းပူပူ လောင်လောင်ကြီးထဲမှာ တစ်နေ့လုံး တစ်ညလုံး မောင်းလာရတာ။ အစ်ကို့မှာ ဒါက လေးမှ မငုံရရင် ဘယ်ခံနိုင် ပါ့မလဲကွာ။ ဒါကလေးများ တစ်ပိုင်းလောက် ၀င်သွားရင် ပင်ပန်းခဲ့သမျှ ပျောက်ပြီး နတ်ပြည် ရောက်သွားတော့ တာပဲ ဟဲဟဲဟဲ”

ကျုပ်ကလည်း မတွေ့ခင် မောင်းတင်ထားသမျှ ဒင်းရှေ့ရောက်လို့ ဒင်းစကား ကြားလိုက်ရရင်ပဲ “ဟုတ်တာ ပဲလေ”တို့၊ “ဟုတ်တာပေါ့” တို့ ထောက်ခံပြီးသား။ ကိုယ်ချစ်လို့ ယူထားတဲ့ လင်ကိုး။ ဘယ်လောက် ဒေါသ ထွက်ထွက် ဒင်းမျက်နှာမြင်၊ ဒင်းအသံကြား လိုက်ရရင် ငိုတာတောင် ဒင်းရင်ခွင်ထဲ ၀င်ပြီးမှ ငိုလိုက်ချင်တာ။ ထုချင် ရိုက်ချင်တောင် ဒင်းကို ဖက်ပြီးမှ ထုချင်တာ။ ဒင်းကပဲ “မှော်” အောင်တာလား။ ကျုပ်ကပဲ မိန်းမတွေ နှာခေါင်း မပါရင် ဟိုဟာ စားမယ်ဆိုတဲ့ စကားပုံလို ဖြစ်နေ တာလားတော့ မသိတော့ပါဘူး။

အဲလို အဲလိုနဲ့ သမီးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးရင်း ငါ့အိမ်ပြန်လာရင် ငါ့လင်ပဲ ဆိုတာလို စိတ်ဖြေ တတ်လာတာ။
အခုလည်း ဒင်းအခန်း ဘယ်ကောင်မတွေ တံခါး ခေါက်နေမလဲ မသိဘူး။ အုံနာပါသွားပေမယ့် အုံနာက မြို့ထဲမှာ တည်းတာ။ သူတို့ ဆရာ တပည့်တွေက ကားထားတဲ့ ဘုရင့်နောင်မှာပဲ တည်းတာလေ။ ကုန်ပို့ရတဲ့ ဘုရင့်နောင် ပွဲရုံတန်းရယ်၊ တစ်နိုင်ငံလုံးမှာ အကြီးဆုံး၊ ပစ္စည်းအစုံဆုံးလို့ ပြောတဲ့ ကားပစ္စည်းတွေ ရောင်းတဲ့ ဈေးရယ်၊ တည်းခိုခန်းတွေ ရယ်က ဘုရင့်နောင် နေရာ ကွက်ကွက်ကလေးမှာ ဖင်ချင်းပေါက်နေတာကိုး။
ဒင်းအခန်း ဘယ်သူပဲ တံခါး ခေါက်ခေါက်ပေါ့။ သမီးတွေ မွေးထားပြီးမှ လင်ကို တပြီး ရူးရမယ့် အလုပ်တွေ မလုပ်ချင်တေ့ဘူး။

“သမီးကလေးတွေ မအေနဲ့တူ မှာ ကြောက်လွန်းလို့”
၊ မအေ့လို မဖြစ်အောင် မအေထက် သာတဲ့ အိမ်ထောင်ရှင်မတွေ ဖြစ်အောင် စောင့်ရှောက်ပြုပြင် ရမယ့် ၀တ္တရား ရှိသေးတယ်လေ။ မိန်းမဆိုတာ အချိန်တန်ရင် လင်တစ်ယောက်တော့ ရကြမှာပဲ မဟုတ်လား။ ဒင်းတို့ အဖေလို ပြန်မပြော နားမထောင်တဲ့၊ မိသားစုကို မခင်တွယ်တဲ့ လင်မျိုး သမီးတွေနဲ့ မဆုံစေချင်ဘူး။ ဆင်းရဲတာ ချမ်းသာတာထက် ဒိုးတူ ပေါင်ဖက် လုပ်စားပြီး မိသားစုကို ခင်တွယ်တဲ့ ယောက်ျားမျိုး ရှာနိုင်တဲ့ အသိဥာဏ်တော့ သမီးတွေ ဦးနှောက်ထဲ ၀င်အောင် ထည့်ပေးချင်သေးတယ်။ မအေက လင်ဆိုးမယား တဖားဖား ဘ၀မျိုး ဆိုတော့ သမီးတွေ မအေနဲ့ တူမှာ ကြောက်လွန်းလို့လေ။

ယမင်း
လမ်းလျှောက်ရတာ ခြေတွေကို ညောင်းတောင့် နေပြီ။ ဟိုးဘူတာရုံ မှတ်တိုင် ကနေ လျှောက်ရတာ နည်း လား။ ငါးမှတ်တိုင်လောက် ရှိတယ်။ မိုးကလေး တဖွဲဖွဲနဲ့ ရာသီဥတုက ကိုယ့်ဘက်ပါ တယ်။ ဒီနေ့တော့ Ok မယ် ထင်တာ။ ဖိနပ်က အမြင့်ဆိုတော့ ပိုပင်ပန်းတယ်။ ညောင်းရင် သစ်ပင်ရိပ်တို့ ဓာတ်တိုင် အောက်တို့ ခဏ ၀င်ခိုလိုက်၊ လမ်းပေါ်က ကားမီးရောင် တွေ့ရင် လမ်းပေါ်တက် လျှောက်လိုက်။ ဖိနပ်က မြင့် လို့ ညောင်းလို့ ဖြည်းဖြည်း လျှောက်ရတာကိုကပဲ ပုံစံကျ လှနေသလားတော့ မသိဘူး။

“ဟေး...မီးညှောင် ရေ။ နောင်ရက်မှနော၊ နောင် ရက်မှ”တဲ့။

ဟွန်း သေနာတွေ ညောင်းရ မောရတဲ့အထဲ ခေါ်များ တင်သွားမလား မှတ်တယ်။ ဘာတွေ အရေးကြီး နေတယ် မသိဘူး။ နားလိုက် ကားမီးမြင်ရင် လူလုံးထွက် ပြလိုက်နဲ့ လျှောက်လာလိုက်တာ ဘုရင့်နောင်လမ်းဆုံသာ ရောက်ရော ဘယ်နှယ့်မှ မ ဘယ့်နှယ့်သေးဘူး။ လမ်းဆုံ မရောက်ခင်တော့ ဥု မယ် ထင်တာ။ ဒီရက်ပိုင်း ဘာလို့ ဒီလောက် “ပါး” နေရတယ် မသိဘူး။ ဟော မြင့်ဦးတို့ အုပ်စု လမ်းဆုံ အကျော်မှာ။ အံမယ် သူတို့ အဖွဲ့လည်း လူစုံ တက်စုံပါလား။ သူတို့နဲ့ မဆုံ ချင်ပါဘူးဆိုမှ ကံကလည်း မကောင်း။ မတတ်နိုင်ဘူး။ သူတို့ ဆိုက်ကားပေါ် ခဏ ထိုင်ပြီး အညောင်း ဖြေဦးမှ။ လမ်းဖြတ်ကူးမယ်လုပ်မှ မီး က နီသွားသေးတယ်။ ဒီ ရက်ပိုင်း အလုပ်မဖြစ်ဘူး လေ။ တည်းခိုခန်းတွေကလည်း စစ်ဆေးရေးတွေ ကြမ်းနေတော့ အရင်လို မချောင်တော့ဘူး။ မှောင်တကာ့ မှောင်မှ ၀င်ရဲတော့တာ။ ကြီးသောင်းကိုလည်း ပြီးခဲ့တဲ့ လကတည်းက လစာ မပေးရသေးဘူး။ ရှစ်လွှာ အခန်းမှာ “စုစား၊ ပြားအိပ်” တစ်လ လေးသောင်းကိုပဲ အလျဉ် မမီနိုင်ဘူးလေ။ ပြီးခဲ့တဲ့ လက ရတာလေး အမေ မျက်စိခွဲရမယ် ဆိုတော့ အိမ် ပြန်ပို့လိုက်ရတာ။ မတတ်နိုင်ဘူး။ တောင်းပန်ရတာပဲ။ လူ့ အောက်ကျို့တယ် ဆိုတာ ရိုးနေပြီ။ လူပြက်တွေ ပြောသလို “ရိုးဟိုးဟိုး”ပေါ့။

“ဟ..မယမင်း။ လန်းလှချည်လား။ ကြည့်လည်း လန်းနော်။ စီမံချက် ရှိတယ်”

“အေးလေ။ အဲဒါ ကြောင့် ဟိုးဘူတာရုံ လမ်းကနေ ရှိုးလျှောက်လာတာ။ ဒီကို ရောက်ရော။ ဒီရက်ပိုင်း တအားသေတယ်။ ဒါကြောင့် ဒီနေ့ လန်းထားတာ။ ဘယ်လောက်ပဲ လန်းလန်းပါဟာ။ ညောင်းတာပဲ အဖတ်တင်တယ်”

“အခြေအနေ မကောင်းဘူးနော်။ ညရှစ်နာရီလောက်က ဒီနားမှာ တစ်ဖွဲ့ဖြတ်သွား သေးတယ်။ ဈေးဘက် သွားတာနဲ့ တူတယ်”

“လက်ဖက်ရည်လေး ဘာလေး မတိုက်ချင်ဘူး လား။ နေပါဦး။ နင်တို့ အဖွဲ့ လူစုံ တက်စုံပါလား”

“ဈေးဦးတောင် မပေါက်သေးဘူးဟေ့။ လမ်းဆုံမှာ ဆိုက်ကားတွေ ဒီလောက် များတာ။ အလှည့်ကို မကျနိုင်ဘူး။ နောက်ပြီး ခရီးသည် တွေက လည်လာပြီဟ။ အနီးဆုံးထိ ကားစီးပြီး လမ်းလျှောက်ကြတာ”

“ကဲ...ကဲ...မချော။ ဒီ နားကြာကြာ မနေနဲ့။ တို့ပါ အဆစ် ပါနေဦးမယ်။ လုပ်စားရတာ ကြမ်းရတဲ့ အထဲ။ မထူး ပါဘူးဟာ။ ငါလိုက်ပို့ပေးပါ့ မယ်။ ဘယ်သွားမလဲ”

“အင်း..ကိုကျော်ကြီး တို့ဆီ သွားမလားလို့။ ဖုန်း အရင်ဆက်ကြည့်မှနဲ့ တူတယ်”

“ကြည့်လည်း လုပ်ဦး”

“မတတ်နိုင်ဘူးဟာ။ လမ်းလျှောက်လို့ အဆင် မပြေတော့ တံခါးပဲ ခေါက်ရတော့ မှာပဲ။ အင်း..အလုပ်က မကောင်းရတဲ့ ကြားထဲ စီမံချက်ကလာ။ တခြား အလုပ် ပြောင်းရအောင်ကလည်း ငါ က စိတ်ကော ရုပ်ကော “သေ” နေပြီဟ။ ပြီးတော့.. ငါ့လက်တွေကလည်း မဆလာသယ်၊ အုတ်သယ် မလုပ် နိုင်ဘူးတဲ့။ ဟဲဟဲ တံခါးပဲ ခေါက်ချင်တာတဲ့။ ငါလည်း ငါ့လက်ကလေးတွေ သနားတာနဲ့ပဲ”

တံခါးခေါက်သံများ
တံခါးခေါက်သံတွေ တဖြည်းဖြည်း ကျယ်လာလိုက်တာ။
တံခါး ခေါက်သံတွေရဲ့ နောက်မှာ ကြောက်ရွံ့ထိတ် လန့်မှုတွေ ရှိတယ်။ သောက မျက်ရည်တွေ ရှိတယ်။ တစ်ကိုယ်ကောင်း သမားတွေရဲ့ ရယ်သံတွေ ရှိတယ်။ နောက် အချောင်သမား တွေရဲ့ အလွယ် လိုက်မှုတွေ ရှိနေပါတယ်။



အဖြူရောင်၊ရွှေ၊

သူခိုးဖမ်းပွဲ

အဲဒီလို အားလုံးငြိမ်ပြီး ဝေခွဲမရ ဖြစ်နေတုန်း ကျောက်ဖျာဒိုး ရွာသူကြီးက ထပြောလိုက်တယ်။ “မဖြစ်ဘူး ရွာထဲမှာ ဒီလိုလုပ်လို့ မဖြစ်ဘူး”တဲ့။

သူကြီး အသံလည်း ကြားရော အုတ်စက် ပိုင်ရှင်က “သူကြီး ပြောတာ မှန်တယ်။ ဒါရဲနဲ့ ဖြေရှင်းရမယ့် ကိစ္စ ရဲတိုင်မှ ရမယ်” သူကြီးနဲပ အုတ်စက်ပိုင်ရှင် တစ်ယောက်တစ်ခွန်း ပြောနေတာ နားထောင်ပြီး ဦးပဉ္စင်းတင်ထွန်း ငြိမ်ကျသွားတယ်။ ရင်ထဲမှာ ဆိုးဆိုးဆတ်ဆတ် တုန်လွန်းလို့ အပြင်ပန်း ငြိမ်ကျသွားတယ် ဆိုတာ ရုံးခန်းထဲက လူတွေ အားလုံး သိလိုက်ကြတယ်။ ဟုတ်တာပေါ့လေ။ ကိုရင်လေး ဘ၀ကတည်းက စာဖတ်၊ စာတတ်ခဲ့လို့ ပထမငယ် ပြီးတဲ့အထိ ရွာရဲ့ ချီးမြှောက်ခံ ကိုရင်လေး ဘ၀၊ နောက် ဦးပဉ္စင်းငယ် ဘ၀၊ အဲဒီလို ငယ်ဖြူဘ၀နဲ့ ငြိမ်းချမ်းနေတုန်း ဗြုန်းဆို လူထွက် ချင်လှချည်ရဲ့ တငိုငို တရယ်ရယ် ဘယ်လိုမှ တားမရတော့ ခမည်းတော်နဲ့ မယ်တော်က မျက်ရည် စက်လက်နဲ့ လူထွက် ခွင့်ပြု လိုက်ရတာကိုး။

သား ဘုန်းကြီး “ကျောင်းထိုင် ဖြစ်လာရင်”ဆို တဲ့ အတွေးနဲ့ ဆောက်နေတဲ့ ရွာဦးကျောင်းက နှစ်ထပ် ကျောင်းဆောင်ကြီးကလည်း လူတစ်ဖက်လောက် ရှိတဲ့ ကျွန်းလုံးတွေ၊ ကနုတ်ရုပ်ကြွ တွေနဲ့ ဥပုသ်နှစ်ရက်လောက် ရွာသားတွေ “အားကူ”လိုက် ရင် ပြီးတော့မှာလေ။ အခုတော့ အင်မတန် ရိုးသားတဲ့၊ အေးချမ်းတဲ့၊ ကျောက်တုံး ကျောက်ဖျာတွေ ပေါတဲ့ စပါးစိုက်၊ ပန်းစိုက် မိရိုးဖလာ တောင်သူယာလုပ် တွေရဲ့ ကျောက်ဖျာဒိုး ဆိုတဲ့ ရွာကလေးမှာ အိမ်ထောင်စု ဇယားတစ်ခု ထပ်တိုးလို့ အဲဒီ အိမ်ထောင်စု ဇယားမှာ ဦးပဉ္စင်းတင်ထွန်းက အိမ်ထောင်ဦးစီး နေရာမှာ ခံ့ခံ့ ထည်ထည်နဲ့။ နောက်လိုက် ငယ်သား သုံးယောက်ကို ဦးဆောင်ရင်း လောကဓံကို အရှုံး မပေးဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်လျက်ပါပေါ့။

သားကျောင်းထိုင် ဘုန်းကြီး အဖြစ်ကို ရည်စူး စိတ်ကူးပြီး ကျောင်းဆောင်ကြီး ဆောက်လှူခဲ့တဲ့ ကျောင်းဒကာ ခမည်းတော်ကြီးခမျာ လည်း သားဦးပဉ္စင်း လူထွက် ရဲ့ လောကီရေးရာ မသိတတ်၊ မလိမ္မာမှုတွေ၊ မြေးနှစ်ယောက်ရဲ့ မ၀ံ့မရဲ စိတ်ငယ်ငယ် ခနော်နီ ခနော်နဲ့ ပုံပန်း တွေကို ကြာရှည်သက်ပြင်း ချခွင့် မရခဲ့ရှာဘူး။ အငယ်လေး အခါမလည်ခင် ဆုံးရှာပါရော။

အခုတော့လည်း မိသားစု ၀မ်းစာအတွက် စပါးစိုက်၊ နောက် ရန်ကုန်အထိ တင်ရတဲ့ ဂန္ဓမာပန်း၊ သစ္စာပန်း အခု အသစ်ပေါ်တဲ့ မျိုးဆန်းတွေ ကီလိုတဲ့၊ ဟင်္သာ မျက်လုံးတဲ့၊ ချက်စိမ်းတဲ့၊ ဘိုမတဲ့ လှလိုက်တဲ့ ပန်းတွေ၊ ဆန်းလိုက်တဲ့ နာမည်တွေ။ ပွဲရုံမျိုးချပေး သမျှရော ကိုယ်တိုင်ကောင်း နိုးရာရာရော ပန်းမျိုးစုံ စိုက်တယ်။ ပန်းတွေပေါ်တဲ့ ရာသီဆိုရင် ပွဲရုံက ရန်ကုန် ကားအမီ ပန်းဖြတ်၊ ပန်းစည်း တစ်အိမ်လုံး လက်မလည်အောင် လုပ်နေရတာနဲ့ ရွာဦးကျောင်းက ပန်းအိုးတောင် ပန်းညှိုးတိုင်း မထိုးဖြစ်တော့ဘူး။ ဥပုသ်ရက် ရောက်မှ ပန်းစည်းကလေး ကိုင်ပြီး ကျောင်းတက် ဖြစ်တော့တာကိုး။

နောက် တစ်ရွာလုံး စိုက်ကြတဲ့ ခရမ်းချဉ်မှာတော့ ဦးပဉ္စင်းတင်ထွန်းက ဗိုလ်စွဲ တယ်။ မိုးမှောင်ကြီးကျလာ ပြီးရင် ဖြစ်တတ်တဲ့ “ရိုးမဲ” ဆိုတဲ့ရောဂါ၊ အဲဒီ ရောဂါက ကူးစက်မြန်ဆိုတော့ တစ်ပင်၊ နှစ်ပင်လောက်က စဖြစ်လိုက် တာ တစ်ပတ်အတွင်း ခရမ်း ချဉ်တစ်ခင်းလုံး အပင်စေ့ ကူးကုန်တော့တာ။ ပထမပင် စည်တွေ အခတ်အလက်တွေ မည်း၊ နောက်တော့ အသီး တွေမည်း တစ်ပတ်အတွင်း ပျက်စီးတော့တာပဲ။

ရိုးမဲပြီးရင် ခရမ်းချဉ်ပိုး ကျတာ။ “ရွက်လိပ်ပိုး၊ သီးလုံးဖောက်ပိုး” အဲဒီလိုမျိုး ပိုးတွေကျရင် TV က ကြောငြာတဲ့ ရွှေဆိုက်ပါတို့၊ ကရာတေးတို့ သုံးရတာပဲ။ ဒါပေမယ့် ထူးခြားတာက သုံးတဲ့ဆေး အတူတူကိုပဲ တစ်ရွာလုံး ခရမ်းချဉ်တွေ ပျက်စီးကြတယ်။ ဦးဇင်းတင်ထွန်းက မပျက်စီးဘူး။ ပြောမယ်ဆိုရင် အခြား အခင်းတွေနဲ့ ချောင်းကလေး ခြားတာပဲ ပြောလို့ရမယ်။ ခရမ်းချဉ် အပင် ၂၀၀၀ ကျော်ကို လင်မယားနှစ် ယောက်တည်း အတက်ဖြတ်တဲ့ ရက်မှာ အတက်ဖြတ်၊ မိုးဝေးလို့ ရေလောင်းရမယ့် ရက်ကို ရေလောင်း၊ ပေါင်းလိုက်မယ့် ရက်ကို ပေါင်းလိုက်၊ ရိုးမဲ အတွက် ဆေးဖျန်း၊ ပိုးကျတဲ့ အတွက် ဆေးဖျန်းအားလုံးက နိုင်နိုင်နင်းနင်း လိမ့်ပတ်ကို လည်လို့။ သန်စွမ်းတဲ့ ခရမ်း ချဉ်ပင်ဖြစ်အောင် အလုံးကြီး အသီးလှတဲ့ ရောင်းတန်းဝင် ခရမ်းချဉ်သီးတွေ စံလွန်ထွက်အောင် ပါဏာတိပါတာလည်း ဝေရာမဏိ နိုင်တော့ဘူး။

ပွဲရုံက မျိုးပေး ဆေးပေးပြီး စိုက်ခိုင်းတဲ့ မုန်ညင်းထုပ် တွေ၊ ပန်းဂေါ်ဖီ အဖြူရောင် တွေ၊ ပန်းဂေါ်ဖီ အစိမ်းရောင်တွေ ကိုယ်တိုင်စိုက်တဲ့ ခရမ်းချဉ် ဘာပဲစိုက်စိုက် မလွတ် ကင်းနိုင်တဲ့ ပိုးသတ်ဆေးမျိုး စုံ ငယ်ကတည်းက ရွတ်ဖတ် လာခဲ့တဲ့ ပါဏာတိပါတာ ဆိုတာ မိသားစု ထမင်းလုတ် အောက်မှာ ခေါင်းမထောင် နိုင်တော့ဘူးလေ။

ကိုယ်ယုံကြည်တာကို ကိုယ်လုပ်တာဟာ သစ္စာ တရားလို့ပဲ ဦးပဉ္စင်း လူထွက်က ခံယူတယ်။ သာသနာ့ ဘောင်မှာတုန်းက သာသနာကို ယုံကြည် လေးမြတ်ပြီး ဓမ္မ ဒေသနာတော် မှန်သမျှ အာဂုံ ဆောင်နိုင်အောင် အားထုတ်ခဲ့တယ်။ တစ်ဆင့်ပြန်ပြီး ပညာဝေမယ့် စာချ ကိုယ်တော်ကြီး အဖြစ်ကို ရည်မှန်းပြီး ကြိုးစားခဲ့တယ်။

နောက် ကိုယ်တိုင်က သာသနာ့ ဘောင်မှာ မပျော်ပိုက်။ အိပ်အိပ်၊ စား စား တရားမသိ ကာမဂုဏ်မှာပဲ ပိုက်ကွန်ထဲ ငါးငြိသလို ငြိ ချင်လာမှတော့ စိတ်ဆင်းရဲ မခံနိုင်တော့ဘူး။ ပစ္စုပ္ပန် တည့်တည့် ရှုဖြစ်ခဲ့တာကိုး။ လူ့ဘ၀ ရောက်တော့လည်း မယားကျွေးမှု၊ သားကျွေးမှုသာ အဓိက။ ဦးပဉ္စင်းဘ၀က ခါးဝတ် ပုဆိုးလို မြဲခဲ့တဲ့ ငါးပါးသီလည်း မမြဲနိုင်တော့ ဘူး။ ကုန်တွေ ဈေးတိုးတောင်း၊ ကိုယ်တောင်းတဲ့ ဈေးရနိုင်ဖို့ မပျက်စီးဘဲ ပျက်စီးတယ် ပြောရ၊ မြတ်ရဲ့သားနဲ့ မမြတ်ဘူး ပြောရ။ ညည်း ချင်းမျိုးစုံကို အိုက်တင်ပါပါ ညည်းပြရ၊ အဲသလို ညည်းပြ ရရင် ဦးပဉ္စင်းတင်ထွန်းက မျက်စိ မှိတ်မှိတ်ပြီး ခေါင်းကို လေးလေးပင်ပင် ခါခါပြီးမှ ညည်းတာ။ ပွဲရုံပိုင်ရှင်ကတော့ ဦးပဉ္စင်းလူထွက် ဂုဏ်ပုဒ်ကိုပါ ပေါင်းစပ်ပြီး ရိုး သားလှတဲ့ ပြကွက် အဖြစ်နဲ့ လေးလေးနက်နက် ယုံကြည်တာ။ တကယ်တမ်းတော့ မုသာဝါဒ ပြောရတဲ့ ပါးစပ်ကို ရှက်ပြီး မျက်စိ မှိတ်ထားတာကိုး။ အကြောင်းသင့်ချင်တော့လည်း အဲသလိုပါပဲ။ စားဝတ်နေရေးသာ အဓိကအကျ ဆုံးလို့ ယုံကြည်နေမှတော့ ငါးပါးသီလ မမြဲတာဟာ ဘာမှ မဆန်းတဲ့ သာမည ဖြစ်သွားတော့တာ။

စိုက်ခင်း၊ ပျိုးခင်းတွေနဲ့ အသက်မွေးကြတဲ့ ကျောက်ဖျာဒိုး ရွာကလေးဟာ နေ့ လယ်ပိုင်းမှာ ငြိမ်သက်တိတ် ဆိတ်လို့ ကျီးစောင့်ကြက်နှင် လူအိုတွေကလွဲရင် တစ်အိမ်သားလုံး ယာခင်းထဲ ဆင်းကြရတာကိုး။ ညနေရိုးရီမှ ယာခင်းပြန်တွေရဲ့ အော်သံ၊ ခေါ်သံတွေနဲ့ ဆူညံအသက် ၀င်တာ။ ဒီ့ထက် နည်းနည်း ပိုမျိုးချုပ်ပလားဆိုရင် ရွာလယ် ဗီဒီယိုရုံက သီချင်းသံ တညံညံနဲ့ပေါ့။ ရွာထိပ် လက်ဖက်ရည်ဆိုင်ကတော့ ညပိုင်းနဲ့ မနက်ပိုင်းမှာ တောင်သူတွေ ဆုံစည်းရာ၊ ညှိနှိုင်းရာ၊ ဆွေးနွေးရာ၊ ငြင်းခုံရာ နေရာပေါ့လေ။

အဲဒီလို ငြိမ်သက်အေး ချမ်းတဲ့ ရွာကလေးရဲ့ နံဘေးမှာ နိုင်ငံခြားကတဲ့ မှိုရုံဆိုလား။ အဲဒါကြီးပြီးရင် တောင်သူတွေကို သင်တန်း ပေးဦးမတဲ့။ အဆောက်အအုံ ဆောက်ဖို့ အတွက် မြေနေရာ လာတိုင်း သွားတယ်။ သိပ်မကြာဘူး အဲဒီ အဆောက်အအုံ အတွက် သုံးမယ့် အုတ်တွေကို တာဝန် ယူသွင်းမယ့် အုတ်စက်တစ် စက်ပေါ်လာပါရော။

ရိုးသား အေးချမ်းတဲ့ ရွာသားတွေဟာ အုတ်စက် အလုပ်သမားတွေကို ထူးဆန်း လို့ပေါ့။ ကလေးငိုသံ၊ ဆဲသံ၊ ဆူသံတွေက အုတ်စက်နယ် နိမိတ်ကိုကျော်ပြီး ကျောက် ဖျာဒိုးရွာကလေးထဲအထိ ဝေ စည်လို့။ ရွာထဲက သီးပင်စား ပင်တွေ လိုက်တောင်းတဲ့အသံ၊ ဈေးဆိုင်၊ လက်ဖက်ရည်ဆိုင် တွေမှာ ပိုင်ရှင်က ငွေမရှင်း လို့ စားစရာမရှိတဲ့အကြောင်း ညည်းညူသံ၊ အကြွေးပေးဖို့ တောင်းပန်သံ၊ မူးမူးရူးရူးနဲ့ သီချင်းအော်ဆိုသံတွေက ကျောက်ဖျာဒိုးရွာသားတွေကို အထူးတဆန်း ဖြစ်စေခဲ့တယ်။ ပထမတော့ ထူးဆန်းအံ့သြ ရာက သနား၊ နောက်တော့ ရွံကလည်းရွံ၊ ကြောက်က လည်းကြောက် ဖြစ်လာကြတော့တာ။

အဲဒီနောက်ရက်တွေမှာ တော့ မထူးဆန်းတော့တဲ့ ပြဿနာတွေပေါ့။ လှမ်းထား တဲ့အ၀တ်ပျောက်သွားတာ၊ ကြက်တွေ၊ ဘဲတွေတင်မက ဘူး၊ အိမ်မွေးခွေးပါ ပျောက် ကုန်တာ။ တစ်ရက်တော့ ဦးပဉ္စင်းတင်ထွန်း အခင်းထဲ က ပန်းဂေါ်ဖီပွင့်ကြီးတွေ လူ စောင့်ရှိရဲ့သားနဲ့ ပျောက် ပျောက်သွားတယ်။ အိမ်စားဖို့ ခိုးတာ မဟုတ်ဘူး။ စီးပွား ဖြစ်ခိုးနေတာ။

ဦးပဉ္စင်းတင်ထွန်းက ဘယ်သူ့မှ မပြောဘူး။ ညညကို မအိပ်ဘဲ စောင့်တယ်။ တတိယ ဆန်းစလရောင် ကလေးက မှောင်ကြီးမည်း ကြီးညကို ခပ်မှုန်မှုန်ကလေး လင်းနေစေတယ်။ ခြင်တွေ၊ ပိုးကောင်တွေ တ၀ီဝီ အော်သံ ကြားထဲ ငြိမ်ငြိမ်ကလေး ထိုင်နေတုန်း မည်းမည်းအရိပ် ပေါ်လာတယ်။ စားဝတ်နေရေး အတွက်နဲ့ ငါးပါး သီလကို စကားတောင် အစမခံ မေ့ထားတဲ့ လူရိုးကြီး ဦးပဉ္စင်း တင်ထွန်းရဲ့ ဒေါသက ဒီနေရာမှာ ပေါက်ကွဲတော့ တာပဲ။ သူခိုးက လုံးဝ မလှုပ်နိုင် တော့ဘဲ ခြေရင်းမှာ ပုံပုံ ကလေး လဲကျသွားတော့မှ ဦးပဉ္စင်းအသိပြန်ဝင်လာတယ်။ ဒါပေမယ့် ပြီးသွားပြီလေ။ သူခိုးလက်ထဲက ပန်းဂေါ်ဖီ ပွင့်တွေ ယူပြီး အုတ်စက်ပိုင် ရှင်ဆီသွားတယ်။

အိပ်ရာက အိပ်ချင်မူး တူး နိုးလာတဲ့ ပိုင်ရှင်က သူ့ လူတွေခေါ်စစ်၊ ဟုတ်တယ် ငမိုးပဲ ၀န်ခံကြတော့မှ ငမိုး ကို သွားထမ်းတဲ့လူကထမ်း၊ ကျန်ခဲ့တဲ့ အမျိုးတွေကလည်း ဦးပဉ္စင်းတင်ထွန်းကို ၀ိုင်း တောင်းပန်တဲ့လူက တောင်းပန်၊ ဒါပေမယ့် ဦးပဉ္စင်းတင် ထွန်းက မကျေနပ်နိုင်ဘူးတဲ့။ အဲဒီလိုနဲ့ အခုလို ရုံးရှေ့ ရောက်လာကြတော့တာ။ ငမိုးကတော့ အုတ်စက်ထဲကနေ စောင်ပုခက်နဲ့ ထမ်းပြီးခေါ် လာခဲ့တာ ရုံးရှေ့ကြမ်းပြင်မှာ မလှုပ်နိုင်ဘူး၊ ခွေခွေကလေး။ လူကသာ မလှုပ်နိုင်တာ ပါးစပ်က ညည်းလိုက် ညူလိုက်တာ ရွာဦးကျောင်းက ခိုအုပ်ထက်သာတယ်။

ရွာသူကြီး ရောက်လာတော့ ငမိုးကိုကြည့်ပြီး တော်တော် မျက်နှာပျက်သွားတယ်။ ပြီးမှ...
“ဦးပဉ္စင်း ဦးပဉ္စင်း ဘယ်လို လုပ်လိုက်တာလဲ။ ကျုပ်တို့တော့ အသိ ပေးရောပေါ့ ဦးပဉ္စင်းရာ”

နှုတ်ကျိုးနေတဲ့ သူကြီး ရဲ့လေသံက အပြစ်တင်သံ တင်မကဘူး။ စိတ်ရှုပ်ထွေး သံပါရောပြီး လေးလေးပင် ပင်ကြီး ထွက်လာတယ်။ ဒေါသနဲ့ လက်လွန်ထားတဲ့ လူဖြောင့်စိတ်တို ဦးပဉ္စင်းတင် ထွန်းလည်း တုတ်တုတ်မှ မလှုပ်နိုင်တော့ဘူး။ ဦးပဉ္စင်းတင်ထွန်းရဲ့ အစ်ကို မြို့မှာ ကျောင်းနေခဲ့ဖူးတဲ့ တောသားလူလည် မောင်ဦးကတော့ အရှည်တွေး မိတယ် ထင်ရဲ့၊ ထွန်းရွှေဝါဘူး ငမိုး အစ်မကို လှမ်းပေးရင်း
“ကဲ၊ သူကြီး။ ဖြစ်ပြီးမှတော့ ဘာမှ မတတ်နိုင်ဘူး။ သူလည်း နောင်ကြဉ်ရောပေါ့။ တင်ထွန်း မင်းကလည်း ရဲတိုင် မနေနဲ့။ သူတို့ခမျာ မရှိလို့ ကြံမိတာ ခွင့်လွှတ်လိုက် ပါကွာ”

စဉ်းစားကြည့်တော့ မောင်ဦး စကားက သူ့ဘက်လိုလို၊ ကိုယ့်ဘက်လိုလို။ တကယ်တမ်းက ဒေါသနဲ့ လက်လွန်ပြီးမှ ပြန်အမှု ပတ်မှာကို ကြောက်နေတာ၊ ရဲစခန်းကို မသွားရဲတာ။ မောင်ဦးစကားလည်း ဆုံးရော အုတ်စက်ပိုင်ရှင်က...
“ဟာ ဘယ်ဟုတ်မလဲ။ သူ့အပြစ်နဲ့ သူပဲ။ သူ့ကို ဒီအတိုင်း လွှတ်လို့ ဘယ်ဖြစ် မလဲ။ ရဲစခန်းသာပို့”

“စဉ်းစဉ်းစားစား လုပ် ကြပါဦး။ သူ့ခမျာလည်း မလှုပ်နိုင်တော့ဘူး။ လမ်းစရိတ် ပေးပြီး သူ့ရွာသာပြန် ခိုင်းလိုက်ပါ”

ရွာလူကြီးတွေနဲ့ မောင်ဦး တိုးတိုး တိုင်ပင်ကြပြီးမှ
မောင်ဦးက “ကဲကဲ ရွာ ပြန်ဖို့ လမ်းစရိတ်နဲ့ မုန့်ဖိုး ၂၀၀၀ ပေးလိုက်မယ်၊ ဟုတ်ပြီလား”

“အဲဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ ကျွန်တော့်အလုပ် သမားလေ။ သူ့အပေါ်မှာ ငွေ ၁၀၀၀၀ ကျော် ကျန်သေးတယ်။ ငွေကြောင့် ပြောတာ မဟုတ်ဘူး။ သူ့အပြစ်နဲ့သူ ရဲစခန်းကိုပို့ ဥပဒေ အတိုင်းပဲ ခံပေါ့။ ဒီလိုမလုပ်ရင် နောက်လူတွေ ကျွန်တော်က ဘယ်လို ထိန်းမလဲ။ ငွေကျန်တဲ့ လူတိုင်း ဒီလိုခိုးပြီး၊ ဒီလို အရိုက်ခံပြီး ဒီလိုသာ ရွာပြန် ကုန်ရင် ကျွန်တော့်အုတ်စက် ပျက်မှာပေါ့”

“အိုး ကျုပ်မောင်လည်း ကြည့်ကြပါဦး၊ လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ ကားလည်း စီးနိုင်မှာ မဟုတ်ဘူး။ ဒီအတိုင်း ထားရင် ကိုယ်ကျိုး နည်းရချည်ရဲ့၊ ဆေးရုံသာပို့ ပါ”

“အောင်မယ် ကလေးမ ဒါခိုးမှု၊ ဘာမှတ်လဲ။ ကျုပ်က ကြီးတဲ့ အမှုငယ်အောင် မဟုတ်လည်း ကျုပ်တို့ရွာကို မှီပြီး လာနေကြတာ၊ သူတို့ မလည်း တစ်နေ့လုပ် တစ်နေ့ စားတွေပါ။ ရှားတော့လည်း ကြံမိတာပေါ့။ ဟုတ်ဘူး လား သူကြီး။ ကိုယ့်ရွာမှာ ဖြစ်တဲ့ ပြဿနာ သိုသိုသိပ် သိပ်သာ ရှင်းလိုက်ပါ သူကြီး ရာ”
အပြောကောင်းတဲ့ မောင်ဦးက ငမိုးအစ်မကို ပြောရင်းနဲ့ ရွာသူကြီးကိုပါ တစ်ဆက်တည်း ကျုံးသွင်းလိုက် သေးတာ။ အဲဒီလိုနဲ့ တစ်ယောက်တစ်မျိုး ပြောနေ လိုက်ကြတာ ဆုံးဖြတ်ချက် မချနိုင်ဘူး။ စိတ်မရှည်တဲ့ ရွာ လူကြီးတစ်ယောက်က
“ကဲ ကဲ၊ ဘယ်လိုလုပ် ကြမှာတုံး။ သူ့ကို ဒီအတိုင်း ကြီးထားလို့တော့ မဖြစ်ဘူး။ ရဲစခန်းလည်း မပို့ချင်၊ ရွာလည်း မပြန်ခိုင်းဘူး ဆိုရင်လည်း တို့ရွာက လွတ်အောင် ရွာ့ အပြင်ထုတ်ထား၊ တစ်ခုခုဖြစ် ရင် ရွာနာတယ်”

ငမိုးရဲ့ ညည်းသံပြင်း လာလေ ရုံးထဲက လူတွေ ကြံ ရာမရ ဖြစ်လေပါပဲ။ သူခိုး ငမိုးရဲ့ မိသားစု ကလည်း မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတာလို ငမိုးအော်သံ ထွက်လိုက်တာနဲ့ ဆေးရုံ တင်ချင်သတဲ့။ အဲဒီ နောက်ကွယ်မှာတော့ လျော်ကြေး လိုချင်နေတဲ့ စကားရိပ် စကားငွေ့တွေပေါ့။ အုတ် စက်ပိုင်ရှင်ကလည်း တရား ဥပဒေ ဆိုတဲ့ စကားက နည်း နည်းမှ မလျှော့ဘူး။ မောင်ဦးတို့ ညီအစ်ကို ကလည်း ပြန်အမှုပတ်မှာ ကြောက်တာနဲ့ ရွာပြန်ဖို့ချည်း ထစ်ထစ်ငေါ့ငေါ့ တိုက်တွန်းလို့။ ရှေးရိုးစွဲ ရွာလူကြီးတချို့ ကလည်း ရွာ့အပြင်ကို လှည်းပေါ်တင်ထုတ်ထားဖို့ တကဲ ကဲ။

အစဉ်အဆက် ရိုးသား အေးချမ်းခဲ့တဲ့ ကျောက်ဖျာဒိုး ရွာကလေးရဲ့ လူကြီးတွေ ခေါင်းချင်းဆိုင်ရတဲ့ အဖြစ်၊ ဒီပြဿနာကို ဖြေရှင်းဖို့ တိုင် ပင်လို့၊ ဆွေးနွေးလို့ကို မပြီး နိုင်တော့ဘူး။ တစ်ဖက်က ကြည့်တော့ ကိုယ့်ရွာသား၊ မျိုးရိုးစဉ်ဆက် သြဇာညောင်း ခဲ့တဲ့ ရွာဦးကျောင်းဒကာ သူကြီးဟောင်းရဲ့သား ဦးပဉ္စင်းလူထွက်၊ နောက်တစ် ဖက်က မနေ့တစ်နေ့ကမှ တွေ့ရတဲ့ တစ်နေ့လုပ် တစ်နေ့စား မျက်နှာမွဲ ဒဏ်ရာဒဏ်ချက် အပြည့်နဲ့ တရားခံ၊ အဲ ကျန်တစ်ဖက်က တရားဥပ ဒေကို ဆုပ်ကိုင်ထားတဲ့ အုတ် စက်ပိုင်ရှင်။ ဒီကြားထဲမှာ အစိမ်းသေ သေရင် ရွာနာ တယ်၊ ပြဿနာရှုပ်တယ်ဆို တဲ့အမြင်နဲ့ ရွာပြင်ထုတ်ချင် တဲ့ အဘိုးအိုတွေက တစ်မျိုး။

အော်ဟစ်ညည်းတွား ပြီး မြေပေါ်မှာ လှဲနေတဲ့ လူတစ်ယောက်ကို ရှေ့မှာထား ကသိုင်းရှုရင်း ကိုယ့်ဆန္ဒ ကိုယ်ဆုပ်ကိုင် လျှောက်လဲ နေကြတဲ့ လူတစ်စု၊ ကျောက်ဖျာ ဒိုးရွာရဲ့ ရုံးခန်း ကလေးထဲမှာ ငြင်းခုံ နေလိုက်ကြတာ သန်းခေါင်က မှောင်သထက် မှောင်နေတော့တာပါပဲ။



အဖြူရောင်(ရွှေ)
(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)

မုသား သက်သေခံခြင်း

အသံ နက်ကြီးနဲ့ ကျုံးအော်ပြီး ၀ုန်းခနဲ ထထိုင်လိုက်တဲ့ သူ့ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေရာက လန့်နိုးသွားတယ်။

အိပ်ချင်မူးရီ ဖြစ်နေပေမယ့်...
“ကိုဘမောင်၊ ကိုဘမောင်။ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ”

မျက်စိ နှစ်ဖက်လုံး ခွဲထားတာရယ်၊ ညအိပ်မီး မှောင်ရီဝိုးဝါးရယ်၊ ပီပီပြင်ပြင် မမြင်ရပေမယ့် သူ့ကိုယ်လုံးကြီး တဆတ်ဆတ် တုန်နေတာ သိနေတယ်။ အဲဒါနဲ့ပဲ အသာ ထထိုင်ပြီး သူ့နဖူး စမ်းကြည့်လိုက်တော့ အိုး...ချွေးတွေကို နစ်လို့။ အခုတော့ စောစောက အသံနက်ကြီးနဲ့ ကုန်းအော်လိုက်တာ သူမဟုတ်တဲ့ အတိုင်း တုတ်တုတ် မလှုပ်ဘူး။

“အဖျားမရှိပါဘူး။ ဘယ်လို နေလဲဟင်၊ အိပ်မက်ဆိုးတွေ မက်တယ်နဲ့ တူတယ်။ ချွေးတွေလည်း ရွှဲလို့။ ရေလေး သောက်လိုက်ဦး”

ခုတင်ဘေးမှာ ထားတဲ့ ရေတကောင်းလေးကို လှမ်းစမ်းပြီး ရေခွက်ထဲ ငှဲ့ထည့် ပေးလိုက်တော့ ရင်တုန်သွားတာရယ်၊ မျက်စိက သိပ်ကြည့် မကောင်းတာ ရယ်နဲ့ ရေစက်တချို့ ပေါင်ပေါ် ဖိတ်ကျသွားတယ်။ အရေပြားပေါ်က အေးသွားပေမယ့် ရင်ထဲမှာ ပူလာတယ်။ ဘာဖြစ်တာလဲ။ ဘာ ဖြစ်တာလဲ။

“အင်္ကျီ လဲထားလိုက် ဦး။ ကျွန်မ ယူပေးမယ်”

ခုတင်ကို စမ်းပြီး ဆင်း မယ်ပြင်တော့မှ သူက လှမ်းဆွဲထားတယ်။
“နေပါစေကွာ။ ကိုယ့် ဘာသာ ထလဲလိုက်ပါ့မယ်”

သူ ထသွားတော့မှ ခုတင်ပေါ် သာသာကလေး ပြန်လှဲနေလိုက်တယ်။ အင်္ကျီလဲသံ၊ Toilet ၀င်သံ၊ ရေဆွဲ ချသံ၊ လက်ဆေးနေတဲ့ အသံတွေ ဆက်တိုက် ကြားနေရသလို ခဏတိုင်း ထွက်လာတဲ့ သူ့သက်ပြင်း ချသံကိုလည်း ကြားနေရတယ်။

ကိုဘမောင်၊ သူ့မှာ ပြဿနာ တစ်ခုခုတော့ ရှိနေပြီ။ စောစောက အော်လိုက်တဲ့ နာမည် “မာလာ”တဲ့။ သူ ဘယ်သူလဲ။ ဘယ်ကလဲ။ အသက်တွေ ငါးဆယ်စွန်းပြီး အိမ်ထောင်သက် နှစ်ဆယ့်ငါး နှစ်ကျော်မှ ပထမဦးဆုံးကြား ရတဲ့ မသင်္ကာစရာ နာမည်။ မသင်္ကာတာ မဟုတ်ပါဘူး သေချာမှာပါ။ ဘယ့်နှယ် အိပ်နေရာက ဗြုန်းခနဲ လန့်နိုးပြီး ချွေးစေး ချွေးပေါက်တွေ ကျရလောက်အောင် ဖြစ်နေရ တဲ့နာမည်။ ပြဿနာမှ ပြဿနာ၊ တော်တော်ကြီးတဲ့ ပြဿနာမှန်း ရိပ်မိလိုက်ပြီ။ ဘာလုပ်ရမှန်း၊ ဘာဆုံးဖြတ် ရမှန်း မသိအောင် ဖြစ်နေတဲ့ ဆူဝေ လှုပ်ရှားစိတ်တွေကို ဘယ်လိုငြိမ်အောင် ထိန်းရပါ့။ သြော်...ဒုက္ခ၊ ဒုက္ခ အသက်တွေလည်း ကြီးကြ ပေါ့။

ခဏနေတော့ ကိုဘမောင် ခုတင်ပေါ် ပြန်လာထိုင်တယ်။ ငွေ့ခနဲ တိုးသွားတဲ့ လေရှိန်ကြောင့် သာ သူ့အပြုအမူက ညင်သာ နေတယ်။ ငြိမ်ငြိမ်ကလေး ထိုင်နေတာ၊ တရား မှတ်နေတာ များလား။ သူက တရား မှတ်တယ်ဆိုရင် ကျွန်မက ဒုက္ခပေါ့။ သူက ငြိမ်ဆိတ် လေလေ တဒုန်းဒုန်း တိုးနေတဲ့ ကျွန်မ နှလုံးခုန်သံက ပိုကျယ် လာလေ။ ဘုရား၊ ဘုရား ကျွန်မ နှလုံးခုန်သံ သူကြားသွားမှဖြင့်။ အသက် မရှူဝံ့လို့ မျှဉ်းပြီး ရှူနေရတယ်။ သူ ဒီလိုဖြစ်နေတာ ကျွန်မ မသိဘူး။ အလေးမထားဘူး ဆိုတာပြရအောင် အိပ်ချင်ဟန် ဆောင်နေမိတယ်။ ရှက်စရာကြီး၊ သူသိလို့ မဖြစ်ဘူး။ ကျွန်မ ဘာမှမသိဘူး Ok, သူကတော့ ငြိမ်လို့၊ ကျွန်မ ကတော့ ခန္ဓာကိုယ် အသက်ဓာတ် အတွက် အရေးအကြီး ဆုံး လေရှူတာတောင် ခိုး ကြောင်ခိုးဝှက် ရှူနေရပါ လား။ အဲဒီအသိ ၀င်လာတော့ ဆတ်ခနဲ ထထိုင်လိုက်မိတယ်။

“ဟင်... အိပ်မပျော် ဘူးလား။ ဖြည်းဖြည်းထပါ မိန်းမရယ်၊ မျက်စိ ခွဲထားတဲ့ သူက ဖျတ်လတ်ပေါ့ပါး လိုက်တာမှ”

“ကဲ၊ ကိုဘမောင် ရှင့် မှာ ပြဿနာတစ်ခုခုတော့ ရှိနေပြီ”

“အိပ်မက် ယောင်တာပါ မိန်းမရာ။ မင်းကလည်း တွေးလိုက်ရင် တစ်ဆုံးပဲ”

“ဟင်၊ ရှင့်အိပ်မက် ကလည်း အံ့သြစရာ။ ယောင်စရာတွေ အများကြီးထဲက မိန်းမနာမည်မှ ယောင်ရ လား။ ထူးပါပေ့ရှင်”

“ဟ... အိပ်မက်ပါ ဆို မှကွာ။ အဲလိုများ အမိန့်ပေးလို့ ရရင် မင်းနဲ့ငါ ငယ်ဘ၀ လေးတွေချည်း ပြန်မက်ဖို့ အမိန့်ပေးထားလိုက်မယ် ဟား...ဟား...ဟား။

“အိပ်တော့၊ အိပ်တော့။ နေဦး၊ နေဦး ကိုယ်လုပ်ပေး မယ်” လည်ပင်းနောက်လက် လျှိုပြီး မွေ့ရာပေါ် လှဲသိပ်ပေး နေတဲ့ သူ့ကို မော့ကြည့်ရင်း အတိတ်တွေ ခေါင်းထဲ ၀င်လာတယ်။
“ဖြည်းဖြည်း၊ ဖြည်း ဖြည်း။ Ok. မျက်စိခွဲထားတာ တစ်လလောက်ရှိသေးတာ စိတ်လိုက်မာန်ပါ မထပါနဲ့ကွာ”

၂။
ပြီးခဲ့တဲ့ ၂၀၁၀ ဖေ ဖော်ဝါရီမှာ ကျွန်မတို့ အိမ်ထောင်သက် ၂၅ နှစ်ပြည့် တယ်။ အခု ၂၀၁၀ အောက် တိုဘာဆိုတော့ ၂၅ နှစ်နဲ့ ၈ လပေါ့။ ကျွန်မတို့ အိမ်ထောင် ရေးမှာ ကျွန်မက ပါရမီဖြည့် ရုံသက်သက် အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာလို့ ဆုံးမခဲ့တဲ့ အဘိုးအဘွားတွေနဲ့ ကြီး ပြင်းခဲ့သူ ဆိုတော့ အိမ်မှုကိစ္စ လုပ်ရတာ ကျွန်မ စိတ်အ၀င်စားဆုံး ဘာသာရပ်ပေါ့။
အဲဒီလိုနဲ့ သူနဲ့သား နှစ်ယောက်ကို သားကိုသခင်၊ လင်ကို ဘုရားဆိုတဲ့ စကား လေးအတိုင်း ပြုစုစောင့် ရှောက်လာခဲ့တာ အပြင် လောကနဲ့ ဝေးမှန်းမသိ ဝေးလာခဲ့ တော့တာပဲ။ ကျွန်မကိုယ်၌က အပြင်ထွက်ဖို့ စိတ်မ၀င်စားတဲ့သူ ဆိုတော့ ဈေးသွားတာ၊ ဘုရားသွားတာလောက်ပဲ တကူးတက ထွက်ဖြစ်တော့ တာ။ ကျွန်မရဲ့အိမ်မှာ ကျွန်မ လက်ရာ တက်တင်း အနား သတ်ထားတဲ့ ခန်းဆီးလေး တွေ တလွင့်လွင့် ၀ဲနေမယ်၊ နှင်းဆီပန်းရောင်စုံ ထိုးထားတဲ့ ပန်းအိုးတွေ ဘုရားစင်တင် မကဘူး စားပွဲတိုင်းမှာ ရှိနေမယ်၊ ပါကေး ကြမ်းပြင်တွေက နင်းရက်စရာ မရှိအောင် တောက်ပြောင်နေမယ်၊ အိမ်ဝိုင်းထဲမှာ နှင်းဆီပင်၊ သစ်ခွ ပင်၊ ဂမုန်းပင်တွေတင်မကဘူး မီးဖိုချောင်သုံး သီးနှံတွေက ခြံပြည့် ၀င်းပြည့်။

အချိန်ရတာနဲ့ သစ်ခွပင်တွေကြား၊ နှင်းဆီပင်တွေ ကြား ပေါင်းနုတ်မယ်၊ ဆေးဖျန်းမယ်။ ကျွန်မမှာ နားချိန် မရှိဘူး။ အချိန်ကလေး ရတာနဲ့ ခြံထဲ ဆင်းတော့တာပဲ။ စာဖတ်တာ၊ တီဗွီကြည့်တာ မလုပ်ဖြစ်သလောက်။ ကိုဘမောင် သတင်း နားထောင်ချိန်လောက်သာ သစ်သီးလေးတွေ ခွဲ၊ စိတ်၊ နွှာ၊ သင် ကျွေးရင်း စကားပြော ရင်း တီဗွီရှေ့ ခဏ ထိုင်ဖြစ် တာလေ။
တစ်သက်လုံး စိတ်ချမ်း သာချင်ရင် သစ်ပင်စိုက်ဆိုတဲ့ စကားလိုပဲ သစ်ပင်တွေ ပျိုးထောင်တယ်။ မိသားစုကို ပျိုးထောင်တယ်။ အခုအချိန် မှာ ပြန်တွေးကြည့်တော့ အိမ် တွင်းမှာ မေတ္တာခြုံလို့နွေးခဲ့ သမျှ အိမ်ပြင်ထိ မေတ္တာစက် မဖြန့်နိုင်တော့ဘူးလား။
မာလာ။

သူ ဘယ်သူလဲ။ ကျွန်မ စိတ်ထင်တာမဟုတ်ဘူး။ ဟို တစ်ညက စပြီး ကိုဘမောင် အချိုးတွေ ပြောင်းလာတာပဲ။ သိသိသာသာ ငိုင်တွေပြီး စိုက်စိုက်ကြီး ကြည့်နေရင် ဘာကိုမှ မမြင်ရတော့တဲ့ အတိုင်း။ ကျွန်မလည်း သာသာကလေး ကိုယ်ရှိန် သတ်ပြီး အကဲခတ် နေရတယ်။ ညညဆိုရင်လည်း မအိပ်ဘူး။ သူ့ကို အကဲခတ်ရင်း ကျွန်မကပဲ အိပ်ပျော် သွားတာ။ ကျွန်မ တစ်ရေးနိုး တိုင်း သက်ပြင်းတချချနဲ့ နိုးနေတတ်တာ။ နောက်တစ်ခု ထူးတာက အိမ်ကပ်နေတာ။ အရင်လို Golf ရိုက်လည်း မသွားဘူး။ ဆိုင်လည်း မထိုင်ဘူး။ ပွဲရုံလည်း ပုံမှန်မသွား ဘူး။ မန်နေဂျာနဲ့ လွှဲထား တယ်နဲ့တူပါရဲ့။ ဖုန်းနဲ့ ပြော သံဆိုသံတွေ ကြားနေပေမယ့် ဘယ်တုန်းကမှ ၀င်မစွက်ဖက် ခဲ့တော့ အခုမှ ထမေးမနေ ချင်ဘူး။ သူ ဘာဖြစ်နေမှန်း မသိရပေမယ့် ကျွန်မရင်ထဲမှာ ရွာတော့မယ့် မိုးလို အုံ့မှိုင်း နေတယ်။ ဘာမှန်း မသိရ တာက တစ်မျိုး၊ အိမ်ရှေ့ပူ တော့ အိမ်နောက် မချမ်းသာ ဖြစ်ရတာက တစ်မျိုး ရူးချင် တာပဲ။ ကျန်တဲ့အချိန်တွေမှာ အိမ်မှုကိစ္စလိုလို၊ သစ်ပင်တွေ လိုလို ရှောင်လွှဲလို့ရပေမယ့် သတင်းနားထောင်တဲ့ အချိန် ဆိုရင် ရှောင်လွှဲလို့ မရတော့ဘူး။ နှစ် ၂၀ ကျော်ပြုခဲ့တဲ့ ဓလေ့ဆိုတော့ အခုမှ ကောက် ကာငင်ကာ ရှောင်ထွက်နေရင် သူသိသွားတော့မယ်။ နဂါးမောက်သီးစိတ်ကလေး တွေ ထည့်ထားတဲ့ ပန်းကန် ကိုင်ပြီး ငိုင်နေရင်း ဘာပြော ရမှန်းမသိဘူး။

အရင်ကတော့ ဒီအချိန်က ကျွန်မတို့ လင်မယားရဲ့ ကိုယ်ပိုင်အချိန်၊ သူပြောချင်တာ ကျွန်မပြော ချင်တာ ဖလှယ်ကြတဲ့အချိန်၊ သားတွေ အကြောင်း ဆွေးနွေးတဲ့ အချိန်၊ သူကြားလာတဲ့ မိတ်ဆွေတွေရဲ့ သတင်း ပြန် ပြောပြတဲ့အချိန်၊ သာရေး၊ နာ ရေး တိုင်ပင်တဲ့ အချိန်၊ သတင်း နားထောင်လိုက်၊ အသီးအနှံ အထူးသဖြင့်တော့ ကျန်းမာရေးအတွက် ကောင်း တယ်ဆိုတဲ့ နဂါးမောက်သီး စားလိုက်၊ စကားလေး ရောက်တတ်ရာရာ ပြောလိုက်ပေါ့။ သတင်းပြီးမှ သူက သူ့လုပ် ငန်း စာရင်း ဇယားတွေနဲ့ အလုပ်ရှုပ်၊ ကျွန်မကလည်း ပန်းပင်တွေဆီ တစ်ကျော့ပြန်၊ ဟောနှစ်နှစ်ဆယ်ကျော် ကျင့်သုံးခဲ့တဲ့ အဲဒီ အစီအစဉ် ကမောက်ကမ ဖြစ်ကုန်ပြီ။

နှစ်ဆယ့်ငါးနှစ်ကျော် ပေါင်းလာခဲ့တဲ့ ယောက်ျား၊ သူ့အကြောင်း ကျွန်မ ကောင်းကောင်းသိခဲ့ပါတယ်။ သားနှစ်ယောက်နဲ့ မိန်းမကို ကမ္ဘာထင်ပြီး အလုပ်ကိုပဲ ကြိုးစားပမ်းစား လုပ်တတ်တဲ့ သူ။ သံသယ မြူတစ်မှုန် မထင်ရက်နိုင်အောင် သစ္စာ ရှိခဲ့တဲ့သူ။

အခု သူ့အကြောင်းမသိ တော့ဘူး။ ဒါပေမဲ့ သားနှစ်ယောက် မျက်နှာ။ ငွေရတု ကျော်နေတဲ့ အိမ်ထောင်သက်ရဲ့ မျက်နှာ၊ ထားခဲ့ဖူးတဲ့ သစ္စာ တရား။ ဒါတွေကို ထောက်ထား ငဲ့ညှာတဲ့ အနေနဲ့ ပြဿနာ အစကို ကျွန်မလက်နဲ့ ဆွဲမ ထုတ်ဖို့ ဆုံးဖြတ် ထားခဲ့တယ်။ သူ ဖွင့်ဟ ၀န်ခံလာမယ့် အချိန်ကို ရင်တ ထိတ်ထိတ်နဲ့ စောင့်ရုံပေါ့။

၃။
ဆိုင်းမဆင့် ဗုံမဆင့်လို့ ပြောရတော့မှာပဲ။ မြစ်ကြီးနားက လမ်းအထူး အဖွဲ့မှာ တာဝန်ကျနေတဲ့ သားကြီး ရုတ်တရက် အိမ်ပြန် ရောက်လာတော့ ခွဲနေရတဲ့ သားကို တွေ့ရလို့ ၀မ်းသာတာထက် အံ့သြတာက ပိုတယ်။ အခုတစ် လော ဘာတွေ ဖြစ်နေပါလိမ့် လို့ တွေးနေတုန်း...

“မေမေ၊ ဖေဖေကော”

“မင်းအဖေ ပွဲရုံသွားတယ်။ ကိုလှအောင် ဖုန်း ဆက်လို့လေ”

“ဟုတ်လို့လား မေမေ။ သားကို မညာနဲ့”

“ဟောတော်၊ လာပြန်ပြီ တစ်ယောက်၊ ဖအေတစ်မျိုး၊ သားကတစ်မျိုး၊ မေမေတော့ ရူးချင်ပြီ”

“ဖေဖေ ဘာဖြစ်နေလဲ။ သားကို ပွင့်ပွင့်လင်းလင်း ပြောပါ။ အခုလည်း ချက်ချင်း ပြန်ခဲ့လို့ ဦးလှအောင်က ဖုန်းဆက်လို့ ပြန်လာတာ”

“ဟင်၊ မေမေလည်း မသိရပါလား”

“ဦးလှအောင်က သားကြီး မင်းအမြန် ပြန်လာမှ ဖြစ်မှာ၊ ဘာမှ မမေးနဲ့ အားလုံး နေကောင်းတယ်။ ညီလေး ကိုလည်း ခေါ်ထားပြီးပြီဆိုလို့”

“ဘုရားရေ၊ ဘုရား... ဘုရား။ ဒုက္ခတော့ ရောက်နေပြီနဲ့ တူပါရဲ့။ ကိုဘမောင် ဘာတွေ လျှောက်လုပ်နေသလဲ။ သားကြီးကိုခေါ်တာ ထားပါတော့ မြန်မာပြည်ထဲတင်”

“ဟာ မေမေကလည်း မြန်မာပြည်ထဲ ဆိုပေမယ့် သားက စက်ကြီး အဖွဲ့နဲ့ တောထဲမှာ နေရတာ၊ စက်ကြီးတွေ ရော ဆီရော တွဲကိုင်နေရတာ။ဦးလှအောင် ဖုန်းကို ရုံးက စက်နဲ့ပေါက်ပေးလို့ ဘာမသိ ညာမသိ ပြေးလာရတာ။ ဟို မှာ သူများနဲ့လွှဲခဲ့ရတာ မေမေရ၊ ပြဿနာဖြစ်ရင် သား ခေါင်းပေါ်ပဲ ကျမှာ။ ကဲပါ မေမေရယ်၊ အဲဒါက အရေး မကြီးဘူး။ ဖေဖေ ဘာဖြစ် လဲပဲ ပြောပါဦး”

“သူ မူပျက်နေတာ တော့ အမှန်ပဲ။ ဒါပေမဲ့ ဘာမှန်း မေမေလည်း မသိဘူး”

“မိန်းမကိစ္စလား”

ကိုဘမောင်အကြောင်း ဖွင့်မပြောသင့်တဲ့ အထဲမှာ သားတို့က အဓိကပေါ့။ ဖအေကို အကြည်ညိုမဲ့စေ မယ့် စကားမျိုး ကျွန်မ ပြော မထွက်ဘူး။
“မဟုတ်နိုင်ပါဘူး သား ရယ်။ သူ့ဘာသာသူ ကျောင်းတက်နေတဲ့ ကလေးကိုပါ ပြန်ခေါ်တယ်ဆိုတော့”

“ဦးလှအောင်က သားကို အလုပ်က အပြီးထွက်စာ တင်ခိုင်းတာ မေမေရဲ့။ စက် ထဲမှာပြောတာ နားမရှင်းလို့ မြစ်ကြီးနားရောက်မှ ဦးလှ အောင်ကို ဖုန်းဆက်လိုက်တာ။ မေမေ့ဆီ ဖုန်းဆက် မနေနဲ့ တွေ့ရတော့မှာပဲကွာ ဆိုတော့ သားက မေမေ တစ်ခုခုဖြစ်ပြီလို့ ထင်တာ။ ဟေ့ကောင် တောင်တွေး၊ မြောက်တွေး တွေးမနေနဲ့၊ မင်းအဖေရော၊ မင်းအမေ ရော ဘာမှမဖြစ်ဘူးတဲ့။ မင်း အဖေက ပြောခိုင်းတာတဲ့။ လေယာဉ်ချိန်လည်း နီးနေတာနဲ့ ဖေဖေနဲ့ မေမေ့ဆီ ဖုန်း မဆက်တော့တာ”

“အေးပါ သားရယ်။ သား ဖေဖေ ပြန်လာရင် ရှင်း သွားမှာပါ။ အခု ခဏ နား လိုက်ဦး”

တစ်သက်လုံး အိမ်တွင်းမှုလုပ် သိမ်းထုပ်သေ ချာဆိုတဲ့ စကားကို လက်ကိုင် ထားခဲ့တဲ့ ကျွန်မ အခု ပထမ ဦးဆုံးအကြိမ်အဖြစ် ကိုယ့် ကိုယ်ကိုယ် အမြင်ကတ်သွား မိတယ်။ နိုင်ငံတကာက မိန်းမတွေ အာကာသထဲသွား ဖို့ ကြိုးစားတဲ့ကိစ္စတွေက ကျွန်မအတွက် မိသားစုနဲ့ ပန်းပင်တွေလောက် အရေး မကြီးခဲ့မိဘူး။ ကဲ...အခု ဘာဆက်လုပ်မလဲ။ အညာနဲ့ ချိတ်ဆက်ပြီး ပဲမျိုးစုံရောင်းတဲ့ ပွဲရုံကို ကိစ္စရှိမှ သွားတာ။ ဘုရင့်နောင်ရဲ့ ကားနံ့၊ လူနံ့၊ အမှုန်အမွှားတွေ ပြည့်နေတဲ့ လေနံ့၊ ဒါတွေ မခံနိုင်လို့လေ။ ပင်စည်က အစို့လေးထွက် လာ၊ တဖြည်းဖြည်း ရှည်ထွက် လာရာက ပန်းငုံကလေး။ အရိပ်တကြည့်ကြည့်နဲ့ ကြည့် မ၀ ရှုမ၀ခင်မှာဘဲ ပန်းပွင့် လေး ဖြစ်သွား၊ တောက်ပတဲ့ အရောင်မျိုးစုံ၊ ဒါတွေနဲ့ အချိန် ကုန်နေခဲ့တာ။

အခု ကျွန်မ ဘာလုပ် ရမှန်း မသိတော့ဘူး။ ခု သားကြီးပြောပုံ အရဆိုရင် သားငယ်လေးပါ ပြန်လာ တော့မယ်။ ကျွန်မ ဘာလုပ် ရမလဲ။ ငြိမ်းချမ်း အေးမြတဲ့ ကျွန်မတို့ မိသားစုလေး ပျက်စီးရတော့မှာလား။ ပြိုကွဲ ရတော့မှာလား။ မာလာ၊ မာလာ၊ သူ ဘယ်သူလဲ။ ကျွန်မကကော ဒီလိုပဲ ငြိမ်ခံ နေတော့မလား။ သားတွေအတွက်၊ ဟုတ် တယ်။ ကျွန်မသားတွေ အတွက် ကျွန်မ တစ်ခုခုတော့ လှုပ်ရှားသင့်ပြီ။

“မောင်ကျော်ရေ၊ မောင် ကျော် ကားအဆင်သင့်ထုတ် ထား၊ ၁၀ မိနစ်နေရင် အန်တီ ထွက်ခဲ့မယ်”

ကျွန်မ လှုပ်ရှားမှ ဖြစ်တော့မယ်။ အင်္ကျီ၊ ထဘီ ကမန်းကတန်း လဲပြီး ဘုရင့် နောင်ပွဲရုံကို ထွက်လာခဲ့ တယ်။ ဘုရင့်နောင်ကတော့ ထုံးစံအတိုင်း ကားတွေ ကျပ်နေတာပါပဲ။ ကြက်သွန်နံ့၊ ငရုတ်သီးနံ့၊ ငါးခြောက်နံ့တွေ လှိုင်နေတဲ့ ပွဲရုံဝင်းထဲ ၀င်လာ ပြီး ပွဲရုံရှေ့မှာ ကားရပ်လိုက် တာနဲ့ ဦးလှအောင် ပြေးထွက် လာတယ်။

“လာ အစ်မ လာ”

“ကိုဘမောင်ကော”

“ဆရာ မရှိဘူး အစ်မ။ ဘဏ်သွားတယ်။ ကျွန်တော် ဘာလုပ်ပေးရမလဲ”

“ရတယ်။ ရတယ်။ ထိုင်စောင့်လိုက်မယ်”

ပြောပြောဆိုဆို ကိုဘ မောင်ရဲ့ အခန်းထဲ ၀င်ထိုင် လိုက်တယ်။ မှန်အလုံပိတ်ပြီး Ari Con လွှတ်ထားတဲ့အခန်း က အပြင်ထက်တော့ နေသာ ထိုင်သာ ရှိတာအမှန်ပဲ။ အရင်တုန်းက စာရွက် စာတမ်းတွေနဲ့ ရှုပ်ပွနေတဲ့ စားပွဲပေါ်မှာ စာအုပ်တွေကို စီစီရီရီ ထပ်ထားတယ်။ စားပွဲ အလယ်မှာ စာချုပ်တစ်စောင်၊ ဘာရယ်မဟုတ် ဆွဲယူကြည့် လိုက်တော့ “ပွဲရုံအရောင်း အ၀ယ်စာချုပ်”တဲ့။ ရောင်းတဲ့ သူက ဦးဘမောင်။

ဘုရားရေ၊ ဒါတော့ တစ်ဆိတ် လွန်လွန်းနေပြီ။ သားတွေ ပြန်ခေါ်ရုံတင် မကဘူး။ ပွဲရုံပါ ရောင်းဖို့ စီစဉ်နေတာ။ ဒီလိုဖြစ်တဲ့ပြဿနာကို မိန်းမကို တစ်ချက် မတိုင်ပင်ဘူး။ ဘယ်တုန်းကမှ မမှားခဲ့ တဲ့သူက မှားမယ့် မှားတော့ ကမ်းကုန်ပါပဲလား။

“အစ်မ၊ ဆရာက လေယာဉ်ကွင်း တန်းသွားမှာတဲ့။ သားငယ်လေးကို ကြိုပြီး အိမ် တန်းပြန်ခဲ့မယ်၊ အစ်မ အိမ်က ပဲ ပြန်စောင့်ပါတဲ့”

“နေစမ်းပါဦး ကိုလှ အောင်၊ ရှင့်ဆရာ ဘာဖြစ်နေတာလဲ”

“ကျွန်တော်လည်း မသိဘူး အစ်မ။ ဆရာက ပြောတယ်။ အချိန် မရှိတော့ဘူး၊ တို့မိသားစု စုစုစည်းစည်း နေရတော့မယ်တဲ့။ သားတွေ ပြန်ခေါ်ရမယ်။ ငွေလည်း ရှာစရာ မလိုတော့ဘူး။ မိသားစု အတူတူ နေရဖို့ပဲ အရေးကြီးတယ်တဲ့”

“ဘာတွေလဲ။ သူ့မှာ ရောဂါရှိလို့လား။ မဖြစ်နိုင် ဘူး။ အမြဲတမ်း Medicial Check-up လုပ်နေကျ။ အားလုံး ရှင်းနေတာ။ နေစမ်းပါဦး၊ မာလာဆိုတာ ဘယ်သူလဲ။ ရှင်သိတယ် မဟုတ်လား”

“ဟာ...မာလာလား၊ မာယာလားတော့ မသိဘူး။ ဆရာ ခဏ ခဏတော့ ရွတ်နေတာပဲ”

“အဲဒါများကွာ။ ငါ့ကို ဘာလို့ မပြောတာလဲ”

“မဟုတ်ဘူး အစ်မ။ အဲဒီ နာမည်ရွတ်ပြီးကတည်း က ဆရာ ငြိမ်နေတာ ဘယ်မှလည်း မသွားတော့ဘူး။ ကျွန်တော့်ကိုပဲ လွှတ်တာ”

“အဲဒီဟာမက အကျပ် ကိုင်လို့နေမှာ။ ဘယ်မှာငြိ လာသလဲ မသိဘူး။ Golf ကွင်းလား၊ စားသောက်ဆိုင် လား။ တစ်ခုခုပဲ။ အေးကွာ အေးအေး အိမ်ကပဲ ပြန်စောင့် တော့မယ်”

အိမ်ပြန်ရောက်တော့ သားကြီးနဲ့လည်း စကား မပြောမိဘူး။ သားအမိနှစ် ယောက် ဧည့်ခန်းမှာ ထိုင်ပြီး သားငယ်လေးနဲ့ သူ့အဖေကို စောင့်နေမိတယ်။ ခြံထဲ ကားဝင်လာသံကြားတယ်။ ကားတံခါးပိတ်သံ၊ အိမ်ထဲ ၀င်လာသံ။ ကျွန်မထိုင်ရာ မထမိဘူး။

“မေမေ”
ကျွန်မရှေ့မှာ ရပ်လာတဲ့ သားငယ်လေးကို ကြည့်ပြီး တင်းထားသမျှ စိတ်ကို လျှော့ချလိုက်တော့ မျက်ရည် တွေ တားမနိုင်ဆီးမရ ကျလာတယ်။

“အားလုံးစိတ်ထဲမှာ သို့ လော...သို့လော ဖြစ်နေ မယ်ဆိုတာ ဖေဖေ သိပါတယ်။ ဒီညတော့ ဖေဖေ့ကို ခွင့်ပြုပါ နှစ်လနီးပါး ခံစား ခဲ့ရတာတွေ၊ အိပ်ရေး ပျက်ခဲ့တာတွေ၊ အခုပဲ ကားထဲမှာ အိပ်ဆေး သောက်ထားတယ်။ မနက်မှ ဖေဖေတို့မိသားစု စကားပြောကြတာပေါ့၊ ဂွတ် နိုက်နော်”

အစောင့်ကြီး စောင့်လာ ခဲ့ပြီးမှ တစ်ညဆိုတော့ မကြာ တော့ပါဘူး။ သားအမိ ၃ ယောက်၊ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေမိတယ်။ ခဏနေတော့ သားကြီးက သားငယ်ကို ပခုံးဖက်ပြီး ခေါ်သွားတယ်။ ညက မှောင်လာတော့ မယ်လေ။

၎။
ခြေထောက်ကို အတင်း ဆွဲပြီး လှုပ်နှိုးတာနဲ့ အလန့် တကြားပဲ ထထိုင်မိတယ်။ ရယ်ချင်ပက်ကျိမျက်နှာနဲ့ သားနှစ်ယောက်။ သားငယ် လေးက နှုတ်ခမ်းပေါ် လက် ညှိုးလေး ကန့်လန့်ဖြတ် ထောင်ပြီး သူ့အဖေကို လက် ညိုးထိုးပြတယ်။ သူ့အဖေက အိပ်ဆေးအရှိန်နဲ့ တဟော ဟော ဟောက်သံပေးပြီး အိပ် နေလိုက်တာ။ အတင်းပဲ လက်ဆွဲပြီး ဧည့်ခန်းထဲ ခေါ် လာတယ်။ ဧည့်ခန်းထဲမှာ လည်း ထိုင်မိရော...
“မေမေ၊ မာယာကို သိ လား”

“အမလေးတော်၊ သားတို့ သိနေပြီပေါ့”

“သားက မြစ်ကြီးနားမှာ ကတည်းက ဦးလှအောင်ကို မေးပြီးသား၊ ဦး မပြောရင် ကျွန်တော် ပြန်မလာဘူး တင်းလိုက်တော့မှ ပြောတာ။ မေမေ စိတ်ဆင်းရဲမှာ စိုးလို့ မပြောတာလေ။ မနေ့ညက အထိ သေသေချာချာ မသိ သေးပါဘူး။ ညီလေး ပြန်လာ တော့မှ အကုန်ပြောပြပြီး တိုင် ပင်လိုက်တော့ အဖြေထွက်တာ။ လာ လာ မေမေ့ကို ပြ မယ်”

“ဘာလဲ ဘာလဲ”

“မေမေ့ကို မာယာ ပြမလို့လေ”

သားနှစ်ယောက်က တဟားဟား ရယ်ရင်း ကျွန်မ လက်ကို တစ်ယောက် တစ်ဖက်တွဲပြီး သူ့အဖေ စာကြည့် ခန်းထဲ ဆွဲခေါ်သွားတယ်။

“ညီလေး...မင်း လုပ် ပြလိုက်”

“သားတို့ မနေ့ညက စဉ်းစားကြတာလေ။ ဘာပဲ ဖြစ်ဖြစ် ဖေဖေ့လက်ပ်တော့ ထဲမှာ ရှိမှာပဲဆိုပြီး ကွန်ပျူတာကို မွှေလိုက်တာ တွေ့ပါ လေရော၊ ဒီမှာ မေမေရေ... ဒီမှာ”

သားငယ်လေးပြတဲ့ ခေါင်းစီးကို ကြည့်လိုက် တော့...
“ကမ္ဘာပျက်ခြင်း”

နောက်တစ်ခုက...
“၂၀၁၂ သည် ကမ္ဘာ၏ နောက်ဆုံးနှစ်ပေလော”

နောက်တစ်ခါ...
“သိပ္ပံပညာရှင်များက ဟောကိန်း ထုတ်လိုက်ပြီ”

မြားကလေးကို ထပ် ရွှေ့လိုက်တော့...
“မာယာလူမျိုးတို့၏ ပြက္ခဒိန်သည် အမှန်တကယ် လေလော”

မြားလေးတစ်ရွှေ့...
“နာဆာက စစ်ဆေးနေ ပြီ”

မြားလေးတစ်ရွှေ့...
“သက်ဆိုင်ရာ ဘာသာ ရပ်အလိုက် ကုသိုလ် ကောင်းမှုများ ပြုရန် လိုအပ်”

နောက်ထပ် တစ်ရွှေ့...
ငါ ဘာလုပ်ရမလဲဆိုတဲ့ စာသားတွေ အပြည့်။
သားငယ်လေးက ခလုတ်ကို တဖျပ်ဖျပ် ရိုက်တော့ အဲဒီစာသားတွေချည်းပဲ ဆက်တိုက်ပေါ်လာတာ စာလုံးကြီးလိုက်၊ သေးလိုက်၊ အရောင်တွေနဲ့ ရိုက်လိုက်၊ အဖြူမည်း ရိုက်လိုက်၊ ကျွန်မ နည်းနည်းတော့ သဘော ပေါက်လာသလိုပဲ။ ဒါပေမဲ့ မရှင်းသေးဘူး။

“ဒီလိုလေ မေမေ၊ မနေ့ ညက ကိုကိုက မိန်းမကိစ္စ ထင်တယ်ကွ၊ မာလာဆိုလား၊ မာယာဆိုလား မသိဘူးလို့ ပြောလိုက်တာနဲ့ သားက ဖေဖေ့လက်ပ်တော့ကို ဖွင့် ကြည့်ဖို့ ဆုံးဖြတ်လိုက်တာ။
“အခု အင်တာနက်မှာ ဒီကိစ္စချည်းပဲ ဟော့နေတာလေ။ သားတို့သူငယ်ချင်း တွေလည်း ဒီကိစ္စပဲ ပြောနေ ကြတာ။ မလေးက တရုတ် ကလေးဆို သူ့အိမ်ပြန်မယ် ချည်းပဲ ပြောပြောပြီး ငိုနေ တာ။ သားက ဖေဖေ ပြန် ခေါ်တာ ဒီကိစ္စလို့ မထင်ဘူး။ ဖေဖေကတော့ တကယ့်စံပါ ပဲ မေမေရာ...”

“မာယာဆိုတာ ဘာ တုံး”

“မာယာဆိုတာ ရှေးခေတ်က လူမျိုးစုကြီးပေါ့ မေမေရာ...။ သူတို့ လူမျိုးတွေမှာ ပြက္ခဒိန်ရှိတယ်။ အင်မတန် အဆင့်မြင့်တဲ့ လူ မျိုးစုကြီးပေါ့။ အဲဒီလူမျိုးစု ကြီးရဲ့ ပြက္ခဒိန်က ၂၀၁၂ မှာ ရပ်သွားတယ်။ အဲဒီတော့ အဲဒီနေ့က ကမ္ဘာပျက်မှာမို့လို့ ပြက္ခဒိန် ရပ်သွားတာပေါ့လေ။ အဲဒီကိစ္စတွေ စွပ်စွဲလိုက်ကြ၊ ဖြေရှင်းလိုက်ကြနဲ့ ရှုပ်ယှက်ကို ခတ်နေတာပဲ”

ချွေးသီးချွေးပေါက်တွေ စိုရွှဲပြီး အသံနက်ကြီးနဲ့ ယောင်အော်တဲ့ညကို အမှတ် ရမိတယ်။ မပီမသဆိုတော့ “မာလာ”လို့အော်တယ်ပဲ ထင်မိတာ။

“သားကတော့ တောထဲ မှာ နှစ်ချီပြီးနေရတော့ ဘာမှကို မသိဘူး။ ညီလေးတွေ့ချင်ရင်တောင် ဆိုင်က ကောင် လေးတွေ လုပ်ခိုင်းရတာ။ ကွန်ပျူတာလည်း မကိုင် တတ်ဘူး။ တော်သေးတာ ပေါ့၊ ညီလေး လာပေလို့”
အပြင်မှာ မိုးလင်းစ ပြု ပြီ။

“အဲဒါ တကယ်လား၊ အခု ၂၀၁၀။ ၂၀၁၂ ဆိုတော့ အမလေး မလိုတော့ပါလား နောက်တစ်နှစ်ပေါ့”

“ဟုတ်တယ်၊ မဟုတ် ဘူး ငြင်းနေကြတာ ကမ္ဘာ အနှံ့ပဲ မေမေရဲ့။ ဟောလီဝုဒ် ကဆို ရုပ်ရှင်ကို ရိုက်ပြတာ၊ ကြောက်စရာကြီးပါ မေမေ ရယ်။ သားတို့သူငယ်ချင်း တွေဆို ငိုတဲ့သူတွေ အများ ကြီး။ သားတို့ ဆရာက တွေ့ သွားတော့ မင်းတို့ သိထား ဖို့က သက်သေပြချက် မခိုင် လုံတဲ့ ဘယ်အရာမဆို တွေး ကြောက်နေရုံနဲ့ မရဘူးတဲ့။ သေခြင်းဆိုတာ ကိုယ့်လက် တစ်ကမ်းမှာပဲ ရှိတာ။ ကမ္ဘာ မပျက်ခင်မှာလည်း သေချင် သေသွားနိုင်တာပဲတဲ့။ တကယ် ဟုတ် မဟုတ် မသိ ရတဲ့ကိစ္စတစ်ခုကို တွေးပြီး ကြောက်တယ်၊ တုံ့ပြန်တယ် ဆိုတာ မိုက်တာပဲတဲ့။

သူတို့ တိုင်းပြည်မှာဆို စစ်ပွဲတွေ အမြဲ ဖြစ်နေတာ။ အဲဒါ သူတို့ တိုင်းပြည်အတွက်တော့ ကမ္ဘာပျက်နေတာပဲ မဟုတ် လားတဲ့။ ပြောနေရင်းနဲ့ သား ကို လက်ညှိုးထိုးပြပြီး မင်း တဲ့ မင်းတို့တိုင်းပြည်မှာကော နာဂစ်မုန်တိုင်း တိုက်တယ်။ မုန်တိုင်းသင့် ဒေသလူတွေ အတွက်တော့ ကမ္ဘာပျက်တာ ပဲ မဟုတ်လားတဲ့။ တို့အီရတ် နိုင်ငံဆိုတာ စစ်ဖြစ်တယ်။ ကြိုသိထားပေမယ့် ဘယ်က ပေါ်လာမှန်း မသိတဲ့ မောင်း သူမပါတဲ့ ဗုံးကြဲလေယာဉ် တွေက ဗုံးကြဲချင်တဲ့ဆီ ကြဲ ချသွားတာ။ စာသင်ကျောင်း တွေတောင် မလွတ်ဘူး။ ကဲ အဲဒီလူတွေအတွက် ကမ္ဘာ ပျက်တာပဲ မဟုတ်လား။ အဲဒီတော့ကွာ ယူဆချက် တစ်ခုကို စုံကိုင်ပြီး ငြင်းကြ၊ ဖြေရှင်းကြတာ သုတေသန သမားတွေနဲ့ တာဝန် ရှိသူတွေရဲ့အလုပ်လို့ ခံယူလိုက်ပါ။ မင်းတို့အလုပ်က စာသင်ရ မယ့်အလုပ်။ အဲဒီတော့ ကိုယ် သင်ရမယ့်စာကိုပဲ အာရုံစိုက် ပါတဲ့”

သားငယ်ရဲ့စကား အဆုံးမှာပဲ အခန်းထဲကို သူ့ အဖေ၀င်လာတယ်။ သူ့ပုံစံ က လန်းလန်းဆန်းဆန်း တက်တက်ကြွကြွပဲ။ ပြီး တော့ ကျွန်မတို့ကို လက်ကာ ပြတယ်။
“ဖေဖေ နိုးနေတာ နာရီ ၀က်လောက် ရှိပြီ။ သားတို့ ပြောနေတာ အဖေ ကြားပြီး ပါပြီ။ နားထောင်ရင်း စဉ်း စားပြီးပြီ
“ဖေဖေက သေရမှာ မကြောက်ပါဘူးကွာ။ ကမ္ဘာ ပျက်မှာကို ကြောက်တာပါ။ အ၀င်၊ အထွက် ပုံစံနဲ့ စနစ် တကျရှိနေတဲ့ လူ့လောကကြီး တစ်ခုလုံး လူသားမျိုးနွယ် တစ်ခုလုံး ပျက်စီးသွားမှာ၊ အနုပညာ အာရုံခံတတ်တဲ့ ဆန်းသစ်မှုတွေကို ဖန်တီး တတ်တဲ့ ဒေါသ၊ အဒေါသ၊ မောဟ၊ အမောဟ၊ လောဘ၊ အလောဘ၊ ပျော့ပျောင်းညင် သာမှု၊ ကြမ်းတမ်းခက်ထန်မှု၊ ချိုမြိန်မှု၊ ပျော့ညံ့မှု၊ ရဲရင့်မှု၊ ဆန့်ကျင်ဘက်တွေနဲ့ အရောင် လက်နေတဲ့ တို့ကမ္ဘာကြီး ပျောက်ဆုံးသွားမှာကို စိုးရိမ် တယ်။ အဲဒီခံစားချက်က ရှေ့ ရောက်နေတော့ ဒီကိစ္စနဲ့ ပတ် သက်တာတွေ ရေဆုံးရေဖျား လိုက်ရှာရင်း “မာယာ”တွေကို ယုံကြည်မိတော့တာပဲ။ အင်မတန် စနစ်ကျတဲ့၊ ယဉ် ကျေးမှုမြင့်မားတဲ့၊ နောက်ဆုံး ကွာ သူတို့တည်ဆောက်ခဲ့ပါ တယ်ဆိုတဲ့ မြို့ပျက်ကြီးတွေ ကို ကြည့်ပြီး ဖေဖေ အသက် မရှူဝံ့ဘူး။ ဟိုးလွန်ခဲ့တဲ့နှစ် ပေါင်းများစွာက ဒီလောက် ခေတ်မီအောင် တည်ဆောက် နိုင်ခဲ့တဲ့ အတတ်ပညာရှိတဲ့ မာယာလူမျိုးတွေကို ဖေဖေ လေးစား အထင်ကြီးမိတာနဲ့ အတူ ယုံကြည်မှုတွေ အခိုင် အမာတည်ဆောက်မိတယ်။ ဒါတကယ်ဖြစ်မှာလို့ တထစ် ချယုံခဲ့တယ်။

“နောက်ဆုံးတော့ ဖေ ဖေ ဆုံးဖြတ်ချက်ချလိုက် တယ်။ အခု နှစ်နှစ်ကျော် ကျော် လိုသေးတယ်။ အဲဒီ အချိန်မှာ ဖေဖေတို့မိသားစု လက်တွဲပြီး ခံစားကြမယ်။ ဖေဖေ ပိုင်ဆိုင်သမျှ ရောင်း ပြီး ကမ္ဘာလှည့်ခရီးသွားမယ်။ အကောင်းဆုံးတွေ စားမယ်။ အကောင်းဆုံး နေရာတွေကို ခရီးသွားမယ်”

“တကယ်လို့ ကမ္ဘာ မပျက်ခဲ့ရင် သားတို့ ခြေမဲ့ လက်မဲ့ဘ၀နဲ့ ဘ၀သစ် စကြမယ် ဆိုပါတော့”

“အေးပါ သားရယ်။ နှစ်လကျော် အိပ်မရဖြစ်ခဲ့ တာ။ မနေ့ညကတော့ သား တို့နှစ်ယောက်လုံး ဖေဖေ့ရင် ခွင်ထဲ ရောက်လာတာရော၊ အိပ်ဆေးသောက်ထားတာ ရောနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ် ပျော်ပြီး ကြည်ကြည်လင်လင် နိုးလာခဲ့တယ်။သားငယ်လေးရဲ့ စကားတွေကို ဦးနှောက် ကြည်ကြည်၊ အမြင်ရှင်းရှင်း နားထောင်ပြီး စဉ်းစားခဲ့ပြီးပါ ပြီ။ ဖေဖေ မှားပါတယ်”

ကိုဘမောင်က ကျွန်မ ပခုံးကိုဖက် ရင်ခွင်ထဲဆွဲသွင်း ပြီး...
“သားတို့ မေမေကို ဖေဖေ မပြောပြရက်ဘူး။ ဖေဖေ ယောက်ျားတောင် ခံစားရတာ မေမေက မိန်းမ သားဆိုပြီး မပြောရက်ခဲ့တာ။ မေမေက ဖေဖေ့ကို လိုက် ကြည့်နေမှန်း သိပေမယ့် ဖေဖေ ပြောမထွက်ခဲ့ဘူး”

“အမလေး ကိုဘမောင် ရယ်...ကဲ...အခုကြည့်ပါဦး၊ သားငယ်လေး ကယ်ပေလို့၊ သားငယ်လေးကများ မာယာ ဆိုတာ အတွေးမပေါက်ရင် ဘယ့်နှယ်လုပ်မလဲ”

“ဒါကတော့ မေမေ ရယ်၊ မေမေကလည်း အိမ်ထဲက အိမ်ပြင်မထွက်၊ မျက်စိ ခွဲထားတော့ ဂျာနယ်တွေ၊ တီဗွီတွေ မကြည့်နိုင်၊ ၂၀၁၂ လိုကားမျိုး ကြည့်ကြမယ့် ပရိသတ်ကလည်း အိမ်မှာမရှိ။ ကိုကိုကလည်း တောထဲ ရောက်နေတာဆိုတော့ အလှမ်းဝေးနေကြလို့ပါ။ အခုတစ်လော ဒီသတင်းတွေ ပလူပျံနေတာ။ မြန်မာပြည်က ဂျာနယ်တွေထဲမှာလည်း ပါတယ်လေ။ သား အင်တာ နက်မှာ အမြဲဖတ်နေရတာ”

“ကဲပါကွာ၊ မေမေတို့ မြန်မာ့ယဉ်ကျေးမှုနဲ့ကြည့်ရင် ဒါအမင်္ဂလာကိစ္စပဲ။ မင်္ဂလာ မရှိတဲ့စကားကို မပြောရဘူး။ မတွေးရဘူး။ မကြံစည်ရ ဘူး။ မဆုံးဖြတ်ရဘူး။ ဗုဒ္ဓ တရားတော်နဲ့ကြည့်ရင် ပစ္စပ္ပုန်တည့်တည့်ရှုရမှာကိုး။ အဲဒီတော့ကွယ် ယဉ်ကျေးမှု ရှုထောင့်က ကြည့်ကြည့်၊ တရားတော်နဲ့ ကြည့်ကြည့်၊ သားဆရာ ပြောတဲ့ လက်ငင်း ဖြစ်နေတာ ဒါလည်း ပစ္စပ္ပုန် ပဲပေါ့၊ သားဆရာပြောတဲ့ ရှုထောင့်က ကြည့်ကြည့် ဘယ် လိုမှ မသင့်တာကို မတွေးဖို့ မကြံဖို့လိုတယ်။ ကျက်သရေ နဲ့ ပြည့်ဝနေတဲ့ မေမေတို့ မိသားစုမှာ နောက်ထပ် ဒါမျိုး ဘယ်တော့မှမဖြစ်စေရပါဘူး လို့ မေမေ့ကို ကတိပေးကြ၊ အဖေကြီးရော”

သားငယ်လေးက အရင်ဆုံး လက်ဆန့်တန်းပေး တော့ သားငယ်လေး လက် ပေါ်က သားကြီးလက်၊ ပြုံးစိစိနဲ့ မေးထိုးပြနေတဲ့ သားငယ် လေးရဲ့ ဖိတ်ခေါ်မှုနဲ့ ကျွန်မ လက်ကို သားကြီး လက်ပေါ် တင်လိုက်တယ်။ ကြည်နူးလို့ လား။ နောင်တတရားကြောင့် လား။ တုန်ခါနေတဲ့ သားအဖ ရဲ့ လက်တွေက ကျွန်မရဲ့ လက ပေါ်မှာ...။



အဖြူရောင်၊ရွှေ၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဧပြီလ ၂၀၁၁)