Monday, 23 July 2012

ရေးဖြစ်ရခြင်း.....လူတွေလိုက်နာကျင့်သုံးအပ်တဲ့ ဗြဟ္မစိုရ်တရားတွေ ... လူတွေကြောင့် ပျောက်ဆုံးကုန်မှာ စိုးမိပါတယ်။ အထူးသဖြင့် သစ္စာတရားပေါ့။
သာယာပျော်ရွှင်ဖွယ် လူ့ဘောင်ကို ''လူငယ်'' တွေရဲ့အားနဲ့ တည်ဆောက်ရပါမယ်။ ဒီ့အတွက် လူငယ်တွေဟာ သစ္စာတရားကို အလေးအနက် တန်ဖိုးထားသင့်တယ်။ ထိန်းသိမ်းစောင့်ရှောက်သင့်တယ်လို့ ခံစားမိတဲ့အတွက် ''ည'' ၀တ္ထုကလေးကို ရေးဖြစ်ခဲ့ပါတယ်။


အဖြူရောင်တိမ်မျှင်တွေ အနားကွပ်ထားတဲ့ ကောင်းကင်ဟာ ခပ်မှိုင်းမှိုင်းကလေးပြာနေပါတယ်။ အဲဒီအပြာရောင်မှာ ခပ်ထည်ထည်ဝံ့ကြွားရပ်တည်နေတာက တောင်ချွန်းပေါ့။ သင်္ခါရကို အလားသဏ္ဍာန်ပုံစံပြုတဲ့ မြူငွေ့တွေ တောင်ချွန်းပေါ်က လွင့်ပါးသွားတဲ့အခါ တောင်ချွန်းဟာ တည်မြဲခြင်းဆိုတဲ့သရုပ်ကို ဖော်ဆောင်နေပြန်ပါရော။ တောင်ချွန်းရဲ့ဖမ်းစားမှုမှာ အခါများစွာ နစ်မျောခဲ့ဖူး ပါတယ်။ နေ့ဘက်မှာလှတဲ့ တောင်ချွန်းဟာ ညဘက်မှာ ရှုမငြီးစရာပါ။
တောင်ချွန်းရဲ့ ညရှုခင်းအတွက် ညများစွာ အချိန်ပေးခဲ့ဖူးတယ်။ မြကန်သာဘေးမှာ လမ်းလျှောက်ရင်း လ,ထွက်လာမယ့် အချိန်ကို စောင့်စားဖူးတယ်။ တစ်လောကလုံး မှောင်ရီေ၀၀ါးဖြစ်လာတဲ့အခါ...... မြို့ပတ်လမ်းနဲ့ မြကန်သာလမ်းထောင့်က အုတ်ခုံကလေးမှာထိုင်ပြီး တောင်ချွန်းကို ငြိမ်ငြိမ်ကလေးကြည့်နေမိတယ်။ တောင်ချွန်းထိပ်ဖျားက လရဲ့တစ်စွန်းတစ်စကို မြင်ရတဲ့ အချိန်ဟာ ကျွန်တော့်အတွက်တော့ လောကကိုမေ့တဲ့အချိန်ပါပဲ။ ခြင်ကိုက်ရင်တောင်မရိုက်နိုင်၊ မရုန်းနိုင်ဘဲ အသက်ရှူဖို့ မေ့မတတ် အာရုံဝင်စားရတဲ့ရှုခင်းပါ။ ခေါင်းစဉ်တပ်မရတဲ့ တမ်းမက်မှုတစ်ခုဖြစ်ပေါ် စီးဆင်းခံစားရတဲ့အထိ ငြိမ်ငြိမ်ကလေး အသက်ပြင်းပြင်း မရှူတမ်းပေါ့။ ထိုင်ကြည့်ပြီး အားမလိုအားမရစိတ်တွေနဲ့ လှည့်ပြန်ခဲ့ရတာ ညတိုင်းလိုလိုပါဘဲ။
ညပြာပြာ လသာသာမှာ ကြည်နူးစရာတောင်ချွန်းဟာ ဆွဲဆောင်မှုအရှိဆုံးသော တောင်ကြီးမြို့ရဲ့ အမှတ်အသားတစ်ခုပါ။ ည၊ လနဲ့ တောင်ချွန်းဟာ ကျွန်တော့်ရင်ထဲကို နက်နက်ရှိုင်းရှိုင်းဝင်ရောက်ပြီး တစ်ခုခုကိုပေးနေခဲ့တာ ကြာခဲ့ပြီပေါ့။ ဒါပေမယ့် ဘာဆိုတာ ကျွန်တော်မဖမ်းဆုပ်နိုင်ခဲ့ဘူး။ သူတို့ဆီမှာ ကျွန်တော် ဘာကိုလိုချင်နေသလဲ။ သူတို့က ကျွန်တော့်ကို ဘာပေးမှာလဲ။ ဘာကြောင့်များ ဒီလောက်ဖမ်းစားနေသလဲ။ ရက်တွေအကြာကြီး အဖြေမရခဲ့ဘူး။ အဲဒီရက်တွေမှာ နေ၀င်တာနဲ့ မြကန်ဘေးကို ရောက်နေခဲ့ပြီ။ လသာရက်တွေ ''လရောင်'' အောက်မှာတွေးမိနေတတ်သလို လမိုက်ရက်တွေမှာလည်း ''အတွေး လရောင်'' အောက်ရောက်နေတတ်ပြီ။ ''လ'' မရှိချိန်ကျမှ အရေးပါတာဘာဆိုတာကို ရိပ်မိလာနိုင်ခဲ့တယ်။ တစ်ရက်တော့ ညနဲ့လကိုခံစားရင်း အတွေးတစ်ခု စာသားတချို့ ပေါ်လာတယ်။
လသာသာ မ,သာသာ
ညဟာ ညပါပဲ
အဲဒီလမင်း
ရင်ထဲစီးဆင်းနေသရွေ့
ညတွေရဲ့တန်ဖိုး
တန်ခိုးတွေ တိုးနေဦးမှာ။
ကဗျာကလေးကို ချရေးလိုက်ပြီး 'ည' လို့ခေါင်းစဉ်တပ်လိုက်တဲ့ခဏ အုတ်ခုံလေးထက်မှာထိုင်ရင်း မောပန်းခြင်းနဲ့ အတူ နုံးချည့်သွားသလိုပါပဲ။ ဒါပေမယ့် ခေါင်းကိုမော့၊ လမင်းကိုကြည့်ပြီး 'ည' ကိုရွတ်လိုက်တဲ့အခါ ကြက်သီးထပြီး ကျွန်တော့် တစ်ကိုယ်လုံး အေးစိမ့်ချမ်းတုန်လာခဲ့တယ်။ မြကန်ဘေးလမ်းပေါ်မှာ ညပေါင်းများစွာဖမ်းယူပြီးရခဲ့တဲ့ပီတိက စောင့်ရကျိုး နပ်စေခဲ့တယ်လေ။ 'ည'ကို ရင်ထဲထည့်ပြီး ကျွန်တော့်သူငယ်ချင်းတွေကို လိုက်ရှာတယ်။ တစ်အိမ်တက်ဆင်း လိုက်နိုးပြီးတဲ့အခါမှာ 'လ' က ခေါင်းပေါ်ကကျော်ပြီး အနောက်ဘက်ဆီယွန်းနေခဲ့ပြီ။
ပန်းချီဆွဲတဲ့ကိုအောင်မွန်၊ ဂစ်တာတီးပြီးသံစဉ်ရှာတဲ့ ကိုဝေသာ၊ သီချင်းဆိုတဲ့ ကိုဦး၊ ကဗျာရေးတဲ့ စိုင်းဆေမွန်၊ နောက် နေရာတကာ စပ်စပ် စပ်စပ်ပါတဲ့ အကုန်လုံးကိုသိပြီး အကုန်လုံးကိုမသိတဲ့ ကိုပြာလောင်၊ ကျွန်တော်တို့အဖွဲ့မှာ ဂစ်တာပါ တယ်။ ကဗျာစာအုပ်ပါတယ်။ စက္ကူနဲ့ဘောလ်ပင်ပါတယ်။ နောက် ခံစားထိရှလွယ်တဲ့ နူးညံ့တဲ့နှလုံးသားအစုံတွေပါတယ်။ အမောတကောနိုင်တဲ့ကျွန်တော့်ကိုကြည့်ပြီး သူတို့တစ်စုံတစ်ရာကို နားလည်နေတယ်။ ကျွန်တော်တို့က အကြောင်းသိတွေကိုး။ မြကန်သာဘေး အုတ်ခုံလေးမှာထိုင်မိတာနဲ့ အားလုံးက အလိုက်တသိ ကျွန်တော့်ကို မျှော်စောင့်ကြည့်နေကြတယ်။
''ည''
လသာသာ မ,သာသာ
ညဟာ ညပါပဲ....။
အဲဒီ လမင်း
ရင်ထဲ စီးဆင်းနေသရွေ့
ညတွေရဲ့ တန်ဖိုး
တန်ခိုးတွေ တိုးနေဦးမှာ။ ။
ကျွန်တော့်အသံဆုံးသွားတာနဲ့ လက်ခုပ်သံတွေကြားလိုက်ရတယ်။ ပြီးတော့ ကိုယ်ယုံကြည်ရာကိုယ်ပြောကြ တဲ့ နောက်မတွန့်တဲ့ အားမနာတမ်းငြင်းခုံပွဲကြီး စတော့တာပဲ။ ကျွန်တော်တို့ တွေ့နေကျထုံးစံတစ်ခုပေါ့။
''ဘာတုန်း သော်ကြီး။ အဲဒါ ဘာတုန်း မင်းပြော''
''ဟား ... ကိုပြာလောင် ဘာတုန်းဆိုတာ ကျွန်တော်ပြောနေတာလေ။ ခင်ဗျားဘာသာ ခင်ဗျားရှာပါလား''
''ငါကတော့ သစ္စာတရားကိုခံစားရတယ်''
ကိုဦးရဲ့အသံပေါ့။ ကိုဝေသာက ကိုဦးကို မော့ကြည့်ပြီးတော့ -
''ညဆိုတာ သစ္စာတရားရဲ့ပြယုဂ်ပဲ။ အင်း ... လကတော့ သစ္စာမရှိဘူးပြောလို့မရဘူး။ 'လ' တိုင်းမှာ 'ည' ရှိနေပြီး 'ည' တိုင်းမှာ 'လ' ရှိမနေဘူး။ 'ည' ရယ်၊ 'လ' ရယ်၊ 'သစ္စာတရား' ရယ်'' ''လောကီသစ္စာနဲ့ လောကုတ္တရာသစ္စာ နှစ်ပိုင်းခွဲမြင်ဖို့လည်းလိုမယ်''
''လုပ်ပြီ ရွှေမျက်မှန်ကတော့''
မျက်မှန်ကလေး မ,ပြီး အတည်လိုလို၊ နောက်တာလိုလိုပြောနေတဲ့ ကိုအောင်မွန်ကို ကိုပြာလောင်က ၀င်ပြီးလောင်တယ်။ ကိုပြာလောင်ရဲ့ထုံးစံ အတည်အတံ့တွေပါလာပြီဆိုရင် ထ,လောင်ပြီး ပွဲဖျက်ဖို့ ကြိုးစားတတ်တာကိုး။ ဒါပေမယ့် တကယ် ပွဲစည်ပြီ၊ သူဘယ်လိုမှ ဖျက်လို့ မပျက်နိုင်တော့ဘူး ထင်ရင် သူကိုယ်တိုင် နားမလည်နိုင်တဲ့ စကားလုံးတစ်ခုခုနဲ့ ၀င်ရောပြန်တာပေါ့။
''အေးကွာ ... ငါသိတာကတော့ တောင်ချွန်းပဲ။ သစ္စာတရားကို ထပ်တိုးရဦးမယ်ဆိုရင် ပရမတ္တသစ္စာပေါ့။ တောင်ချွန်းက ပရမတ္တသစ္စာပဲ''
'ရှုပ်ကုန်ပြီ။ လောကီကော လောကုတ္တရာကော၊ ပရမတ္တကော'
''လောကီသစ္စာဆိုတာ ကတိလေကွာ ...ကတိ''
''ဟာ ...အဲဒီလောက်မပေါ့ဘူးနော်။ သစ္စာတရားရဲ့လေးမြတ်မှုမှာ ကတိကိုထည့်မရောနဲ့။ ကတိက သစ္စာဆိုတာ လောက် မလေးမြတ်ပါဘူး''
''လဆိုတာ လောကီသစ္စာပဲကွ ကိုဦးရ။ ကြီးသွားလိုက်၊ သေးသွားလိုက်၊ ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ ခုခေတ် လူတွေကလည်း သစ္စာဆိုတာကို ပြတိုက်ထဲလိုက်ရှာရမလိုဖြစ်နေတာ''
''ဒါပေမယ့် ကမ္ဘာလောကကြီးအတွက် ''လ'' ဆိုတာ လိုအပ်တယ်။ တကယ်လို့သာ 'လ' မရှိခဲ့ရင် အခြားဘာကိုမျှ မကြည့်နဲ့။ အခု အချိန်ခဏလေးမှာ 'လ' မရှိရင် တောင်ချွန်းကိုလည်းကြည့်ပြီး ကြည်နူးနိုင်မှာ မဟုတ်ဘူး''
''သြော် ... အေး ငါကြားဖူးတဲ့စကားတစ်ခွန်းရှိတယ်ကွ။ လရောင်တွေဟာ လူတွေရဲ့စိတ်ကို ဖောက်ပြန်စေသတဲ့။ အဲဒီအဆိုအမိန့်နဲ့ 'လ'ဆိုတာကို လောကီသစ္စာဆိုတာ ပေါင်းလိုက်ရင် တော်တော်လှမယ့် အယူအဆတစ်ခုဖြစ်လာနိုင်တယ်။ ကမ္ဘာကျော် အိုင်ဒီယာတစ်ခု ဖြစ်ချင်ဖြစ်သွားမှာ။ ကိုအောင်မွန် ဆက်တွေးဗျာ ... ကျွန်တော်အားပေးတယ် ..ဟဲ ..ဟဲ..ဟဲ''
''ကဲ ကဲ ကိုပြာလောင်ရာ တော်ပါတော့။ အားလုံး...အားလုံးပဲ ဒီည...ဒီတစ်ညပေါ့။ ကျွန်တော့်ရဲ့ည လက်ခံကြတယ် မဟုတ်လား''
''သော်ကြီးရဲ့ညကို ကြိုဆိုရအောင်။ အရက်ခွက်တော့ မရှိဘူး။ ချစ်ခြင်း အနုပညာတွေနဲ့ပေါ့''
အခု ကျွန်တော်တို့ မျက်စိရှေ့မှာ ရှိနေတာ လရောင်အောက်က တောင်ချွန်းကြီးပါ။ ၀င်းစက်နေတဲ့ လရောင်အောက်မှာ လောကကြီးနဲ့အတူ အိပ်မောမကျနိုင်တာ ကျွန်တော်တို့အဖွဲ့ပဲလား။ ကျွန်တော်တို့လိုပဲ အတွေးတူ၊ ခံစားချက်တူသူတွေ ရှိနေမလား...။
''ကဲ ...ကဗျာကရာရေ (ကဗျာဆရာမဟုတ်ပါ)။ ခင်ဗျားရင်ထဲရှိနေတာ ဖွင့်ချလိုက်နော်။ ကျုပ်တို့ရင်ဘတ်တွေ ဖွင့်ထားပြီးသား''
ကိုဦးရဲ့အသံက တက်ကြွနေတယ်။ အုတ်တံတိုင်းကို ကျော်ပြီး သစ်ပင်တွေကြားက မြကန်ထဲကို ကြည့်လိုက်ရင် ရေရိပ် ရောင်ပြန်တွေ လက်လက်ထလို့။ သစ်ရွက်တွေကတော့ လရောင်အောက်မှာ လေဟုန်စီးရင်း ရောင်ပြန်တွေ လက်လက်ထနေ လိုက်ကြတာ။ လရောင်အောက်မှာ တောင်ချွန်းကြီး တည်ငြိမ်ဣနြေ္ဒရရလှပနေသလို တချို့တချို့တွေက ရွေ့လျားလှပနေကြ တာပဲ။
''ကျွန်တော် ငယ်ငယ်ကလေး ခံစားတတ်စ,အရွယ်မှာ တောင်ကြီးကို ရောက်လာခဲ့တယ်။ အမှတ်တရ ဖြစ်ခဲ့တာ နှစ်ခုဗျ။ ကျွန်တော်တို့အိမ်ပေါ် မိုးနေတဲ့ တောင်ချွန်းကြီးရယ်။ အပြာနဲ့လိမ္မော်ရောင်စပ်ထားတဲ့  Taxi တွေရယ်။ အခုထက်ထိ ကျန်တာက တောင်ချွန်းပေါ့။ စာတစ်အုပ်ထဲမှာဖတ်ဖူးတာဗျေ Taxi တွေတစ်ပုံစံတည်းရှိတာ။ လိမ္မော်နဲ့အပြာ စပ်တာပေါ့ဗျာ။ အဲဒါ ကျွန်တော်တို့ တောင်ကြီး တစ်မြို့တည်းမှာ ရှိတာတဲ့။ အခု အဲဒီဓလေ့ခေါ်မလား၊ စည်းလုံးညီညွတ်မှုခေါ်မလား မရှိတော့ဘူး။ တောင်ကြီးဟာ သာမန် သူလိုကိုယ်လိုမြို့ ဖြစ်သွားပြီ။ အဲဒါလေးနှစ်ခုကို ချိန်ထိုးစဉ်းစားမိတာပေါ့ ...
အချိန်ဆိုတဲ့ သတ်မှတ်ချက် တစ်ခုအောက်မှာ စိတ်ဓာတ်၊ ခွန်အား၊ စည်းလုံးမှု၊ အဆန်းထွင်မှု၊ ပေါ်ပြူလာဖြစ်လိုမှု၊ ထားပါတော့ဗျာ ...အဲဒါတွေအားလုံးဆုံးရှုံးသွားနိုင်တယ်။ နောက်တစ်နည်းပြောရရင် ဘာတွေဘယ်လိုပဲ ဖြစ်နေပါစေပေါ့ ဗျာ တောင်ချွန်းလို တည်တံ့ခိုင်မြဲစေရမယ်ဆိုတဲ့ ခံစားချက်ကလေး ရလာခဲ့တယ် ...

ကဲ ... ခင်ဗျားတို့ကမေးမယ်နော်။ တောင်ချွန်းကနေ 'ည' ဘယ်လိုဖြစ်လာခဲ့သလဲ။ ကျွန်တော် တောင်ချွန်းကို နေ့နေ့ညည ခံစားရင်း တောင်ချွန်းက ဆွဲခေါ်လာလိုက်တာ 'လ'ရော၊ 'ည'ရော ပါလာတော့တာပဲ ...
အဓိက,ကတော့ဗျာ ရင်ထဲမှာတစ်ခုခုကို ထည့်လိုက်ပြီဆိုတာနဲ့ မဆုတ်မနစ် သစ္စာရှိနေဖို့ ကဗျာတွေရေးရင်း၊ လူမှုဒုက္ခတွေ ရလာပြီး ရင်ထဲကို ဒဏ်ရာတွေ ၀င်လာပြီဆိုရင် ဒီဖီလ်း နဲ့ ပြန်တိုက်ထုတ်ပစ်လိုက်တာပဲ ...
အဲဒါပဲ ... ရင်ထဲမှာ နှစ်ပေါင်းများစွာ ဖြစ်လာခဲ့တဲ့ 'အမြုတေ' ဒီညမှပေါ်လာခဲ့တော့တာ''
အားလုံး ငြိမ်ပြီး နားထောင်နေကြတယ်။ ကျွန်တော့်စကားလည်း ဆုံးရော ကိုဝေသာက ဆေးလိပ်ဖင်စီခံကို လက်မလက်သည်း ပေါ်တင်ဆောင့်ရင်း ''ဟုတ်တယ်'' တဲ့။ သူ စိတ်ရှုပ်ထွေးလာရင် ဖင်စီခံကို လက်သည်းပေါ် ဆောင့်တတ်တာ သူ့အကျင့်။ ပြီးရင် မျိုသိပ်ထားတတ်ခဲ့တဲ့ စကားတွေ လာတော့မယ်လေ။
''ဟုတ်တယ်။ ဒါကိုကျွန်တော်နားလည်တယ်။ ကျွန်တော့်အဖြစ် ခင်ဗျားတို့သိတဲ့အတိုင်းပဲလေ။ ကောင်မလေးနဲ့ကိစ္စ ဘယ်သူမှသဘောမတူဘူး။ ဒါလည်း အပြစ်မဟုတ်ဘူး ပြောရမှာဘဲ။ ဘယ်သူမပြု မိမိမှုတဲ့ ... အဲဒီစကားကိုပဲ အားနာနာနဲ့ သုံးရမှာ . တကယ်ပါဗျာ ... ဒီစကားကို သုံးရတဲ့အတွက် ကျွန်တော် သူ့ကိုအားနာတယ်။ သူ့အသက်အရွယ်၊ သူ့ဘ၀၊ သူ့Feelingနဲ့ သူ ဆုံးဖြတ်ခဲ့တဲ့ အမှုတစ်ခုအတွက် သူတစ်သက်လုံး ခံစားနေရတယ်။ အဲဒါကို ကျွန်တော် နားလည်ပေးနိုင်တယ်။ ကြည်ဖြူနိုင်တယ်ဆိုရင် သူ့ဘ၀အေးချမ်းသွားပြီလား ...
ကျွန်တော့်ရဲ့ အချစ်တွေနဲ့ သူ့ဘ၀လုံခြုံသွားပြီလား ...လုံခြုံမယ်၊ အေးချမ်းမယ်ထင်လို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာ၊ ခင်ဗျားတို့သိတဲ့အတိုင်း။ အခုတော့ဗျာ... ပတ်ဝန်းကျင်ရဲ့ စကားလှိုင်းတွေ အောက်မှာ သူရော ကျွန်တော်ရော စုန်းစုန်းမြုပ်၊ အင်း... သူ့အတွက်တော့ တတိယအကြိမ် နစ်မြုပ်ခြင်းလို့ေ ပြောရမှာပဲ။ ပထမအကြိမ် ဘ၀ပျက်တဲ့ဒဏ်ကို ဒုတိယအကြိမ် ပတ်ဝန်းကျင်ထိုးနှက်မှုက ထပ်တူပံ့ပိုးတယ်ပေါ့ဗျာ... အဲဒါတွေပြီးသွားတော့ သူ့ဘ၀လေးအေးချမ်းနေတာ၊ အနည်ထိုင်သွားခဲ့တာ... ကျွန်တော်သာ မစ,ခဲ့ရင် သူငြိမ်းချမ်းနေမှာဗျ။ အခု သူလည်း အဟောင်းတွေ အသစ်ပြန်ဖြစ်၊ ကျွန်တော်လည်း ချစ်ရာရောက်ခဲ့သလား ဆိုတဲ့အတွေးက သူ့ကိုမြင်လိုက်တိုင်းနှိပ်စက်... သူ့ကိုရှောင်နေရအောင်လည်း တစ်ယောက်တည်း အထီးကျန်နေတဲ့သူ့ကို မထားခဲ့ရက် ...
ပတ်ဝန်းကျင်ရဲ့စကားတွေထဲမှာ ကျွန်တော်တို့နှစ်ယောက် မျောမသွားရအောင် စကားတစ်ခွန်းရှိတယ်လေ။ ခင်ဗျားတို့ ကြားဖူးတဲ့အတိုင်း ''စစ်ပွဲတွေထဲမှာ စကားလုံးစစ်ပွဲက ကြောက်စရာအကောင်းဆုံး'' ဆိုတာ အဲဒီစစ်ပွဲကို လက်တွေ့ရင်ဆိုင် လိုက်ရတဲ့ ကျွန်တော်တို့နှစ်ယောက်လုံး ဘာကို ကာဗာလုပ်ထားကြလဲ သိလား....
 အမွေဖြတ်၊ ဆွေဖြတ်၊ မျိုးဖြတ်၊ ပတ်ဝန်းကျင်ပါဖြတ်... ဘယ်လိုပဲဖြတ်ဖြတ်၊ ဘာတွေပဲဖြတ်ဖြတ် ကျွန်တော်တို့ နှစ်ယောက်ရဲ့ အပြန်အလှန်ထားရှိတဲ့ အချစ်၊ လေးမြတ်သိပ်သည်းစွာလို့ ပြောပါရစေဗျာ... ဒါ ကျွန်တော်တို့ရဲ့ကာဗာပဲ။ စကားလုံးလှိုင်းတွေနောက် မျောမသွားခဲ့တာ နားလည်မှုများစွာနဲ့ အချစ်ပေါ့ဗျာ... အဲဒီအချစ်ကို အရင်းပြုထားတဲ့သစ္စာပါ့ဗျာ... အဓိကကတော့ တစ်စုံတစ်ခုဖြစ်လာခဲ့ရင် တစ်စုံတစ်ရာ ကာဗာရှိဖို့လိုတယ်။ ဒါပဲ... အဲဒါပဲ နေပျော်တဲ့ဘ၀ တစ်ခုပေါ့''
စကားဆုံးသွားတော့ ဂစ်တာကိုကောက်ကိုင်ကြိုးညှိပြီး သီချင်းတစ်ပုဒ်ကို စ,တယ်။ ကျွန်တော်တို့ အမြတ်နိုးဆုံးသီချင်း၊ အဖွဲ့လိုက်ဆုံတိုင်း ပထမဦးဆုံး ဆိုလေ့ရှိတဲ့ သီချင်းပေါ့။
'' xxx ပြန်ချိန်လည်း ဆုံးဖြတ်ခိုင်မာစေ xxx ရာသီလည်း တွက်ချက်မှန်ကန်စေ xxx စိတ်တူရာခိုဝင် xxx ပြည့်စုံချိန် xxx ပြန်ခဲ့မယ်တဲ့ xxx ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ xxx မိုးဦးရေဆန် xxx မိုးဦး ...
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဆေးလိပ်ငွေ့တွေဝေ့၀ဲနေတယ်။ နွေဦးရဲ့အာရုဏ်က မကြာခင် ရောက်လာတော့မယ်လေ။ မိုးလင်းခါနီးကျလာတဲ့ ကြည်လင်ဝင်းစက်နေတဲ့လမင်းကြီးလည်း နည်းနည်းတော့မှိုင်းသွားပြီ။ အဖြူရောင်ဝိုးတ၀ါး နှင်းမြူတွေကြားထဲမှာ နက်ပြာရောင်နောက်ခံနဲ့ စိမ်းညှို့မှောင်တဲ့ တောင်ချွန်းရဲ့ထိပ်ဖျားဟာ အသက်ဝင်လှပနေတယ်။ မျက်လုံးအကြည့်ကို လွှဲလိုက်ရင် တစ်စုံတစ်ရာ ဆုံးရှုံးနစ်နာသွားတော့မလိုဘဲ။ မရိုးနိုင်၊ မမောနိုင်၊ မညောင်းနိုင်... ရှုခင်းမှာ နစ်မြုပ်နေတဲ့ ကျွန်တော်တို့ကို ကိုအောင်မွန်ရဲ့အသံက လှုပ်နှိုးတယ်။ မျက်မှန်ကလေးကို လက်နဲ့ထောက်မပင့်တင်ရင်း ...
''ကျွန်တော် ကျောင်းတက်တုန်းက တောင်ကြီးမှာ အလွမ်းဆုံးကဘာလဲသိလား ...တောင်ချွန်းဗျ။ တောင်ချွန်းကို အလွမ်းဆုံး ...အခုလို နွေဦးပေါက်ပဲဖြစ်ဖြစ်၊ ဆောင်းဖြစ်ဖြစ် သုံးရာသီအလွမ်းပေါ့ဗျာ... ဟဲ ...ဟဲ''
''အဲဒါနဲ့သောက်ဖြစ်ရောလား''
''မှန်တာပေါ့ ...တစ်ခါတစ်ခါ အောက်ဒိုးထွက်ပြီဆိုရင် မျက်စိရှေ့ကမြင်ကွင်းတွေက ပိုအသက်ဝင်နေတာ။ တစ်ခါက သာဓုကန်ကို အောက်ဒိုးထွက်ကြတာ။ နည်းနည်းလေးလည်း မှန်နေတာကိုး။ ကင်းဘတ်အဖြူပေါ်မှာ အပြာရောင် ဟဲ ..ဟဲ။ ဝေါဒစ္စနေရဲ့ အပြာပေါ့။ အဲ... အပြာရောင်ကောင်းကင်ပေါ့ နှင်းမြူတွေကို အဖြူရောင်ကင်းဘတ်စချန်ပြီး အစိမ်းကို လိုက်ရှာ... တောင်ချွန်းကိုအမိအရလိုက်ဖမ်းတာ...၀မ်းနည်းတယ်ဗျာ။ ကျွန်တော်တစ်သက်လုံးရင်းနှီးခဲ့တဲ့ပုံရိပ်ကို မဖော်နိုင်ဘူး။ မဖမ်းဆုပ်နိုင်ဘူး။ ကျွန်တော် ဘာဖြစ်လဲသိလား... စုတ်တံကိုကိုင်ပြီး လက်တွေတုန်နေတာ။ တစ်ကိုယ်လုံး ချည့်နဲကသွားသလို အားတွေ ကုန်သွားလိုက်တာ။ နောက်... အဆောင်ပြန်လာတာ လက်ထဲမှာ စုတ်တံကြီး ကိုင်လို့။ ဟား.. ဟား... ဟား... ကျွန်တော့်ပစ္စည်းတွေ ဆရာကသိမ်းလာပေးတယ်။ ပြီးတော့ ဘာပြောတယ်ထင်လဲ။ အနုပညာဆိုတာ လုပ်ယူရတာမဟုတ်ဘူးတဲ့ ... တစ်ခွန်းတည်း တစ်ခွန်းတည်း.....''
ကျွန်တော်တို့ ကိုအောင်မွန်ရဲ့စကားမှာ နစ်မျောနေတုန်းမှာပဲ အာရုဏ်ရောက်လာတယ်။ ဖြူဝင်းတောက်ပတဲ့ အလင်းတန်းအောက်မှာ အဖြူရိပ်ငွေ့တွေ အလျှိုလျှိုပျောက်ဆုံးကုန်တာ ''သင်္ခါရ'' ဆိုတဲ့နာမည်နဲ့  Performance တစ်ပွဲကို ကြည့်နေရသလိုပဲ။ အခုရှိနေပေမယ့် ခဏနေရင် ရှိချင်မှရှိတော့တာကိုး။ ကျွန်တော်တို့ စိတ်တွေလည်း ဒီလိုပါပဲ။ အစိုးမရနိုင်တဲ့ စိတ်အဟုန်တွေ ကျွန်တော်တို့မှာရှိတယ်။
အဲဒီစိတ်အဟုန်တွေနဲ့ ဘ၀ကိုရပ်တည်နေပါတယ်။ ဘ၀မှာရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ လိုက်မမီနိုင်တဲ့ လူမှုအဆင့်အတန်းတွေ၊ လက်မခံနိုင်တဲ့ အသားလွတ် ဖိနှိပ်ခံရမှုတွေ ဒါတွေရဲ့ထွက်ပေါက်ဟာ ကျွန်တော်တို့ပိုင်ဆိုင်တဲ့ ရိုးရှင်းမြင့်မြတ်တဲ့ စိတ်အဟုန်ပါပဲ။
စိတ်အဟုန်တစ်ဖြစ်လဲ အာရုံခံစားမှုတွေကို စုတ်တံကတစ်ဆင့်၊ ဘောပင်ကတစ်ဆင့်၊ ဂစ်တာကြိုးကတစ်ဆင့်၊ အသံအိုးနဲ့လြွေပန်တွေကတစ်ဆင့် ပြန်လွှတ်ပြီးတဲ့အခါ ဦးနှောက်ကောလူပါ ဟင်းလင်းဖြစ်သွားတော့တာပါပဲ။
ဘာပဲဖြစ်ဖြစ်ပေါ့။ ဘာ့ကြောင့်၊ ဘာ့အတွက်ပဲဖြစ်ဖြစ်ပေါ့။ စိတ်ဓာတ်တွေ နစ်မွန်းပျက်စီးလုနီးတဲ့အခါ .... အမှောင်ကမ္ဘာမှာ ၀ဲလည်နေရတဲ့အခါ.... ရေကအတားအဆီးတွေကို မကျော်နိုင်တော့ဘူးလို့ ယုံကြည်မိတဲ့အခါ.. လသာခြင်း၊ မသာခြင်းဆိုတာထက် အရေးပါတာက ပစ္စက္ခလောကမှာ ခိုင်မြဲတဲ့၊ တည်တံ့တဲ့၊ မဖောက်မပြန် သစ္စာသဘောကို ဆောင်တဲ့စိတ်ဓာတ်တစ်ခုရှိနေဖို့လိုတာပါပဲ။
ဟော... စူးရှတဲ့နေရောင်ခြည်တွေက နှင်းမြူတွေကို အနိုင်ယူခဲ့ဖူးသလို အခု နှင်းမြူထုထည်အောက်မှာ စူးလက်တဲ့ နေမင်းကြီးက တိတ်ဆိတ်ငြိမ်ဝပ်နေလိုက်တာ ပန်းသီးရဲရဲတစ်လုံးလို ရဲလို့နေပါပကောလား ....။ ။

အဖြူရာင် (ရွှေ)
မဟေသီ မဂ္ဂဇင်း ၊
အမှတ် ()၊ အောက်တိုဘာ ၂၀၀၆ ခုနှစ် ။

1 comment:

  1. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete