Friday, 28 September 2012

မီးများ


ဗီရိုအံဆွဲထဲမှာထားတတ်တဲ့ မီးခြစနဲ့ဖယောင်းတိုင်ကို မီးညှိလိုက်တဲ့အခါ မီးစွဲစ ၀ိုးတ၀ါးမီးစာလေးက တဖြည်းဖြည်း လင်းလိုက်လာတယ်။ မီးပြတ်လို့ မှောင်မိုက်နေတဲ့အခါ ဖယောင်းတိုင်မီးလေးဖြစ်ဖြစ်လိုအပ်တာပဲ။ ပြတင်းပေါက်က တိုက်နေတဲ့ လေအရှိနနဲ့ ဖယောင်းတိုင်မီးတောက်ကလေးယိမ်းခါနေတယ်။
နွေဦးရဲ့လေရူးအောက်မှာ မှိန်တော့မယောင် ...ငြိမ်းတော့မယောငနဲ့ တောက်လောင်နေတဲ့မီးညွန့်ကလေးကိုပဲ ကြည့်ကောင်းကောင်းနဲ့ကြည့်နေမိတာ ရင်ထဲကို အတွေးတစ်ခုဝင်လာတဲ့အထိပါပဲ။
မိသားစုဘ၀၊ အိမ်ထောင်သည်တွေမှာ အမှောင်နဲ့ကြုံတွေ့ကြရတဲ့အခါ မီးထွန်းတတ်၊ မီးအလင်းရောင် ရှာတတ်ကြ တာ သဘာဝပဲထင်ပါရဲ့။ ဒါပေမယ့် ''လူ'' ဆိုတာ အဲဒီသဘာဝတွေကို တွန်းလှန်ကျော်ဖြတ်နိုင်မှ၊ ရိုက်ချိုးထိုးဖောက်နိုင်မှ လူ့တန်ဖိုး၊ လူ့ကျင့်ဝတ်သိက္ခာဆိုတာ ရှိတော့မပေါ့။
လက်ထဲကယပ်တောင်ကလေးနဲ့ ဖယောင်းတိုင်မီးကို လှမ်းငြိမ်းလိုက်ရင်း ပြုံးမိတယ်။ ဟုတ်တယ်လေ။ ကျွန်မအတွက် အမှောင်ထဲမှာနေရလည်း ဖြစ်တာပဲ။ ဒီလိုနဲ့နေလာခဲ့တာ နှစ်တွေပဲကြာလှပေါ့ ...
ချစ်ခင်မြတ်နိုးလှစွာ လက်တွဲခဲ့တဲ့ ခင်ပွန်းဟာ ကျွန်မဘ၀အတွက် အလင်းရောင် ...။ မေတ္တာတရားနဲ့ ယုံကြည် အားကိုးမှုများအရင်းခံတဲ့ချစ်ခြင်းနဲ့ ဘောင်ကျက်နှောင်ရက်ခဲ့တဲ့ သိုက်မြုံကလေးရဲ့ဦးစီးခေါင်းဆောင် သံသရာခရီးကို ထွက်သွားခဲ့တော့ ကျွန်မအသက် (၃၆) နှစ်။ ဒိုင်ယာရီ ထဲမှာ 'သားနဲသမီးတို့ရဲ့ မြင်းမိုရ်ပြိုတဲ့နေ့' လို့ခေါင်းစဉ်တပ်မိတဲ့နေ့..
ကြာခဲ့ပါပြီ။ အလင်းရောင်ပျောက်သွားတဲ့တာ ကြာပါပြီ။ ကွယ်သွားတဲ့အလင်းရောင်ကို တမ်းတရင်း မှောင်ထဲမှာ တစ်ယောက်တည်းကြိုးစားရုန်းကန်လာခဲ့တာ မီးမီးဆရာဝန်မကြီးဖြစ်တဲ့အထိ အနှစ်နှစ်ဆယ်ရှိခဲ့ပြီ။
အခုဆိုရင် သားကြီးက တနင်္သာရီတိုင်း တံတားဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ AE ၊ မီးမီးကလေးက ဆရာဝန်မကြီး ဖြစ်နေပြီ။ သားနဲ့သမီးကို အဲဒီအမှောင်ကြီးထဲကနေ ရုန်းကန်လှုပ်ရှားပြီး မဖြစ်မနေပြုစုပျိုးထောင်ပေးခဲ့တာ။ အရိုးကလုပ်ကျွေး တယ်ဆိုတဲ့စကားလေးလိုပဲ သွားလေသူအလင်းရှင်ရဲ့ထားရစ်ခဲ့မှုတေနဲ့ ဘ၀ကို သတ္တိရှိရှိရင်ဆိုင်ခဲ့တာ အရွယ်ကောင်းစဉ်ကနေ အခု အသက်ကလေးရလာတဲ့အထိ။
ဖယောင်းတိုင်မီးညွန့်ကလေးက စ,လိုက်တဲ့အတွေးက ဆေးရုံအုပ်ကြီးမိသားစုဆီမှာ တန့်သွားပြန်ရော။ သားကလေး နှစ်ယောက်၊ သမီးကလေးတစ်ယောကနဲ့ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ကလေး၊ သီရိဂေဟာပေါ့။ မကောင်းတဲ့ ဂြိုဟ်ဆိုးက ဒီမိသားစု ကလေးကိုမှ ဘာကြောင့်ကပ်ငြိရပါလိမ့်။ သားကလေးတေနဲ့ သမီးကလေးကို သနားတဲ့စိတ်က ဆရာဝန်ကြီးအပေါ်ထားတဲ့ ကရုဏာစိတနဲ့ တစ်ထပ်တည်းကျတယ်။ အသက်ကြီးခါမှ ပင်ပန်းရလေတဲ့ ဆေးရုံအုပ်ကြီး။
တာဝနနဲ့ ၀တ္တရားက ထိန်းကွပ်ထားပေမယ့် လောကကိုရင်မဆိုင်ရဲတော့တဲ့ပုံနဲ့ အမြဲတမ်းခေါင်းငိုက်စိုက်ချလို့ အမြဲတမ်းယစ်မူးဝေသီလို့ အမြဲတမ်းရှက်ရွံ့ငြိမ်သက်လို့ ...
ရပ်ရွာ၊ ၀န်ထမ်းနဲ့လူနာတွေပေါ်မှာ အမြဲတမ်းစာနာသဘောပြည့်ဝခဲ့တဲ့ ဆရာဝန်ကြီး ၀တ္တရားဆိုတာကို အမြဲတမ်း ဦးထိပ်ရွက်ခဲ့တော့ အိမ်ထောင်ရေးမှာ လစ်ဟင်းခဲ့ဟန်တူပါရဲ့။
မိန်းကလေးက ဆရာဝန်ကြီးထက် ၁၂နှစ်ငယ်သတဲ့။ အိမ်မှာပျင်းကျန်ရစ်တဲ့အချိန်တွေမှာ အေရိုးဗစ်သင်တန်း တက်ပါရစေတဲ့။ နောက်တော့ အေရိုးဗစ်သင်တဲ့ဆရာနဲ့ အမြင်မတော်ဖြစ်လာတော့မှ ဆရာဝန်ကြီးကိုယ်တိုင် ကွာရှင်းစာချုပ် မှာ လက်မှတ်ထိုးခိုင်းလိုက်ရသတဲ့။ သြော် ...ခင်ပွန်းသည်ရယ်၊ သားကလေးတွေရယ်၊ သမီးလေးရယ်၊ ဘ၀ ၄ ခုလုံးကို တစ်ပြိုင်နက်သတ်ခဲ့တဲ့အဖြစ်။ ဘ၀ ၄ ခုလုံးကို လောင်ကျွမ်းသွားစေခဲ့တဲ့ ''မီး''။ အလင်းရောင်ရှိနေခဲ့ရဲ့သားနဲ့ နောက်ထပ် မီးတစ်မီး ဘာလို့မွှေးရတာပါလိမ့်။
မိန်းကလေးက ပြည့်စုံလုံလောက်တဲ့ဓနဥစ္စာတွေတဲ့ ပိုနေတဲ့အချိန်တွေမှာ စိတ်ကူးယဉ်ချင်တိုင်း ယဉ်ခဲ့တယ်။ ငြှိမ်း မရနိုင်တဲ့မီးရဲ့အလောင်ကို ခံခဲ့တယ်ပဲထားပါတော့။ လစာနဲ့မလောက်ငလို့ တစ်နေ့ရှာစာ တစ်နေ့စားရတဲ့ ခွဲစိတ်ခန်းအကူ မောင်သန်းရဲ့မိန်းမကတော့ကော ။
ဂျူတီကျတဲ့နေ့ ဒရိုင်ဘာကားရုံရှေ့ကဖြတ်ရတိုင်း ''သူများနဲ့ညားတဲ့ငါ့ရည်းစား'' တို့၊ ''မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးရဲ့'' တို့ အော်အော်ဆိုတာ ကြားရသတဲ့။ ပထမတော့ အမှတ်တမဲ့ ...နောက်တော့ အမှတ်ထင်ထင်။ အဲဒီလိုနဲ့ တစ်ရက်တော့ လက်သညနဲ့နှိပ်ချပြီးမှ သွေးလွန်တဲ့လူနာတစ်ယောက်ရောက်လာသတဲ့။ သူ့သွေးက O သွေး၊ အဲဒီအချိန်က ဆေးရုံကလေး မှာ သွေးအလုံအလောက်မရှိတဲ့အချိန်ဆိုတော့ မောင်သန်းကပဲ O သွေးတစ်ပုလင်းလှူလိုက်တယ်ပေါ့။ သွေးသာမလှူဖြစ် ခဲ့ရင် ခွဲခန်းထဲမှာ အလုပ်ရှုပ်လို့ကောင်းတုန်း။ သွေးလှူပြီးလို့ နားဖို့အိမ်ပြန်အလာ ကားရုံဘေးကဖြတ်အလျှောက် စကား ပြောသံကြားရတော့ တစ်ယောက်တည်းနေတဲ့ ဒရိုင်ဘာအကြောင်းတွေးပြီးတောင် ပြုံးမိသတဲ့။ အိမ်ပြန်ရောက်တော့ ကလေးတွေက အိပ်မောကျလို့။ ဆေးလိပ်တစ်လိပ်ကုန်တော့မှ အိမ်တံခါးကို သာသာကလေးဖွင့်ဝင်လာသူကို ငေးကြည့်နေတုန်း တစ်ခါမှမမြင်ဖူးတဲ့လူစိမ်း တစ်ယောက်ကိုကြည့်သလို ဝေးကွာသွားလိုက်တာ။ ဘာခံစားချက်မှကို မဖြစ်လာတော့တာတဲ့။
''အန်တီရယ် ...ကျွန်တော့်စိတ်ကို ကျွန်တော်အံ့ရော။ အဲသလောက်ပြတ်သားနိုင်မယ်မှန်း ထင်ကို မထင်တာ။ သူ့ခမျာ ဒုက္ခကြီးလိုက်တာလို့ပဲတွေးမိတယ်။ တစ်ချိန်တည်းမှာ ကျွန်တော့်သမီးကလေးမျက်နှာကို မြင်နေတာ။ သမီးလေးအတွက် ကျွန်တော်ရှိနေမှာဖြစ်မှာဆိုတဲ့အတွေးဝင်လာတော့ သူ့ကိုလျစ်လျှူရှုဖို့ပဲဆုံးဖြတ်လိုက်တော့တယ်။ သံသရာမရှည်ချင်တော့ဘူး အန်တီရယ်။ ကျွန်တော့်ကုသိုလ်၊ သမီးရဲ့ကုသိုလ်ပေါ့။ ချက်ချင်းပဲ ဒီဆေးရုံကို ပြောင်းမိန့်တောင်းပြီးတစ်ခါတည်းပြောင်းလာ ခဲ့တော့တာပဲ''
''ဖြစ်ရလေ'' လို့ ကူညည်းပေးရုံပဲတတ်နိုင်တာမဟုတ်လား။
''ဆရာ ...ဆရာ ''
ချိုအေးနွဲ့သောအသံကလေးကို ကြားလိုက်တာနဲ့ ဆရာမလေး နန်းမူ မှန်းသိလိုက်တယ်။ သမီးဆီလာတာ။
''နန်းရေ ...လာဟေ့။ သမီးတော့မရှိဘူး။''
''သြော် ..အန်တီ မှောင်ကြီးထဲထိုင်နေတယ်လား''
''ဟုတ်ပါရဲ့နန်းရယ် ..အန်တီလဲ ထိုင်လက်စနဲ့ ဆေးရုံဆိုတော့ မီးပြတ်ခဏပဲမဟုတ်လား''
''ဟော ..ဟော ..တွေ့လား။ နန်းလာတာနဲ့ မီးပြန်လာပြီ။ နန်းက မီးကိုခေါ်လာတာ။ နန်းသာမလာသေးရင် အန်တီမှောင်ကြီးထဲထိုင်နေရဦးမှာ''
ဖြာကနဲလင်းသွားသောမီးရောင်အောက်မှာ သနပ်ခါးအဖွေးသား ပန်းရောင်ဝမ်းဆက်ကလေးနဲ့ လှချင်တိုင်းလှနေ တဲ့နန်း၊ ရှမ်းမလေးပီပီ ဖြူဥသောအသားအရေက ဘာဝတ်ဝတ် ကြည့်လို့ကောင်းမြဲ။ ချိုအးဖော်ရွေသွက်လက်တဲ့ဟန်ပန်က လူတကာကို ရင်အေးစမြဲ။
အဲဒီလိုယဉ်ကျေးဖော်ရွေသွက်လက်တဲ့၊ ချစ်စရာကောင်းတဲ့၊ ရင်အေးဖွယ်အလှပိုင်ရှင် နန်းမှာ ''မနာလိုလို့ပြောကြတာ တွေပါအန်တီရယ်'' လို့ပြောတတ်တဲ့အဖြစ်တစ်ခုရှိတယ်။
နန်းရဲ့ဆရာဝန်လေးက ဂျူတီကထွက်တာနဲ့ ပုလင်းထောင်တော့တာပဲ။ တာဝန်ကိုလည်း အလေးအနက်မထားတတ် ဘူး။ နယ်မြို့ကလေးရဲ့ဆေးရုံကလေးမှာ နယ်စိတနဲ့ဝိုင်းဝန်းကူညီတတ်တဲ့ပတ်ဝန်းကျင်သာမရှိရင် အခုချိန် လမ်းပေါ်ရောက် နေရောပေါ့။ အခုတော့ အလုပ်ကိုလည်းမလေးစား။ ကိုယ့်ဘ၀ကိုလည်း မလေးစား။ အဲဒီလိုလူက ''ချစ်သူ'' ဆိုတာကို အလေး အနက်ထားမတဲ့လား။
အမြဲတမ်း မလောက်မငဖြစ်နေတဲ့ငွေကြေးအတွက် သူ့ရဲ့အဖော်မဲ့အချိန်တွေမှာ အပျင်းဖြေဖို့အတွက် နန်းကိုအသုံး ချနေတာပါလို့ အားလုံးက တညီတညွတ်တည်းယုံကြည်လက်ခံနေချိန်ထိ နန်းက မျက်လုံးစုံမှိတ်ပြီး ''ချစ်သူ'' လို့ယုံစားနေတုန်း။
''အလကားပါဗျာ ..ကျုပ်ကိုတောင် ဒီလောက်လိုက်လျောနေတာ ..ကျန်တဲ့ကောင်တေနဲ့ ဘယ်ပြောကောင်းမတုန်း။ လှည်းကျိုးထမ်းဖို့တော့ ၀ါသနာမပါဘူး ကိုယ့်လူရေ ...''
မီးမီးလေးက သူ့နားနဲ့ဆတ်ဆတ်ကြားခဲ့တဲ့ ဆရာဝန်ရဲ့စကားတွေကို ပြန်ပြောပြရင်း
''မေမေ ဘယ်လိုလုပ်မလဲ။ မီး နန်းကိုပြောပြချင်လိုက်တာ။ ဒီလောက်နိမ့်ကျတဲ့လူမျိုးကို မီးရွံလိုက်တာ။ မီးဘယ်လို ပြောလိုက်ရင်ကောင်းမလဲဟင် မေမေ''
ဒါပေမယ့် ဘယ်သူတွေဘာပြောပြော နန်းရဲ့အသိဥာဏ်တွေကို ပိတ်ဆီးထားတာက ''အချစ်'' နဲ့ ''ယုံကြည်မှု'' ပဲ။ ချစ်သူကိုချစ်တဲ့အချစ်ရယ်။ ချစ်သူအပေါ်ထားရှိနေတဲ့ယုံကြည်မှုရယ်။ အဲဒါတွေက တံတိုင်းကြီးလို ကာရံထားမှတော့ အသိဥာဏ် ထဲမှာ ကျန်ခဲ့တဲ့စကားတွေကို လက်ခံနိုင်လောက်တဲ့နေရာမရှိတော့ဘူးပေါ့။
''ဟင့်အင်း ...သမီးမပြောရဘူး။ သမီးက နန်းဘက်က တကယ်နာလို့ ဖွင့်ပြောပြီးတားပေမယ့် နန်းက သမီးကို အထင်လွဲသွားလိမ့်မယ်။ အခု နန်းက သမီးကိုယုံကြည်လေးစားချစ်နေတယ်မဟုတ်လား။ သမီး နန်းကိုသတိပေးလိုက်တာနဲ့ သမီးကို အထင်လွဲမှာသေချာတယ်။ မေမေ ရှင်းရှင်းပဲပြောမယ်။ သူ့ကို မနာလိုလို့ပြောတာပဲထင်သွားလိမ့်မယ်။ ဘာဖြစ်လို့ မေမေ ဒီလိုပြောလဲသိလား။သမီးပြောမယ့်စကားမျိုး မေမေပြောခဲ့ပြီးပြီ''
''ရှင်''
''မေမေကြားရသမျှတွေကို သွယ်သွယ်ဝိုက်ဝိုက်ကလေး သူနားဝင်အောင်သတိပေးခဲ့တယ်။ နန်းက ဘာပြောတယ်မှတ် လဲ''
''မနာလိုလို့ပြောကြတဲ့စကားတွေပါအန်တီရယ်။ အနိမ့်အမြင့်မတူတဲ့ဘ၀တွေအတွက် ဒါတွေက ကြုံရမှာပဲမဟုတ်လား။ နန်းခံနိုင်ရည်ရှိပါတယ်'' တဲ့။
နန်းကိုရှေ့ထားပြီး နန်းအကြောင်းတွေးနေတဲ့ကျွန်မကို နန်းအသံက လှုပ်နှိုးတယ်။
''အန်တီတစ်ယောက်တည်းပျင်းနေမှာပေါ့။ နန်းအဖော်လုပ်ပေးမယ်လေ။ ဆရာ့ကိုလည်းစောင့်ရင်း''
''အန်တီ့အတွက်တော့ ပျင်းတယ်လည်းမဟုတ်ပါဘူးနန်းရယ်။ အန်တီတို့အသက်အရွယ်မှာတော့ ဘုရား၊ တရားအလုပ် က နန်းတို့ဆေးရုံတွေလိုပေါ့။ ၂၄ နာရီတာဝန်ရှိနေတာပဲမဟုတ်လား''
''အယ် ...တို့အန်တီကအပြောကောင်း''
''ဟုတ်တယ် ...နန်းရဲ့ တစ်ခုတော့ရှိတာပေါ့။ နန်းတို့ဆရာပြန်မလာမချင်း အန်တီဘာမှလုပ်လို့မရဘူး။ မီးမီး ပြန်လာမှ။ မီးမီးကိုထမင်းခူးကျွေး။ သူထမင်းစားတာထိုင်စောင့်။ မီးမီးနဲ့အန်တီနဲ့ပြောစရာရှိတာပြောဆိုပြီး သူလည်း စာအုပ်ကိုင်၊ အန်တီလည်းဘုရားခန်းဝင်။ အဲ ..မီးမီးပြန်မလာသေးခင်တော့ ဘုရားရှိခိုးရတာ၊ ဘုရားစာရွတ်ရတာကို စိတ်မဖြောင့်ဘူး''
''အန်တီ့လိုအမေမျိုးနဲ့ကြုံရတာ ဆရာကံကောင်းလို့ပေါ့နော် အန်တီ။ နန်းတို့မောင်နှမတွေကတော့ အမေ့ကို မှတ်မိ တယ်ဆိုရုံပဲ...နန်းတို့ငယ်ငယ်လေးကတည်းက ဆုံးသွားတာလေ''
''သြော် ...ဖြစ်ရလေ မီးမီးတို့မောင်နှမလည်း နန်းတို့လိုပါပဲ။ မီးမီးသူငယ်တန်းတက်တဲ့နှစ် သူတို့အဖေဆုံးတာ လေ။ အဲဒါကြောင့်လည်း အန်တီက မီးမီးတို့မောင်နှမကိုပိုသနားတာ။ မီးမီးဆေးကျောင်းတက်တဲ့အထိ အန်တီကအိတ်လွယ်ပြီး ကျောင်းလိုက်ပို့တာ။ မီးမီးတို့ခုနစ်တန်း၊ ရှစ်တန်းတွေတုန်းကဆိုရင် အန်တီ ကျောတွေအောင့်တာ ဆေးလိမ်းယူရတယ်။ သူတို့မောင်နှမနှစ်ယောက်ရဲ့အိတ်တွေ အန်တီဒိုင်ခံလွယ်ပေးတာ။ လက်တစ်ဖက်က သူတို့ထမင်းချိုင့်ခြင်းကို ကိုင်ရသေးတာလေ။ ပုံနှိပ်စာအုပ်ဆို ဘာသာရပ်ပေါင်းစုံထည့်ရတာမဟုတ်လား။ သားနဲ့သမီးကို လွယ်အိတ်မလွယ်ခိုင်းရက်ဘူး။ သူများမိဘတွေ တတ်နိုင်လို့ ကိုယ်ပိုင်ကားနဲ့ကျောင်းပို့တယ်။ အန်တီက မုဆိုးမ,မဟုတ်လား။ ကိုယ်ပိုင်ကားနဲ့မပို့နိုင်ပေမယ့် သားနဲ့သမီးကို တတ်နိုင်သမျှ သက်တောင့်သက်သာကျောင်းတက်စေချင်တာ''
ကျွန်မ စကားပြောတာကိုငေးနေတဲ့ နန်းရဲ့မျက်ဝန်းထဲမှာ တစ်ခုခုပြောချင်နေတဲ့ပုံရိပ်တွေ ....
''အန်တီတစ်ယောက်တည်းပေါ့နော်...''
ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်လိုက်မိတယ်။ အခုပဲ အဲဒီအကြောင်းတွေ တွေးနေမိတာမဟုတ်လား။
''အန်တီ့အတွက် သားနဲ့သမီးထက်ကောင်းတဲ့ဘ၀အဖော် မတွေ့ဖူးဘူး။ သားနဲ့သမီးထက်လုံခြုံတဲ့မေတ္တာရိပ် မကြုံဖူးဘူး။ သားနဲ့သမီးထက် အားကိုးနိုင်မယ့်သူ စိတ်ကူးထဲတောင်မပေါ်ဖူးပါဘူးနန်းရယ်''
''အန်တီ့ရဲ့စိတ်ကို အားကျလိုက်တာ ...နန်းကတော့ ...''
အသံလေးမှိန်ဖျော့ပြီး စကားတန်းလန်းနဲ့ရပ်သွားတဲ့နန်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်။ အလုပ်ကိုယ်စီနဲ့ ၂နှစ်ကျော်လက်တွဲလာခဲ့တဲ့ချစ်သူဆီက လက်ထပ်ခွင့်ကိုမျှော်နေတဲ့နန်းအတွက် ကျွန်မစကားတွေက ခံစားစရာတွေများဖြစ်နေ လေရော့သလား။ အားလုံးရဲ့စိတ်ဝင်စားခြင်းကိုခံနေရသလို၊ စိတ်ဝင်စားစရာမကျန်တော့လောက်အောင် ''အတွင်းရေး'' တွေ ဖွင့်ချ၊ ပတ်ဝန်းကျင်က မသိချင်မှအဆုံးဖြစ်နေရတဲ့ သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကို နန်းကိုယ်တိုင်က ဘာမှမသိဘူးထင်ပါ့။ ပြောပြရင်လည်း ''မနာလိုကြလို့ပြောစကားတွေ'' ဖြစ်ဦးမယ်မဟုတ်လား။
''နန်းဆရာက မြို့ထဲဆေးသွားဝယ်တာနန်းရဲ့ ...ခဏနေ ပြန်ရောက်တော့မှာပါ''
''သြော် ...နန်းလည်း ဆရာ့ကိုတိုင်ပင်စရာရှိလို့လာခဲ့တာ။ အန်တီ့ကိုပဲအရင်တိုင်ပင်ရဦးမယ်''
''ပြောပါနန်းရဲ့ ...အားမနာပါနဲ့''
''ဒီလို အန်တီရယ် ....နန်းအစ်မတစ်ဝမ်းကွဲက စင်္ကာပူမှာ။ နန်းကိုခေါ်နေတာကြာပြီ။ အဲဒါ နန်းသွားရင်ကောင်း မလားလို့''
''သြော် ..ဒါများနန်းရယ်။ ဟိုမှာ လူခံလည်းရှိပြီးသား။ ကိုယ့်ဘ၀တက်လမ်းကို ဘာတွေများစဉ်းစားနေရတာလဲ''
နန်းက ပြုံးပြုံးကလေးနဲ့ ငြိမ်နေတယ်။ ပြီးတော့မှ ရွံ့တွန့်တွန့်အမူအယာနဲ့
''နန်းက ကိုအောင့်ကိုခေါ်နေတာအန်တီ။ သူရော၊ နန်းရော အနည်းဆုံး (၅) နှစ်လောက်နေလိုက်ရင် နန်းတို့နောင်ရေး စိတ်အေးရပြီ။ ပြီးတော့မှ မြန်မာပြည်ပြန်လာ ဆေးခန်းပဲဖွင့်ဖွင့်၊ သူလုပ်ချင်တယ်ဆိုတဲ့ နယ်စွန်နယ်ဖျားပဲသွားကုကု၊ နန်းတို့မှာ ခိုင်နေလောက်ပြီ မဟုတ်လား''
''မလိုက်ဘူးတဲ့လား''
''ဟုတ်တယ် ...စင်္ကာပူမှာ နန်းအတွက် အဆင်အပြေဆုံးပဲတဲ့။ သူနဲ့ဆို သိပ်အဆင်ပြေမှာမဟုတ်ဘူးတဲ့။ နန်းဖွင့်ချင် တဲ့ဆေးခန်းကို သူစ,ထားနှင့်မယ်တဲ့။ နန်းပို့တဲ့ငေနဲ့ အရှိန်ယူထားနှင့်မယ်။ နန်းပြန်လာတဲ့အခါ အောင်မြင်တဲ့ဆေးခန်းကြီး ဖြစ်နေပြီပေါ့။ ဟိုမှာ ၅ နှစ်လောက်နေပြီးမှ ဒီပြန်လာရင် အစကနေစ,ဖို့ခက်နေ၊ ကြာနေလိမ့်မယ်တဲ့။ ပတ်ဝန်းကျင်၊ အဆက် အသွယ်အားလုံးပဲ တစ်ကပြန်စ,နေရလိမ့်မယ်တဲ့။ အဲဒါလည်းဟုတ်တာပဲနော် အန်တီ''
''နန်းက အန်တီ့ကိုတိုင်ပင်တယ်။ နန်းမှာလည်း အမေဆုံးသွားပြီးဆိုတော့ နန်းအမေနေရာက မေးခွန်းတစ်ခု အန်တီ မေးမယ်နော်''
''အော ...မေးပါ အန်တီ မေးပါ''
''နန်းတို့လက်ထပ်ပြီးမှ သွားမှာလား''
''အော'' ဆိုတာ ရှမ်းလိုဟုတ်ကဲ့လို့ပြောတာတဲ့။ အကျင့်ပါနေတဲ့ ရှမ်းမလေးက အရင်စကားတွေတိုင်း တအောအော နဲ့ဟုတ်ကဲ့ခဲ့သမျှ ဒီစကားမှာငိုင်နေတော့တာ။ ငါဘာတွေစပ်စုမိနေပါလိမ့်။ ၀င်ပါမိနေပါလိမ့်လို့ တွေးမိတဲ့အတွေးကို ရိုးသား အေးချမ်းတဲ့နန်းကို သနားစိတ်က အာခံတုံ့ပြန်တယ်။
ယောကျာ်းတစ်ယောက်က ကိုယ့်ကို ဘာအတွက်ပတ်သက်နေသလဲ။ အဲဒီယောကျာ်းရဲ့ရယ်ရွယ်ချက်က ဘာလဲသိနိုင် နေတယ်။ ပတ်ဝန်းကျင်ကလည်း သတိပေးနေတယ်။ ဒါပေမယ့် အဖြစ်မှန်ကို မမြင်နိုင်လောက်အောင် လောင်ကျွမ်းနေတဲ့မီး ...ဒီမီးကိုကော ဘယ်လိုသတ်မှတ်ရမလဲ။ အင်း ..နောက်တီးနောက်တောက် သတ်မှတ်ရရင် ရှေ့မီးပေါ့။ မီးတော့မီးပဲ။ ဘယ်သူ့ကိုမှမထိခိုက်ဘဲ ပတ်ဝန်းကျင်က သတိထားစုတ်သပ်မိလောက်အောင် လောင်တဲ့မီး။ ရှေ့မီး ဟုတ်တယ်။
အရေးပေါ်ကြောင့်ပဲဖြစ်ဖြစ်။ မေ့လို့ပဲဖြစ်ဖြစ်။ ရှေ့မီးကြီးဖွင့်ပြီး မောင်းလာတဲ့ကားတစ်စီးအပေါ် ပတ်ဝန်းကျင်က အာရုံစိုက်မိတတ်ကြတာ သဘာဝပဲမဟုတ်လား။
ဒေါသ ...မီး။ လောဘ ...မီး။ မောဟ ...မီး။ ဒီကိလေသာရမ္မက်မီးတွေဟာ ပုထုဇဉ်မှန်သမျှကို တစ်နည်း မဟုတ်တစ်နည်းတော့ လောင်ကျွမ်းတတ်စမြဲပဲ။ အဲဒီ လောင်ကျွမ်းမြဲမီးတွေကို သတိလေးထိန်းကွပ်၊ အသိဥာဏ်လေးနဲ့ယှဉ်ပြီး ငြှိမ်းသတ်နိုင်ပါမှ ပစ္စုပ္ပန်ရော၊ သံသရာပါ အေးချမ်းနိုင်မယ်မဟုတ်လား။ ဆန္ဒနောက်ကိုလိုက်ပြီး လိုလိုချင်ချင် အလောင်ကျွမ်း ခံလိုက်တဲ့တဒင်္ဂမှာ အရာရာ ဆုံးရှုံးသွားနိုင်တယ်ဆိုတာ ဘာလို့များ သတိမမူနိုင်ကြပါလိမ့်။
ဆရာဝန်ကြီးကတော်၊ ခွဲစိတ်ခန်းအကူ မောင်သန်းရဲ့မိန်းမ၊ သူတို့တွေကို မှန်းဆမြင်ယောင်ကြည့်ရင်း ချစ်စရာ ကောင်းလှတဲ့နန်းရဲ့အပြုံးကို ကရုဏာသက်ရင်း နောက်ထပ်မြင်လာတဲ့မျက်နှာတစ်ခု။ ဆေးရုံရှေ့ စတိုးဆိုင်က ''မျိုးမျိုးဆွေ''။ ကံမကောင်း အကြောင်းမလှစွာဘဲ အိမ်ထောင်နှစ်ဆက်တည်ဆောက်မိခဲ့သူ။ တရားဝင်လက်ထပ်၊ တရားဝင်ကွာရှင်းပြီးခဲ့တဲ့ နှစ်ခုလပ်မလေး။ ဘ၀အတွက် အလုံခြုံဆုံးက ယောကျာ်းတစ်ယောက်ရဲ့ရင်ခွင်လို့သတ်မှတ်ပြီး လုံခြုံရာရင်ခွင်ရှာနေခဲ့တာ မောရောပေါ့။ ချမ်းသာသမျှငွေကြေးနဲ့ ဘ၀ကို သက်သောင့်သက်သာကျော်ဖြတ်နိုင်ရဲ့သားနဲ့ ပိုးဖလံမျိုး မီးကိုတိုးဆိုသလိုပဲ မီးတောထဲမှာမှ ပျော်မွေ့လေသူ။
မိန်းမတို့အဆင်းဟာ ငွေကြေးဥစ္စာဆိုတဲ့စကားကို ပြောင်းပြန်လှန်ပြီး ကိုယ်ပိုင်ဆိုင်တဲ့ငွေကြေးနဲ့ အဆင်းသဏ္ဍာန် လှပမှုကို ဖန်တီးပြီးမှ အဖော်ရှာသူ။ ဒါပေမယ့် သူရှာတဲ့အဖော်က ...။
မျိုးမျိုးဆွေက ပင်ကိုယ်ချော။ ဒါပေမယ့် ၄၀ကျော်ဆိုတဲ့ အသက်အတိုင်းအတာမှာ တည်ငြိမ်အေးချမ်းတဲ့အလှထက် ပူလောင်တဲ့အလှကိုမှ ဖန်တီးသူ။ တင်းကျပ်တဲ့အ၀တ်အစားတွေက ခန္ဓာကိုယ်ကို ရုန်းကြွစေတယ်။ အရောင်မျိုးစုံတဲ့ မျက်နှာ ရဲ့အလှတရားက မြင်ရသူကို စိတ်ပင်ပန်းစေတယ်။ မျိုးမျိုးဆွေဆိုတာ အလှနဲ့ငြိမ်းချမ်းမှုထက် အလှနဲ့မြှုဆွယ်မှုရဲ့ပြယုဂ်ပဲ။
မျိုးမျိုးဆွေရဲ့ပိုင်ဆိုင်မှုက သူလုပ်ချင်တာလုပ်ခွင့်ရလောက်အောင် ပြီးပြည့်စုံတယ်။ နောက် သတ္တိရှိတယ်။ သူ့ရဲ့ တွဲဖော်ကိုမျိုးသန်းကို အစစအရာရာထောက်ပံ့ရုံတင်မကဘူး။ ကိုမျိုးသန်းရဲ့ အရင်မိသားစုအတွက်ပါ စဉ်းစားနေရသေးတာ။
''ကွာတော့မပေးပါရစေနဲ့ ...အပြိုင်ပေါ့။ ဖြစ်တယ်မဟုတ်လား''
မြို့ကလေးမှာရေပန်းစားနေတဲ့စကားလုံးလေးပေါ့။ ပျော်ရွှင်စွာနေထိုင်ကြလေသတည်းဆိုတဲ့ပုံပြင်လေးလို အဆုံးသတ် ချင်ပေမယ့် မျိုးမျိုးဆွေမှာ ဒူးနဲ့မျက်ရည်သုတ်နေရတာ ရင်းနှီးသူတွေပဲသိတယ်။ တစ်ဖက်ကလိမ္မာတော့ မျိုးမျိုးဆွေရဲ့ ပိုင်ဆိုင်မှုတွေ ကိုမျိုးသန်းလက်ကတစ်ဆင့် တစ်ဖက်ကိုပုံစံအမျိုးမျိုးနဲ့ရောက်ကုန်ရော။ သိတဲ့အချိန်မှာ လောင်မှန်းမသိ လောင်တဲ့မီးက ငြှိမ်းမရနိုင်တော့ဘူး ... ငြှိမ်းမနိုင်တော့ဘူး ...
အလှပြင်မပျက်ပေမယ့် နဂိုနေထက် အများကြီးအိုစာသွားတော့ ရင်းနှီးသူတွေက မခံချင်ကြဘူး။ ဒါပေမယ့် မျိုးမျိုးဆွေ ကိုယ်တိုင်က ပါဝင်နေမှတော့ ပတ်ဝန်းကျင်က ဘာတတ်နိုင်မတဲ့လဲ။
ကိုမျိုးသန်းတို့စုံတွဲထွက်တော်မူနန်းကခွာလို့ ပွဲတက်ချိန်တွေမှာ ပိုးခန်းဆီးနောက်ကွယ်က မျိုးမျိုးဆွေရဲ့မျက်ရည်တွေ။ အထီးကျန်မှုတွေ ...စိတ်အားငယ်မှုတွေ ...အရှက်ရသိမ်ငယ်မှုတွေ၊ ရင်ထဲမှာ ပူပြင်းတောက်လောင်နေတဲ့ မငြိမ်းနိုင်တဲ့ မီးတွေ၊ အသက်ရှင်ရုံကလေးကျန်တော့တဲ့အဖြစ် ။ မာန၊ အရှက်သိက္ခာ၊ ငွေကြေး၊ စည်းစိမ်ဥစ္စာတင်မက ဘ၀တစ်ခုလုံးကိုပါ လောင်မြိုက်နေတဲ့မီး။
ဝန်အပြည့်နဲ့ဆိုက်ကားသမားတွေမြင်မိတိုင်း မျိုးမျိုးဆွေကို သတိရမိတယ်။ ကိလေသာကုန်းတက်ကို ကိုမျိုးသန်းတို့ စုံတွဲဘေးမှာတင်ပြီး ရုန်းနေရတဲ့အမျိုးသမီး၊ လွယ်အိတ်လို နောက်မှာမနေနိုင်၊ ရှေ့မှာမနေနိုင်၊ ဘေးကကန့်လန့်လိုက်ရတဲ့ ဘ၀၊ တရှိန်ရှိန်တောက်လောင်နေတဲ့မီး၊ ဒီမီးကို ကျွန်မရဲ့အတွေးနဲ့ နာမည်ပေးရရင်တော့ ဘေးမီးလို့ပဲ ပေးလိုက်ချင်ပါ တော့တယ်။
နောက်မီး ...ရှေ့မီး ... ဘေးမီး ...အမျိုးမျိုးသောကိလေသာရမ္မက်မီးတွေလောင်ကျွမ်းနေကြတာဟာ အရင့် အရင်မှာလည်း ဘ၀ပေါင်းများစွာ နောင်သံသရာမှာလည်း ဘ၀ပေါင်းများစွာ ကမ္ဘာတည်သရွေ့ ဒီမီးတွေ တည်ရှိနေဦးမှာပါပဲ။
ဘ၀တွေ ..ဘ၀တွေမှာ အမှောငနဲ့ကြုံလာကြရတဲ့အခါ အလင်းရောင်ရှာတတ်ကြတာ သဘာဝတဲ့။ ဒါပေမယ့် အဲဒီသဘာဝတွေကို တွန်းလှန်ကျော်ဖြတ်နိုင်မှ လေးစားစရာကောင်းတဲ့၊ အားကျအတုယူစရာကောင်းတဲ့ ''လူ'' တစ်ယောက် အဖြစ်စံတင်ဂုဏ်ယူနေနိုင်မယ်လို့ ကျွန်မထင်ပါတယ်။
''အခြားပုဂ္ဂိုလ်များရဲ့အားပျော့ချက်၊ ချို့ယွင်းချက်အပေါ်မှာ ကိုယ်ချင်းစာမှု၊ ငဲ့ညှာထောက်ထားမှုထားတာဟာ လူရဲ့ တာဝန်ဝတ္တရားဖြစ်တယ်''
''စိတ္တရလေခါ'' ၀တ္ထုထဲက ဖတ်မှတ်ခဲ့ဖူးတဲ့ သဘောတရားအရ လူရဲ့တာဝန်ဝတ္တရားတွေကြားထဲမှာ အကောင်းအဆိုး ဒွန်တွဲမှုတွေကို ဝေဖန်ပိုင်းခြားဆန်းစစ်ရင်း အမှောင်ထဲမှာ ကျင့်သားရနေတဲ့၊ ဘယ်မီးအလင်းရောင်ကိုမှ မလိုအပ်တဲ့ သားနဲ့သမီးရဲ့ပြီးပြည့်စုံသောချစ်ခြင်းတေနဲ့ သက်ဝင်ရှင်သန်နေတဲ့မိန်းမတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တာ ဆယ်စုနှစ် နှစ်ခုကို ကျော်လွန်ခဲ့ပြီမဟုတ်ပါလား .....။ ။

အဖြူရောင် (ရွှေ)
မဟေသီ မဂ္ဂဇင်း ၊
အမှတ်()၊ ဇန္န၀ါရီလ ၊ ၂၀၀၈ ခုနှစ် ။

Tuesday, 18 September 2012

''လမ်း''



ကျွန်မတို့တွေဟာ ဘ၀မှာ လမ်းတွေအများကြီး ကြုံဖူးခဲ့ကြသလို လမ်းလျှောက်သူတွေကိုလည်း ကြုံဖူး
ခဲ့ကြပါလိမ့်မယ်။ ဖြည်းဖြည်းလျှောက်သူ ၊ မြန်မြန်လျှောက်သူ ၊ မှန်မှန်လျှောက်သူ ၊ ပန်းဝင်သူ......အဲဒီလူတွေ အပြင် လမ်းပျောက်သူ ၊ ပန်းတိုင်ပျောက်သူ ၊ စမ်းတ၀ါးဝါးလမ်းမှားနေသူတွေကို လမ်းပေါ်မှာ၊ လမ်းဘေးမှာ၊ လမ်းရဲ့အဝေးမှာ.. နေ့တစ်ဒူဝကြုံကြရလိမ့်မယ်လို့ထင်ပါတယ်။
အခုကျွန်မတင်ပြမယ့် ဇာတ်လမ်းလေးက ပတ်ဝန်းကျင် ကျဉ်းမြောင်းလှတဲ့ ကျွန်မရဲ့ ကိုယ်တွေ့ မှတ်တမ်းလေးပါပဲ။ ကိုယ်တွေ့လေးကိုပဲ ကိုယ်ပိုင်အမြင် ၊ ကိုယ်ပိုင်ခံစားချက်တွေနဲ့ ပေါင်းစပ်တင်ပြချင်တာမို့ အတ္တဘောင်ထဲက မလွတ်ဘူးဆိုရင်လဲ အတွေ့အကြုံနည်းပါးသူ တစ်ယောက်အဖြစ် ခွင့်လွတ်ကြစေလိုပါတယ်။

( ၁ )
အဆောက်အဦ ဆောက်တဲ့အခါ ၊ ရေတွင်း ရေကန် တည်တဲ့အခါ ၊ ခောတ်မီမြို့ပြကို တည်ဆောက်
ကြတဲ့အခါ မြေနီအုတ်ကို မဖြစ်မနေ သုံးကြရပါတယ်။ မဟာပထ၀ီမြေကြီးကို တူးဆွ ရေနဲ့နှပ် ၊ စက်ထဲထည့်ကြိတ် ပြီးမှရလာတဲ့ အုတ်က စက်အုတ်ပေါ့...။ ဒါမှမဟုတ် မိရိုးဖလာနည်း ခြေထောက်တွေ၊လက်တွေအသုံးချပြီးမှ ရလာတဲ့အုတ်က လက်အုတ်ပေါ့...။ စက်ကတိုက်ရိုက် ထွက်လာတဲ့ စက်အုတ်ပဲ ဖြစ်ဖြစ် ၊ လူအားအဆင့်ဆင့်နဲ့ ကျော်ဖြတ်ပြီးမှ ထွက်လာတဲ့ လက်အုတ်ပဲဖြစ်ဖြစ် ပထမအဆင့် စိုနေရာကခြောက်သွားအောင် အရင်နေပူလှမ်း (သို့မဟုတ်) လေနဲ့အခြောက်ခံ လှမ်းကြရ တယ်...။ တကယ်လို့များ အုတ်မခြောက်ခင်...အုတ်အတွင်းပိုင်းက စိုနေသေးတဲ့အချိန်မှာ လောကြီးပြီးမီးရှို့မိတယ်ဆိုပါစို့ တစ်ဖြောက်ဖြောက်အသံတွေထွက်ပြီး အုတ်တွေကျိုးကုန်တော့တာကိုး...။
အဲဒီ အုတ်ခြောက်တွေကို မီးရှို့တဲ့အခါ သုံးတဲ့ ဖိုအမျိုးအစား နှစ်မျိုးရှိတယ်...။ကုန်ကျစရိတ်များပြီး ပထမတန်းစား အုတ်ထွက်တဲ့ ဖိုမျိုးကို ''ကျင်မနိ'' လည်း ခေါ်တယ်...''ကုလားဖို'' လည်းခေါ်တာပေါ့...။အသေလုပ်ထားတဲ့ မီးဖိုကြီးထဲအုတ်တွေ စီထည့် ၊ အပေါ်ကလည်း အပူလုံအောင်၊ အပူတွေစီးကူးပြီးအလဟသမဖြစ်ရအောင်မြေကြီးတွေနဲ့ ပြန်ဖုံး...''မီးပေါက်'' လို့ခေါ်တဲ့ ထင်းထည့်ရတဲ့ အပေါက်တွေကို သံဒယ်ပိုင်း အထူကြီးတွေနဲ့ အုပ်ထားပြီးထင်း ထည့်ရတော့မယ်ဆိုတော့မှ သံဒယ်ပိုင်းကြီးဖွင့် ထင်းပေါက်ခြမ်းတွေကို အပေါ်ကနေပစ်ထည့်ရတာပေါ့....။အဲဒီမီးဖိုကြီးက အုတ် ၃-သိန်း ၊ ၄-သိန်း ဆံ့သလောက်ထည့်လို့ရတယ်...။ ပုံစံတကျ စီထားတဲ့မီးဖိုရဲ့တစ်ဘက်ထိပ်က မီးစ ရှို့ပြီဆိုရင် နောက်တစ်ဘက်က မီးခိုးခေါင်းတိုင်ကြီးတွေ အသင့်ပြင်ထားတော့တာ...။ အားလုံးအဆင်သင့်ဖြစ်လို့မီးရှို့ပြီဆိုတာနဲ့ အုတ်ကြို၊အုတ်ကြားမှာ ခိုအောင်းနေတဲ့လေတွေကို...မီးခိုးခေါင်းတိုင်က လှမ်းဆွဲတာဆိုတော့ တဝေါဝေါအသံတွေကို ခပ်ဝေးဝေးကကြားနေရတာ ။မီးရှို့တဲ့ အလုပ်သမားတွေဆိုတာကလည်း နေပူ ၊မိုးရွာ ကျောဗလာနဲ့ ၊ အပူဒဏ်ခံနိုင်အောင် သောက်ထားတဲ့ အရက်နံ့ တထောင်းထောင်းနဲ့...။
အဲဒီမီးဖိုကြီးဘေးမှာ ကုန်တင်ကားကြီးတွေနဲ့ တိုက်ချထားတဲ့ ထင်းတုံးကြီးတွေကို အားကောင်းမောင်းသန် ယောင်္ကျားကြီးတွေက ပေါက်ဆိန်နဲ့ တစ်ခွမ်းခွမ်းခွဲရတာပေါ့..မီးပေါက်ရဲ့ထိပ်ဝက တစ်ပေလောက်ပဲရှိတာဆိုတော့ လူတစ်ဖက်လောက်ရှိတဲ့ထင်းတုံးကြီးတွေကို ပေါက်ခြမ်းလုပ်လိုက်မှ ဆံ့တော့မှာကိုး...မာကျောကျစ်လစ်တဲ့ သက်တမ်းရင့် လူတစ်ဖက်လောက်ထင်းတုံးကမှ လိုအပ်တဲ့မီးပေါင်ရမှာ၊ ထင်းကုန်သက်သာမှာ၊အုတ်အရေအသွေးကောင်းမှာဆိုတော့ ထင်းတုံးကြီးလေ ကြိုက်လေပေါ့။ အဲဒီခွဲထားတဲ့ ''ပေါက်ခြမ်း'' ဘ၀ကနေ မီးဖိုထဲက မီးကျီးခဲဘ၀ရောက်...ကားကြီးတစ်စီး စာထင်းလဲ ပြိုက်ကနဲ...နောက်တစ်စီးလဲ ပြိုက်ကနဲ...။ ထင်းထည့်တဲ့မီးပေါက်ကို အုပ်ထားတဲ့သံဒယ်ပိုင်း အထူစားတွေကိုများ သံချွန်နဲ့ မ ဖွင့်လိုက်ပြီဆိုရင် မီးညွန့်ကြီးကလူတစ်ရပ်နီးပါး ထောင်တက်လာတာ။ အဲဒီမီးပေါက်ကနေ''မီးဆရာ''က လိုချင်တဲ့အနေအထားကြည့်ပြီး ထင်းအတိုးအလျှော့ လုပ်ရတာပေါ့။ဆောင်းတွင်းဆို နည်းနည်းတော်သေး၊ နွေရာသီမှာတော့ နွေခေါင်ခေါင်အပူဒဏ်နဲ့ မီးဖိုကြီးရဲ့အပူဒဏ်ပေါင်းပြီး ညှော်နံ့တွေတောင် ထောင်းထောင်းထ နေသလားထင်ရတာ ...။ ဒီလိုဖိုမျိုးက ကုန်ကျစရိတ်ကြီးသလောက်...အုတ်ကောင်းတယ်။ တစ်ပြိုင်တည်း အုတ် ၃/၄ သိန်းထွက်တယ်၊ ကျွမ်းကျင်တဲ့ မီးဆရာဆိုရင်ရှေ့က မီးရှို့ရင်း၊ နောက်က အုတ်ဆက်စီတာ အုတ်၁၀သိန်းလောက်တစ်ဖိုတည်းနဲ့၊ တစ်ပြိုင်တည်း ရတတ်တာပေါ့...။
နောက်တစ်မျိုးက ''ဗမာဖို''လည်းခေါ်...''ဒုံးဖို'' လည်းခေါ်တာပေါ့...။ သူကမိုးတွင်းလို အချိန်လုပြီး လုပ်ရတဲ့ရာသီမှာ ဒါမှမဟုတ် ထင်းကောင်းရှားတဲ့ဒေသမှာ ဒါမှမဟုတ် အချောင်လိုက်တဲ့အခါမျိုးမှာသုံးတယ်...။ အကြီးဆုံးဆိုတဲ့ဖိုမှ အုတ်(၂)သိန်းပဲဆန့်တာကိုး ဒါပေမယ့် ကုန်ကျစရိတ်သက်သာတယ်၊ အုတ်ညံ့တယ်။ ''ကျင်မနိ''ဖိုက ထင်းကိုအပေါ်ကချပေးပြီး ဒုံးဖိုကထင်းကို အောက်ကထိုးသွင်းရတာ။ စတုရန်းပုံ၊ စတုဂံပုံ ပုံစံမျိုးစုံရှိတယ်။ အလွယ်ဆုံး ဥပမာပေးရရင် ပိရမစ်လိုပုံမျိုးပေါ့...။ အောက်ကထင်းထည့်ဖို့ တိုးယိုပေါက်ဂလိုင်ချန်ပြီး အပေါ်ကအုတ်ကိုအလပ်အဟာမရှိ ပိတ်နေအောင်စီတာ။ မီးရှို့ချိန်ဆိုရင် တစ်ပေလောက်လုံးပါတ်ရှိတဲ့ ထင်းတုံးကိုမျှင်ဝါးနဲ့ နောက်ကအားကုန်ထိုးထည့်လိုက်တော့ မီးတွေ ကိုဟုန်းဟုန်းတောက်ပေါ့....။
တစ်နှစ်...တစ်နှစ်ကို ထင်းကားတွေရာချီပြီးသုံးခဲ့ရတာ ။ ကျွန်မအဖေကခိုင်းတော့ ကျွန်မတို့ညီအစ်မက အလုပ်အကြောင်း၊ ထင်းအကြောင်း နောကျေနေတယ်ပဲပြောပါတော့...။ ဒါပေမယ့် စိတ်ထဲမှာဘယ်လိုမှမခံစားရဘူး...။ထင်းခုတ်သမားတွေ၊ ထင်းချအလုပ်သမားတွေ၊ ကားသမားတွေ၊ သက်ဆိုင်ရာကဏ္ဍအလိုက် အုတ်လုပ်ငန်းကအလုပ်သမားတွေ စေ့စေ့ပေါက်ပေါက်ရေတွက်ကြည့်ရင် လူတစ်ရာလောက်ကို အလုပ်ပေးနိုင်တဲ့ အလုပ်ရှင်...နိုင်ငံတော်ကိုအခွန်ထမ်းဆောင်နေတဲ့ အလုပ်ရှင်တစ်ဦးအဖြစ် ဂုဏ်တောင်ယူလိုက်သေးတာ၊ ငါတို့နောက်မှာငါတို့ကိုမှီခိုနေတဲ့လူတွေအများကြီးပါလား ဆိုတဲ့ပီတိက ကိုယ့်ကိုယ်ကိုယ် မဟုတ်တာမလုပ်မိအောင် ထိန်းကျောင်းပေးနေသလို၊ ကိုယ့်ကိုယ်ကိုယ်ကျေနပ်အားတက်စေတာပါ။ အဲဒါ ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်ပေါ့...။
ထင်းဝယ်ရင်ကားပေါ်တက်ကြည့်ရုံတင်မကသေးဘူး...ထင်းတောထဲအထိလိုက်ပြီး တောလိုက်ဈေးဖြတ်ပြီးဝယ်တာ။ ပျဉ်းကတိုးပါရဲ့လား...အင်ကြင်းပါရဲ့လား...ထောက်ကြံ့ပါရဲ့လား....ပျဉ်းမပါရဲ့လား။ ဂွေး၊ နဘဲ၊ လက်ပံ၊ ကသစ်၊ သရက်၊ ညောင်....အဲသလို အပွသားတွေများရင်သတ်မှတ်ဈေးထက်..သုံးချိုး တစ်ချိုးလျှော့ပြီးရှင်းလိုက်တာပဲ...။အဲဒါတောင်ကြီးမှာ အုတ်လုပ်တုန်းကပေါ့ ။ မန္တလေးဘက်ရောက်လာတော့ ''ဒုဌ၀တီ'' တစ်ကြောကမျှောလာတဲ့ ထင်းဖောင်တွေ၊ ထင်းမော်တော်တွေကို ဖောင်ပြတ်ဝယ်ရတာ။ ''ဒုဌ၀တီ''က တောကြီးတော့ အင်ကြင်းပဲလိုချင်တာဆိုရင် မော်တော်တစ်စီးလုံး အင်ကြင်း သားတွေချည်းပေါ့....။
ပျော့ပျောင်းနူးညံ့တဲ့မြေသားတွေကို သံဖြစ်လုနီးနီ မာကျောအောင် မီးဖုတ်ရမှတော့ ထင်းသားမာမှဖြစ်တော့မှာ ပေါ့။ လိုအပ်တဲ့ မီးပေါင်ရောက်အောင်အမာသားကမှ စံချိန်မီမယ်၊ထင်းကုန်သက်သာမယ်လေ...။ ဒုံးဖိုမှာမီးရှို့တဲ့အခါအုတ်ကို အလပ်အဟာမရှိ ပိတ်နေအောင်စီရတာ အုတ်...အုတ်ချင်းမီးကူးတဲ့ စနစ်ဆိုတော့ မီးနဲ့တိုက်ရိုက်ထိတဲ့အုတ်ခဲတွေက မီးခိုးရင့် ရောင်ပေါက်ပြီး...လေး၊ ငါး၊ ဆယ်ချပ်အတွဲလိုက် အုတ်တစ်ခဲခြင်း ပုံစံပျက်ပြီး ဒုလိုက်၊ ဒယ်လိုက်ဖြစ်ကုန်တတ်တာ...အဲဒါကို အုတ်လောကအခေါ်...သံရောင်ပေါက်တယ်၊ချော်တွဲတယ် ခေါ်တာပေါ့။ ဒုံးဖိုမှာ အဲဒီလိုသံရောင်ပေါက်အောင်၊ ချော်တွဲအောင်မီးရှို့မှ အပေါ်အုတ်တွေပထမတန်းစား စာရင်းဝင်မှာလေ။ အဆုံးသတ်ရရင် ထင်းအမာသား...မာလေကြိုက်လေပဲ၊ ထောက်ကြံ့လဲသုံးတာပဲ တစ်ခါတစ်လေပါလာတဲ့ ပျဉ်းကတိုးလဲသုံးတာပဲ။ ကျွန်းကိုတော့ မသုံးဘူး။ တိုင်းပြည်ချစ်လို့၊ တန်ဖိုးနားလည်လို့ဆိုတာထက် မှိုင်းစွဲလို့...။အုတ်ဖိုထဲကျွန်းသားထည့်လိုက်ရင် အုတ်တွေမှိုင်းစွဲပြီး မည်းကုန်ရော။အဲဒါကြောင့်မသုံးတာ...။
( ၂ )

အဲဒီလိုနဲ့အချိန်တွေက ၂၀၀၀ခုနှစ်ကိုဖြတ်သန်းသွားကြတယ်။မဂ္ဂဇင်းတွေထဲ၊ စာစောင်တွေထဲက''ပတ်ဝန်းကျင် ထိန်းသိမ်းရေး'' အကြောင်းအရာကို သတိထားမိလာတယ်...။ကျွန်မတို့အားလုံးရဲ့နေရာအတွက် ၀ိုင်းဝန်းဆွေးနွေးနေကြတာ၊ အချက်အလက်တွေတွက်ပြနေတာ၊ ရာစုနှစ် အစပိုင်းနဲ့ အဆုံးပိုင်းပတ်ဝန်းကျင်တွေကိုနှိုင်းယှဉ်ပြနေကြတာ.. . အများကြီးပါပဲ...။ ခြောက်ခန်းသွားတဲ့ ပင်လယ်ကြီး...၊ ပျောက်ဆုံးသွားတဲ့ သစ်တောကြီးတွေ...၊ သုံးဖို့မသင့်တော် လောက်အောင် ညစ်ပတ်နေတဲ့ ကမ္ဘာ့မြစ်ကြီးတွေ...၊ ကမ္ဘာကြီးပူနွေးလာတာတွေ...၊ ဖန်လုံအိမ် အာနိသင်တွေ...အိုဇုန်း လွှာကြီးရဲ့ အကြောင်းတွေ.....ဒါတွေအတွက်ြွကပ်ြွကပ်အိတ်ကလေးတစ်အိတ်တောင် မသုံးသင့်တာကိုအချက်အလက် ကိန်းဂဏန်းတွေနဲ့ ချပြနေကြတာ၊ ကမ္ဘာရွာကြီးက ၀ိုင်းပြီးဆွေးနွေးနေကြတဲ့အချိန်မှာ....ကျွန်မနဲ့ ကျွန်မတို့မိသားစုက သစ်ပင်တွေရာချီဖျက်ဆီးနေခဲ့ပါလားလို့ တွေးမိလာတယ်။ အဲဒီလိုတွေးမိတဲ့အချိန်က စ ပြီးလူမသိ သူမသိဒုက္ခရောက်တော့တာပဲ။
ဒီအမြင်၊ ဒီအတွေးနဲ့ ကျွန်မတို့အုတ်လုပ်ငန်းကြီးကို ရပ်ဆိုင်းပစ်နိုင်တဲ့သတ္တိ ကျွန်မမှာမရှိဘူး..။ဥု လို့အမည်တပ်ထားတဲ့ အုတ်လုပ်ငန်းကြီးကိုကျွန်မတို့ မိသားစုတင်မှီခိုနေတာမဟုတ်ပဲ... ရာချီတဲ့အလုပ်သမား မိသားစုတွေလည်းမှီခိုနေတယ်လေ...။ ဒီအုတ်လုပ်ငန်းကိုပဲ ဆယ်စုနှစ်တစ်ခုကျော်ကျော် အဓိကစီးပွားရေးအဖြစ်လုပ်ကိုင်ခဲ့တာ ကိုး ။ ဒုဌ၀တီမြစ်ကမ်းနဖူးမှာ...လေကလေးတဖြူးဖြူး ကျစိမ့်လေးတစ်ခွက်နဲ့ ထင်းဝယ်ရတဲ့အလုပ်မှာ အရင်လို မသာ
ယာတော့ဘူး၊ အလိုလိုနေရင်းတွန့်ဆုတ်နေမိတော့တာ...။ ဆရာမဂျူးလို ဈေးဝယ်တာကအစကြွတ်ကြွတ်အိတ်အစား အ၀တ်အိတ်တို့၊ တောင်းတို့ သုံးနိုင်လောက်အောင်ပြတ်သားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်ရှိခဲ့ရင်၊ ဒါမှမဟုတ်ဘာမှမသိခင် တုန်းက အခုလက်ရှိအုတ်ဖိုပိုင်ရှင်တွေလို..'' ဟေ့ အုတ်ထင်းဆိုရင် အင်ကြင်းမှ၊ထောက်ကြံ့မှ'' ဆိုတဲ့၊ ပြတ်သားတဲ့ ဆုံးဖြတ် ချက်ရှိရင် အခုလို ''ဗုံမဟုတ်၊ ပတ်မဟုတ်'' ဘ၀ကတော့ နေပျော်မှာပဲ...။
ကိုယ်ရွေးတဲ့လမ်းဟာ ခြေနှစ်ဖက်သွားသာရုံလား၊ လမ်းမကျယ်ကြီးလား၊ အပြန်မရှိတဲ့တစ်လမ်းသွားလား၊ အသွားအပြန်နှစ်လမ်းသွားလား၊ ချောက်နက်တွေ...တောင်ကဗ္ဘားရံတွေ ပြည့်နေတဲ့အန္တရာယ်လမ်းလား..ပန်းရောင်စုံ ဘယ်ညာဝန်းတဲ့ပျော်စရာလမ်းပေပဲလား...။
လမ်းပေါ်မရောက်ခင်တင် စဉ်းစားရမှာ၊လေ့လာရမှာ မဟုတ်ဘူး၊ လမ်းလျှောက်နေရင်းနဲ့ အချိန်ပြည့်လေ့လာ နေရမှာ...ဒါမှကိုယ်စိတ်နှလုံးသုံးပါးလုံးနဲ့ ညီညွှတ်မျှတတဲ့ ''လမ်းမှန်'' ကိုရွေးချယ်နိုင်မယ်၊လိုအပ်ရင် အသစ်ပြောင်းနိုင်မယ် မဟုတ်လား...။
နောက်ပိုင်း အုတ်လုပ်ငန်းကို အခြေအနေအကြောင်းကြောင်းကြောင့် ရပ်ဆိုင်းပစ်လိုက်တဲ့အခါကျွန်မရင်ထဲ တော်တော်ပေါ့သွားတယ်...။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်ကြောင့်ရပ်တာမဟုတ်ပဲ အကြောင်းကြောင်းကြောင့် ရပ်ရတာ ဖြစ်ပေမယ့် လိပ်ပြာသန့်သွားတဲ့အဖြစ်က ကျွန်မဘ၀ကိုစိတ်ကြည်နူးမှုနဲ့ကျေနပ်စေတယ်။ အုတ်လုပ်ငန်းကို ရပ်ပစ်လိုက်လို့လိပ်ပြာသန့်သွားရတဲ့အဖြစ်ထဲမှာ အရွယ်မရောက်သူအလုပ်လုပ်ခိုင်းတဲ့ ကလေးသူငယ်ဥပဒေကလည်း အကြောင်းတစ်ရပ်ဖြစ်နေခဲ့ပါတယ်။
( ၃ )

ကျွန်မတို့ အုတ်လုပ်ငန်းမှာအရွယ်စုံကျွမ်းကျင်အလုပ်သမား မှီခိုသူမပါ အယောက်(၇၀)လောက်သုံးရတယ်။အဲဒီကျွမ်းကျင်အလုပ်သမားတွေထဲမှာ ဖအေ၊မအေတွေက အလုပ်လုပ်တော့ ''ပေါက်ခုံ'' လို့ခေါ်တဲ့ လုပ်ငန်းခွင် အုတ်ပေါက်တဲ့ တဲကလေးမှာ နို့စို့ကလေးကိုအ၀တ်ပုခက်နဲ့ချိတ်ပြီး သိပ်ထားမယ်...။သူ့အထက်ကလေးက ဘ၀တူသူငယ်ချင်းတွေနဲ့ ပေါက်ခုံဘေး သဲပုံ၊ရွှံ့ပုံပေါ်မှာဆော့မယ်...။ အဲဒီကလေးထက်ကြီးတဲ့ကလေးက ဖအေ၊မအေကို တတ်နိုင်သမျှဝင်ကူလုပ်မယ်။ အဲဒီလိုနဲ့ မိဘနေမကောင်းဖြစ်ရင် ဆော့ရင်း၊ ကစားရင်း အလုပ်သင်ဖြစ်မှန်းမသိဖြစ်နေတဲ့ ကလေးကမိဘနေရာ အစားဝင်လုပ်ပေးမယ်...။ အတူတူတွဲလုပ်ရတဲ့အလုပ်သမားတွေကလည်း ဘ၀တူတွေဆိုတော့...ကလေးကိုညှာပြီး တွဲခေါ်မယ်....။အဲဒီလိုနဲ့ အဲဒီကလေးတွေက...အလုပ်သင်ဘ၀ကနေ အလုပ်သမားရင့်မာကြီးဖြစ်သွားရော.....။
မိဘတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့လမ်းပြသွန်သင်မှုအောက်မှာပဲ အရွယ်ကလေးရလာတာနဲ့ ယောကျာ်းလေးကလည်း ဆေးလိပ်ကလေးတဖွာဖွာ၊ အရက်ကလေးတမြမြပေါ့...။ မိန်းကလေးတွေကလည်း ဗီဒီယိုရုံသွားရင်း ၊သွားရင်းက ကိုယ်တိုင်မင်းသမီးဖြစ် သိပ်မကြာခင် ကလေးတို့လို၊တွဲလောင်းပေါ့လေ...။
အဲဒီဘ၀တွေနဲ့ နေ့တိုင်းထိတွေ့ဆက်ဆံနေရတဲ့ ကျွန်မအဖို့တော့သတိမမူရင်...ဂူမမြင်ဘူး။ သတိမူလိုက်တာ နဲ့...အရာအားလုံးရဲ့ကောင်းကျိုးဆိုးပြစ်တွေကို မျက်ဝါးထင်ထင်မြင်လာရတော့တာပဲ။ အလုပ်သမားဘ၀ဆိုတာ မိသားစုစီမံကိန်းကိုမသိဘူး။ အနာဂါတ်မရှိ၊ အတိတ်မရှိ...တကယ့် ပစ္စုပ္ပန်သမားသက်သက်...။ မနေ့က မစားခဲ့ရတာကို ပြန်တွေးပြီး လွမ်းမနေသလို မနက်ဖြန် မစားရမှာကိုလည်း စိုးရိမ်မနေဘူး...။ ဒီနေ့အတွက်ထမင်းစားပြီး ဗီဒီယိုရုံပြေးနိုင်ဖို့က အရေးကြီးဆုံး...။ အဲဒီလိုဘ၀တွေမှာ ''တားဆေး'' ဆိုတာလည်းမသိဘူး... ''သားဆက်ခြား''တာလဲမသိဘူး... ''အနာလဲပျောက် နောက်တစ်ယောက်'' ဆိုတာလိုပဲ... မွေးတုန်းခဏပင်ပန်းဆင်းရဲတာလဲ ပျောက်ရော... နောက်တစ်ဗိုက်ရောက်နေပြန်ရော။ အဲဒီတော့ မိဘနဲ့သားသမီး အချိုးမညီတော့ဘူး၊ ရှာကျွေးနိုင်တဲ့ မိဘကနှစ်ယောက်တည်း...မွေးထားတဲ့ကလေးတွေက တစ်ပြုံတစ်မ ဆိုတော့...''နတ်ထွင်းတဲ့ခံတွင်းတွေ'' အချိန်မီစိုပြေနိုင်ဖို့အတွက်...အရွယ်မရောက်သေးလည်း ခိုင်းရတာပဲ။
(၁၀) နှစ်အထက်ရောက်လာရင်ငွေရှာတဲ့...ငွေဝင်တဲ့အလုပ်မှာဝိုင်းကူမယ်။ (၅)နှစ်ကျော်ရင် ငွေမ၀င်ပေ
မယ့် အရေးကြီးတဲ့...ချက်တဲ့၊ပြုတ်တဲ့အလုပ်တွေမှာ ၀ိုင်းကူမယ်...။ ဒါထုံးစံပဲ။ ၇နှစ်၊ ၈နှစ်ကလေးမလေးက တစ်မိသားစုလုံး စားမယ့်ထမင်းအိုးကြီးကို မနိုင်အင်ကာ....မ ငှဲ့မယ်၊ နောက်မီးတောက်နေတဲ့ထင်းတွေ ဘေးကပြာပုံထဲထိုးထည့်...။ မီးကျီးခဲတွေကျန်နေသေးတဲ့ဖိုခွင်ပေါ် ထမင်းအိုးပစ်ထားခဲ့ပြီးနို့စို့ကလေး ခါးထစ်ခွင်ချီ ...နို့ညှာကလေးလက်ဆွဲ ဘ၀တူကလေး
အဖေါ်တွေနဲ့ ရွှံ့တွေ၊ သဲတွေကြားဆော့မယ်၊ ပြီးရင် အုတ်စက်တွေမှာအုတ်လုပ်ဖို့မြေယူရင်း ချိုင့်သွားတဲ့ ''မြေစာကျင်း'' လို့ခေါ်တဲ့ ရေကန်ထဲရေဆင်းချိုးကြ၊ ရေဆော့ကြတာ ခေါင်းကဆံပင်တွေပြောင်းဖူးမွှေးလို နီရဲနေတဲ့အထိပေါ့...။
၁၀ နှစ်ကျော်တဲ့ကလေးတွေကိုယ်တိုင်က မိဘအလုပ်မှာ လိုလိုလားလားဝင်ကူလုပ်မယ်....။ တောင်ပြုံးပွဲ၊ ရတနာ့ဂူပွဲကတည်းက ငွေကြိုယူထားတဲ့ နေ့စဉ်တာဝန်ကျအလုပ်ကို အဲဒီသားသမီးတွေအကူအညီနဲ့ သတ်မှတ်ချိန် ထက်စောအောင်လုပ်၊ ပိုတဲ့အချိန်မှာ ပုတ်ပြတ်အလုပ်တစ်မျိုးမျိုးကို...''အုတ်စက်ပိုင်ရှင်'' ဒါမှမဟုတ် ''အလုပ်ခေါင်း''ဆီမှာတောင်းပြီး မိသားစုအားနဲ့ ၀ိုင်းလိုက်၊၀န်းလိုက်ရင်...မိသားစုအတွက်အပိုဝင်ငွေ ရလာတာပေါ့။ အပိုဝင်ငွေ ဆိုပေမယ့် မိသားစုစားအိုးကိုဖြည့်မယ့် အဓိက၀င်ငွေလည်းဖြစ်သေးတာကိုး။ ရာသီမတိုင်ခင် ကြိုသုံးယူထားတဲ့ငွေတွေက အြွေကးဟောင်းဆပ်ရတာနဲ့ အိမ်အတွက်လိုတာတို့တို့တိတိ ၀ယ်တာနဲ့ တကယ်အလုပ်လုပ်တဲ့ အချိန်မှာကုန်ပြီလေ။ အဲဒီတော့ ကြိုသုံးငွေခုနှိမ်ပြီးပိုတာက ဆန်ဖိုးပဲရှိတော့တာဆိုတော့ နေ့စဉ်အပိုဝင်ငွေမရှာနိုင်တဲ့နေ့ ဟင်းမပါတဲ့နေ့ပေါ့... အဲဒီအတွက်...သူ့မိဘက သူ့ကလေးကိုခိုင်းတာ သူတို့ရဲ့အမြင်မှာ ဘာမှမဖြစ်ဘူး...ဖြစ်နေတာကကျွန်မ...။
ကျွန်မကိုယ်တိုင်ကလည်း မသိခင်က ဘာမှမဖြစ်ဘူး...သိပြီးမှဖြစ်လာတာ ။ ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ ''အရွယ်မရောက်သူ အလုပ်လုပ်ခိုင်းတဲ့ ပြဿနာ'' ကိုဆွေးနွေးဝေဖန်သံတွေ....သတိထားမိလာတယ်။ ကိုယ့်အလုပ်ကလည်း ကလေးအလုပ်သမားတွေနဲ့ မကင်းတဲ့အလုပ်ဆိုတော့ ထုံးစံအတိုင်းခေါင်းခဲရတော့တာပဲ။ ကလေးတွေကိုအလုပ် မလုပ်ခိုင်းရင်. သူတို့မိသားစုတွေကို တင်ကျွေးထားဖို့ပဲ ရှိတော့တာ...။ အဲလိုတင်ကျွေးထားရအောင်ကလည်း ဘဲအုပ်က တစ်ရာ၊ နှစ်ရာ....မဗေဒါက တစ်ပင်တည်းမဟုတ်လား...။
တစ်ရက်တော့....ဥပဒေနဲ့ကျောင်းပြီးတဲ့သူငယ်ချင်းဆီက ကလေးသူငယ်ဥပဒေ ကိုငှားဖတ် ဖြစ်တယ်။ အဲဒီမှာ ကလေးသူငယ်ဥပဒေပုဒ်မ ၆၅ကို ဖတ်ပြီးမှသက်ပြင်းချနိုင်တယ်...။ အစိုးရကပြဌာန်းထားတဲ့ ဥပဒေအရ ကျွန်မရဲ့လုပ်ငန်းခွင်က ကလေးတွေ၊ မိဘတွေအပြင် တာဝန်ရှိသူ ကျွန်မတို့မိသားစုပါ အပြစ်မရှိဘူး...ဥပဒေအရ သက်ပြင်းချနိုင်ပါတယ်။ လူမှုရေးကပြဌာန်းထားတဲ့ ဥပဒေအရလည်းခွင့်လွှတ်လျစ်လျူရှုနိုင်ပါတယ်...။ ရင်ထဲကခံစားချက်တွေနဲ့ ပြဌာန်းထားတဲ့ဥပဒေမှာတော့...ငြိနေတာအမှန်ပဲ...။
ဝင်ငွေကောင်းတဲ့ အုတ်လုပ်ငန်းကိုရပ်ပစ်လိုက်ရတဲ့အချိန်မှာ...စိတ်ခံစားမှုတွေ လွတ်လပ်သွားတဲ့အဖြစ်က ဘာအလုပ် လုပ်ရမှန်းမသိတဲ့ဝမ်းနည်းမှုနဲ့ အားပြိုင်နေခဲ့တယ်....။ ဒီလမ်းကိုလျှောက်ဖို့ အဆင်မပြေတော့ဘူးဆိုရင် ... နောက်တစ်လမ်းကို ရွေးချယ်ရမှာပဲ မဟုတ်လား...။
( ၄ )

နောက်ပိုင်းတော့ရန်ကုန်မြို့မှာ အခြေချဖြစ်သွားတယ်။ ကျွန်မတို့နောက်ထပ်ရွေးချယ်ခဲ့တဲ့ လမ်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်ကော...အရွယ်မရောက်သူအလုပ်လုပ်ခိုင်းတဲ့ ပြဿနာအတွက်ကော...အမြင်၊ အကြား၊ အသိ သက်သာသွားပြီ။
အဆောက်အဦတစ်ခုအတွက် သစ်သုံးရတယ်၊ အုတ်သုံးရတယ်။ အဲဒီအဖြစ်တွေက ကိုယ်တိုင်လက်ညိုး ထိုးဝယ်ထားတဲ့ ...သစ်ပင်ကို မီးဖိုကြီးထဲထည့် မီးရှို့ရတဲ့ အဖြစ်ထက်တော့ စိတ်သက်သာမှုရစေတယ်လေ...။ နောက်ကျွန်မတို့ အလုပ်သမားတွေဟာ '၁၈နှစ်' ကျော်နေပြီဖြစ်တဲ့၊ အင်ပြည့်အားပြည့် အသက်ပြည့်သူတွေချည်းပဲ...။ အလုပ်နဲ့ပါတ်သက်တဲ့ တင်းအားတွေလျော့ကုန်ပြီ။ ကျွန်မတို့ရဲ့ ဒုတိယလမ်းမှာ...စိတ်ရောကိုယ်ပါပျော်ရွှင်ချမ်းမြေ့နိုင်ဖို့ လမ်းပေါ်မရောက်ခင်ကတည်းက ကျိုးစားရွေးချယ်သင့်တယ်မဟုတ်လား.....။
အုတ်လုပ်တုန်းက ခံစားချက်တွေမှိန်ဖျော့ငုတ်လှျိုးသွားကြပြီ။ ဒါပေမယ့်သိပ်မကြာခင်ကပဲ အဲဒီခံစားချက်တွေအသစ်ဖြစ်လာခဲ့တယ်။ အလုပ်ကိစ္စတစ်ခုရှိနေလို့ ဆူးလေကိုသွားဖို့ အလုပ်ပေါ်လာတယ်။ တောင်ဒဂုံကထွက်တဲ့ ၅၆ ဘတ်စ်ကားကိုစီးသွားရင် ဆူးလေကိုရောက်ရော၊ အဲဒါနဲ့ ၅၆ကားနဲ့လိုက်လာခဲ့တယ်။ ဂိတ်စ ပြီးနှစ်မှတ်တိုင်လောက်က စီးတာဆိုတော့ထိုင်ခုံရတာပေါ့။ တမေ့တမောစီးရမယ့်ခရီးမှာ...ထိုင်ခုံပေါ်ထိုင်ပြီး တွေးမိတွေးရာ တွေးနေမိတာ... ကျွန်မအတွက်အတွေးနဲ့ စိတ်ကူးယဉ်ခြင်းဟာ ဘာတစ်ခုနဲ့မှ ချိန်ထိုးလဲစရာမလိုပဲ ...ဖောဖောသီသီရတဲ့ပစ္စည်းမဟုတ်လား။ အဲဒီလိုတွေးကောင်းနေတုန်း...ပေါင်ပေါ်တင်ထားတဲ့အိတ်ပေါ် တစ်ခုခုလာဖိလို့ မော့ကြည့်လိုက်တော့ ၁၂နှစ်အရွယ်ကလေး တစ်ယောက် အလျင်စလိုပုံစံမျိုးနဲ့ စာရွက်တစ်ရွက်ကိုကျွန်မပေါ်လာတင်တာ၊ လွင့်သွားမှာကြောက်တာလား... ဒီမှာစာရွက်ထားခဲ့ပြီလို့ အသိပေးချင်တာလားတော့မသိဘူး။ ရိုးရိုးမတင်ဘူး၊ ဖိတင်ခဲ့တာ...ပြီးတော့ ချက်ခြင်းပဲ နောက်လူ... နောက်လူတွေဆီတိုးဝင်သွားရော...။
ကျွန်မစိတ်ထဲမှာ အမြဲကြုံနေကျလက်ကမ်းကြော်ငြာပဲအောက်မေ့မိတယ်...ဒါပေမယ့်စာရွက်ကလေး က သစ်မနေပဲ ကိုင်ပါများလို့နွမ်းနေပုံလေး။ စာရွက်ကလေးကိုအသာဖတ်ကြည့်မိတော့မှ အံ့သြတုန်လှုပ်မိတော့တယ်....။ဖြစ်မှဖြစ်ရလေ...တောင်းနည်းအသစ်တစ်မျိုးပေါ့။ အဲဒီအလုပ် လုပ်ရအောင်လည်း... ကလေးကသန့်သန့်ပြန့်ပြန့်လေး။ သန့်ပြန့်တယ်ဆိုတာ အ၀တ်အစားတင်မကဘူး၊ ရုပ်ရည်လေးကပါ ''လူရည်မွန်''ရုပ်ကလေး ထွက်နေတာ... အဲဒီ''လူရည်မွန်ကလေး''ကို ''လူရည်ချွန်ကလေး''ဖြစ်လာအောင် မပြုစု၊မစောင့်ရှောက်ဘဲ...ဒီလိုလူပေါ်၊လူညွှန့်ခူးတဲ့နည်း၊ လူ့ဂုဏ်သိက္ခာဆိုတာ မရှိအောင်မျက်နှာပြောင်တိုက်တဲ့နည်း ဘယ်သူသင်ပေးခဲ့ပါလိမ့်....။
စာထဲမှာရေးထားတာက '' သူက ဒုတိယတန်းကျောင်းသားပါ၊ သူ့ဖခင်ကြီးက ကိုယ်ရေပြားရောဂါ သည်မို့ အလုပ်မလုပ်နိုင်ပါဘူး၊ အဲဒီအတွက် ထောက်ပံ့ကြပါ '' ပေါ့၊ ကွန်ပျူတာစာစီထားတဲ့ စာရွက်ကလေးထဲမှာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားပေမယ့် လိုရင်းကတော့ဒါပဲ....။ ၁၂ နှစ်သားရဲ့ ဥာဏ်ကဒီလောက်မတတ်နိုင်ဘူး။ သူ့ကိုဒီလိုလုပ်ဖို့စီစဉ်ပေးတာ ဘယ်သူလဲ...။ လက်ဦးဆရာ မည်ထိုက်စွာလို့ဆိုတဲ့ မိဘတွေပဲလား...ပတ်ဝန်းကျင်ပဲလား...။ ကိုယ့်ခွန်ကိုယ့်အား မပါပဲ သူတစ်ပါး ပိုက်ဆံကို ဘာလို့များလိုချင်ရတာပါလိမ့်...။ အပြစ်မဲ့တဲ့ကလေးတွေကို အချောင်ခိုတဲ့ စိတ်ဓါတ်အမွေ ဘာလို့ပေးခဲ့ချင်တာပါလိမ့်....။
စာရွက်ကလေးကိုင်ပြီးတွေးနေတုန်း ''စာရွက်ရှင်ကလေး'' ပြန်လှည့်လာတယ်။ လွယ်အိတ်ကလေး
လွယ်လို့၊ သနပ်ခါးပါးကွက်ကလေးကွက်လို့....ကျွန်မပြန်ပေးတဲ့စာရွက်လေးယူပြီးထွက်သွားတယ်...။ သူပေးခဲ့တဲ့လူတွေထဲက ကျွန်မလိုပဲစာရွက်ချည်းပြန်ပေးတဲ့သူ...စာရွက်နဲ့ရောပြီးငွေစက္ကူတစ်ချို့ပေးတဲ့သူ...အမျိုးမျိုးပါပဲ...။ သူကလေးကတော့ ခပ်တည်တည် '' ပေးတော့လည်းယူလိုက်မယ်မပေးတော့လည်းနေပေါ့ '' ဆိုတဲ့မျက်နှာပေးကလေးနဲ့...။ အချောင်ခိုချင်တဲ့ စိတ်ဓါတ်၊ အချောင်ခိုချင်တဲ့ အသိုင်းအ၀ိုင်းကြောင့်သာပဲ...အနေအထား၊ အရည်အသွေးကသူတောင်းစား အစစ်၊ သူတောင်းစားအဆင့်မဟုတ်ဘူး.....။
ပြောရမယ်ဆိုရင်သူတောင်းစားဆိုတာကလည်း... သူများပိုက်ဆံ ကိုယ့်ပိုက်ဆံဖြစ်အောင် လုပ်ရတာ ဆိုတော့...'' အစ်ကိုကြီး၊ အစ်မကြီးတို့ရယ်...ပိုက်ဆံကလေးနည်းနည်းလောက်သနားကြပါ '' တို့''ထမင်းကျန်၊ ဟင်းကျန် လေးများရှိရင် စွန်ကြဲကြပါ ခင်ဗျာ '' တို့....တစ်မျိုးမျိုးတော့ အသံကလေး၊ ဟန်ကလေး၊ မျက်နှာပေးကလေး ရင်းကြရတာမဟုတ်လား...။ အဲသလို သနားစိတ်ပေါ်လာအောင်ပြောဆို တောင်းရမ်းရတဲ့အတွက် ပေါ်ပေါက်လာတဲ့ သနားစိတ်ကို အရင်းခံပြီး ပေးရမယ်ဆိုရင်တောင် ပေးပျော်ပေးရဲ့.....။
အခုတော့ အေးဓါးပြတိုက်တာလိုလို၊ မိုက်ကြေးခွဲတာလိုလို......ကလေးနဲ့မလိုက်တဲ့စိတ်နေ၊စိတ်
ထား၊ အပြုအမူက ဘယ်လောက်ကြောက်စရာကောင်းလဲ...။ အနာဂါတ်မသိ၊ အတိတ်မသိ...ပစ္စုပ္ပန်တည့်တည့်ရှုတတ်တဲ့ ကျွန်မရဲ့အလုပ်သမားတွေက သူတို့သားသမီးတွေကိုအလုပ်လုပ်ခိုင်းတယ်...။ ဒါဟာ အဖေတို့၊အမေတို့ခင်းပေးတဲ့ ''လမ်း''...မင်းတို့တစ်သက်လုံးလျှောက်ပေတော့လို့ ပြောလိုက်တာပဲဟုတ်လား...။ သူ့မိဘ၊ သူ့ကလေး၊ သူ့ဖွဲ့စည်းပုံ၊ သူ့မိသားစုရေးကို ငြိုငြင်ခဲ့ဖူးတဲ့ ကျွန်မ အခုမှနားလည်လာမိတယ်....။
( ၅ )

အလုပ်နားတာနဲ့..ယောကျာ်းတွေက အရက်မူး၊ အော်ဟစ်၊ ရန်ဖြစ်...မိန်းမတွေကကော မိုးကလေးချုပ်တာနဲ့ အငယ်ဆုံးကလေးခါးထစ်ခွင်ချီ၊ ကျန်တဲ့ကလေးတွေကို နောက်ကနေ နွားကျောင်းသလို တဟဲ့ဟဲ့မောင်းပြီး ဗီဒီယိုရုံထဲသွင်း နောက်ဗီဒီယိုပြီးပြန်တော့ အိပ်ချင်မူးတူးကလေးတွေကို ဒယဥ့်တိုက်ဆွဲသင့်တဲ့ကလေး...ဒယဥ့်တိုက်ဆွဲ၊ တုတ်နဲ့ ရိုက်သင့်တဲ့ကလေး...ရိုက်ပြီး ၊ သူတို့ရဲ့တဲသာသာ ဆောင်အိမ်နန်းကို ပြန်ကြရတာ...။
အိမ်ရောက်ပြန်တော့လဲ ကလေးတွေကော၊ မအေပါခေါင်းချလိုက်တာနဲ့ အိပ်ပျော်ကြရော...။
အဲဒီလို ဗီဒီယိုကြည့်လို့များငွေပိုနေတယ်....စားကောင်းသောက်ဖွယ်စားနေရတယ်မထင်နဲ့။ ကြမ်းပေ့၊ ဈေးပေါပေ့ဆိုတဲ့.. ဆန်ကို 'ဆားငံပြာရည်ဖျော်'လို့ အလွယ်တကူ ခေါ်ကြတဲ့ ဆားရယ်၊ ငရုပ်သီးလှော်မှုန့်ရယ်ရောပြီးရေဖျော်ထားတာကို ဘောစကိုင်းညွှန့်လေးခူးပြီးပြုတ်တို့...အဲဒါသူတို့ရဲ့ ပင်တိုင်ဟင်းလျာပေါ့...။
အဲဒီလို မိဘမျိုးတွေက သားသမီးတွေကို လမ်းတစ်လမ်း ဖောက်မှန်းမသိဖောက်ပေးခဲ့တာ...။ သေချာတာတစ်ခုကတော့ ကိုယ့်ခွန်၊ကိုယ့်အားကို တန်ဘိုးထားတတ်အောင် နည်းပြခဲ့တာပဲ...။ သူတစ်ပါးပစ္စည်းအချောင်ရလို စိတ်နဲ့ ''တောင်းစား'' ဖို့ နည်းလမ်းမပြခဲ့ကြဘူး...။ ကျွန်မတို့ ပတ်ဝန်းကျင်မှာပုံစံမျိုးစုံနဲ့ တောင်းစားတဲ့လူတွေကိုတွေ့ဖူး ကြမှာပဲ..။ အဲဒီလူတွေထဲမှာ အမှန်တကယ်အကူအညီလိုအပ်လို့တောင်းတဲ့ လူရှိသလို၊ အချောင်ရလို့တောင်းတဲ့လူတွေလဲ အနမတဂ္ဂမဟုတ်လား....။ ဒီလိုလူတွေအကြောင်းတွေးရင်းနဲ့မှ မြင်လာတာက...၀ပ်ရှော့တွေမှာ စက်ဆီချေးတွေ ပေပွနေတဲ့ကလေးတွေ...ကားဂိတ်တွေမှာ ပစ္စည်းမျိုးစုံရောင်းတဲ့ကလေးတွေ...လဘက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေမှာ စားပွဲထိုးလုပ်နေတဲ့ကလေးတွေ...၊မီးပွိုင့်တွေမှာ ပန်းတို့၊သတင်းစာ၊ဂျာနယ်တို့ ရောင်းတဲ့ကလေးတွေ...အများကြီးပါပဲ..။
ငယ်ကတည်းက လုပ်အားတန်ဖိုးချစ်မြတ်နိုးတဲ့ကလေးတွေ၊ ကိုယ့်ခွန်ကိုယ့်အားကိုမှ တန်ဘိုးထား
တတ်တဲ့ကလေးတွေ၊ ကိုယ်ချွေးနည်းစာကိုမှ မက်မောတဲ့ကလေးတွေ....၊သူတစ်ပါးပစ္စည်းအချောင်ခိုဖို့ ရှက်တဲ့ကလေးတွေ၊ကိုယ့် ချွေးစက် မကျခဲ့ဘူးရင်...ဘယ်အရာကိုမှ အလကားမလိုချင်တဲ့ကလေးတွေ... ကျွန်မတို့ကမ္ဘာရွာကြီးရဲ့ အနာဂါတ် အတွက်...လိုအပ်နေတာ အဲဒီကလေးမျိုးတွေပဲမဟုတ်လား...။ အဲဒီတော့ ဒီလိုတောင်းစားတတ်တဲ့ကလေး တွေထက် ... လုပ်ငန်းခွင်က ကလေးတွေကိုကျွန်မတို့တွေက မချီးမြှောက်သင့်ဘူးလား...သူတို့ကလေးတွေအတွက် ''လမ်း'' တွေကူ ဖေါက်မပေးသင့်ဘူးလား....။ လမ်းမှားရောက်သူ၊ လမ်းပျောက်သူတွေကိုကော...လမ်းမှန်ရောက်အောင် ကြိုးစားဆွဲခေါ်မပေးသင့်ဘူးလား...။
'' စာရွက်ရှင်ကလေး '' နဲ့ကြုံလိုက်ရတဲ့တခဏမှာ...အတွေးတွေ၊ စဉ်းစားစရာတွေတင်မကဘူး၊ ဆုံးဖြတ်စရာတွေပါရလာခဲ့ပါတယ်...။ ကျွန်မကသားတွေအတွက် အတ္တမျက်နှာဖုံးကိုမခွာနိုင်ခင်က...စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်မတို့မရှိတဲ့နောက် သားတွေအဆင်ပြေပါ့မလား...သူတို့ရှေ့မှာမားမားမတ်မတ်ရပ်တည်တဲ့ အဖေနဲ့အမေ မရှိတော့တဲ့အခါ သူတို့ဒုက္ခရောက်ကြတော့မလားပေါ့လေ။ အခုတော့အမှန်တရားကိုမြင်တတ်လာပြီ...။ ကျွန်မသားတွေအတွက်ကော... ကျွန်မကအရာရာပြီးပြည့်စုံခြင်းကို ဖန်တီးပေးနိုင်ပါ့မလား...ဗုဒ္ဓတရားတော်နဲ့အညီ ကံ၊ ကံ၏အကျိုးပေါ့...။သူတို့တွေကံရှိသမျှ အတိတ်ကံအကျိုး ပစ္စုပ္ပန်ကံအကျိုးတွနဲ့ သူတို့ဘ၀ကိုသူတို့ဘာသာ တည်ဆောက်ကြရမှာပဲမဟုတ်လား..။ တကယ်တမ်း ကိုယ်ပိုင်ဆိုင်တာက ''၀ိရိယ''တစ်ခုတည်း။ သားတွေကိုတကယ်ချစ်ရင် ဘ၀ကိုရင်ဆိုင်တတ်ဖို့...လေ့ကျင့်သင်ကြားပေးရုံကလွဲပြီးဘာတတ်နိုင်ဦးမှာတဲ့လဲ...လမ်းမှန်ကိုလျှောက်တတ်ဖို့...''လမ်း'' ပေါ်ရောက်အောင်၊ ပန်းတိုင်မပျောက်အောင် ကူညီဖြည့်တင်းပေးနိုင်မယ့် စိတ်ခွန်အားတွေမွေးမြူဖို့ ကြိုးစားရပါဦးမယ်။ ဒါဟာ ''စာရွက်ရှင်ကလေး'' နဲ့ ကြုံခဲ့ရပြီး အသစ်တိုးလာတဲ့ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။

( ၆ )

ဦးတည်ရာခရီးလမ်းဆုံးကိုရောက်ဖို့ တစ်မှတ်တိုင်ဝင်၊ တစ်မှတ်တိုင်ထွက် တစ်ရွေ့ရွေ့ရီးနှင်နေတဲ့ ၅၆ ဘတ်စ်ကားကြီးပေါ်မှာထိုင်ပြီး တွေးကောင်းနေဆဲမှာပဲ...ရွှေရောင်ဝင်းနေတဲ့၊ သပ္ပါယ်လှတဲ့ ဆူးလေစေတီတော်ကြီးကို ဖူးမြင်လိုက်ရပါတော့တယ်.....။ ။

အဖြူရောင်( ရွှေ )
ပိတောက်ပွင့်သစ် မဂ္ဂဇင်း
၂၀၁၂ ၊ မတ်လ ။

Saturday, 8 September 2012

မိစ္ဆာတို့၏ကျိန်စာ



၂၀၁၁
'' မမရေ...မနက်ဖြန်အားလား''
'' အင်း ... အားပါတယ်...ဘာလုပ်စရာရှိလို့လဲ''
အိမ်ထဲကအိမ့်ပြင်ထွက်လေ့မရှိဘဲအရေးကြီးကိစ္စရှိ၍အပြင်ထွက်ရတော့မည်ဆိုလျှင်ဖြင့် အဖော်လိုက်ရှာလေ့ရှိသူ ညီမက ''အားလား'' ဆိုသည်နှင့် ကျွန်မကသိပြီးသားပင်...။ သူ့မှာအပြင်ထွက်ရမည့်အလုပ် တစ်ခုခုရှိနေပါပြီ။
''ဟိုလေ...ဟို...ဟိုဟာလေ...ဒီလိုမမရဲ့မနေ့က မမကြီး ဖုန်းဆက်တာလေ... ရဲရဲစာမေးပွဲအောင်တဲ့ကိစ္စလေ''
''အဲဒါ...ဘာဖြစ်လဲ''
'' မလတ် မကြိုက်မှန်းတော့သိသားပဲ... ဒါပေမယ့် ညီမက,ကတိပေးထားတာ''
''ငါ..မကြိုက်တာ...သြော်..သြော်...ဖြစ်ရလေ ဘာတွေဆက်ပါ့မယ်လို့ ကတိတော်ထားခဲ့သလဲ''
''ဟိုလေ...ပွဲလေးလုပ်ပေးပါ့မယ် ပြောခဲ့တာ''
''ဘုရားရေ.... အဲဒါဘယ်လောက်ကုန်မှာတုန်း''
''အကြမ်းဖျင်း...နှစ်သိန်းလောက်ပါပဲ''
'' ဟား... နင်တို့တော့အရူးကြီးရူးပြီ... အဲဒီပိုက်ဆံ ဘိုးဘွားရိပ်သာသွားလှူတာကမှ အဓိပ္ပါယ်ရှိဦးမယ်...လုပ်မပေးနဲ့၊ ငါသဘောလည်းမတူဘူး။ အဲဒီကိစ္စဆိုရင်...လိုက်လဲမလိုက်နိုင်ဘူး။
ငါ့ကို အဲဒီကိစ္စတွေ လာမပတ်သက်နဲ့ ပြောထားရဲ့သားနဲ့ ...''
''ညီမသူငယ်ချင်းတွေက ခရီးထွက်တဲ့သူနဲ့၊ နေမကောင်းတဲ့သူနဲ့ Jyapကျတဲ့သူနဲ့ ဂျမ်းဖြစ်နေလို့ပါ...'' မျက်နှာငယ်နှင့် မော့ကြည့်ပြောပြနေသော အငယ်မကိုကြည့်ကာ တကယ်ကိုစိတ်ကုန်မိပါသည်။ သူ့ကိုကြည့်ရင်း လွန်ခဲ့သောဆယ်နှစ်ကအဖြစ်တစ်ခုကို ပြန်သတိရမိသည်။

၂၀၀၁

''သမီးရေ...အဖေ မန္တလေးသွားမယ်၊ မိုးချုပ်မှ ပြန်ရောက်မယ်နော်''
''ဟင် အဖေကလည်း ဘာကိစ္စရှိလို့တုန်း ချက်ချင်းကြီးပဲ''
'' အင်း...ကိစ္စကတော့ အရေးကြီးကိစ္စပဲ ညည်းညီမက ကျောက်ချောကအဖွဲ့တွေနဲ့ ပွဲတင်ချင်လို့တဲ့ အဖေ့ကိုလာပြောတော့...အဖေ ရှောင်နေမှဖြစ်တော့မှာပေါ့''
''ဟင်...ဒါဆိုသမီးလဲလိုက်မယ် ဟာ မဖြစ်သေးပါဘူးမနက်ဖြန် စာရင်းအကုန်ရှင်းပေးမယ်လို့ပြောထားတာ လိုက်လို့မဖြစ်သေးပါဘူး......စာရင်းတွေတွက်ရဦးမှာ ဒါဆိုချောင်ပိတ်မိနေပြီပေါ့''
'' ငါ့သမီးက သရက်ပင်အောက်သွား စာရင်းတွက်နေလိုက်လေ အဖေကတော့လစ်ပြီ''
အ၀တ်အစား ခက်သွက်သွက်လဲပြီး ထွက်သွားသည့်အဖေ့ကိုကြည့်ကာ အဖေ့လိုရှောင်ထွက်လို့မရသည့် ကျွန်မက ဒေါသဖြစ်ကျန်ရစ်ရသည်။ ကြီးမားအုံ့ဆိုင်းနေသော သရက်ပင်ကြီးအောက်ကို ကျွန်မထိုင်မည့်ခုံနှင့်စားပွဲရွှေ့၊ စာရင်းစာအုပ်၊ ဂဏန်းပေါင်းစက် ပြင်ဆင်ပြီးချိန်မှာပဲ အငယ်မတို့အဖွဲ့ဆူညံဆူညံနှင့် ရောက်လာပါတော့သည်။ အုန်းသီး၊ ငှက်ပျောသီး၊ သပြေပန်း၊ အမွှေးတိုင်တို့နှင့်အတူ အခြားတိုလီမိုလီထည့်ထားသည့် ဆွဲခြင်းများကိုင်ထားသော ယောင်္ကျားကြီး တစ်ယောက်နှင့် မိန်းမလေးယောက်ကိုဦးဆောင်လာသည့် အငယ်မကကျွန်မကို လှည့်ကြည့်,လှည့်ကြည့်လုပ်ကာ...
''မနော်ရေ...အဖေကော''
'' အန်ကယ်ကြီး မန္တလေးကိုသွားတယ်''
''နင်တို့ကိုကြောက်လို့ ရှောင်သွားတာဟေ့...မရှောင်နိုင်တဲ့ငါပဲ ကျန်ခဲ့တာ''
စိတ်ဆိုးတဲ့အရှိန်နှင့် ကျွန်မက အော်တော့ ကုတ်ကုတ်,ကုတ်ကုတ်ဖြင့် အိမ်ထဲဝင်သွားတော့သည်။ မကြာပါ... ပြင်ဆင်သံတွေ၊ မန်းသံ၊ မှုတ်သံ၊ တိုင်တည်သံတွေ...ကျွန်မကလည်းစာရင်းတွေထဲစီးမျောရင်း သူတို့ကို ခေတ္တ မေ့သွားချိန်.. '' မမလေး...မမလေး...ကြည့်လုပ်ဦး ''
''ဟင်...မနော်...ဘာဖြစ်လို့လဲ''
''ဟိုမှာ... ဟိုလူကြီးက မငယ်လေးကို ပေးမထွက်ဘူး''
''ဘာ မထွက်တာတုန်း''
''ဟိုလေ... မငယ်လေးက ဟိုဘက်ဘ၀က အစ်ကိုကြီးတဲ့၊ သူ့သမီးနှစ်ယောက်က
ညီမတွေတဲ့...ညီမတော်တွေတဲ့...အဲဒါ ညီမအကြီးက အိမ်ထောင်ပြုတော့မှာမို့ ခွင့်တောင်းတာတဲ့..
အဲဒါ မငယ်ကိုစီးထားတဲ့ အစ်ကိုတော်က အေး...အေးလို့ပြောလိုက်တော့.အဲဒါလက်ဖွဲ့ သိန်းတစ်ထောင်ဆုပေါက်အောင်လုပ်ပေးမှ ထွက်ရမယ်တဲ့ အဲဒါမငယ်လေးက ကြမ်းပေါ်မှာ လူးလှိမ့်နေတာပဲ...ကြာနေပြီ လာကြည့်ပါဦး''
ဆတ်ကနဲထ,လိုက်သွားမိတော့ အငယ်မကကြမ်းပေါ်မှာ လူးလိမ့်ရင်း 'တအင်းအင်း' အော်နေသည်။ ချွေးတွေကလည်း ရွှဲလို့ မြင်မကောင်း ရှုမကောင်း၊ ဓါတ်ဆရာဆိုသည့် ဘိုးတော်က...
''ကိုယ့်နှမတော်လေး ကိုယ်,မချစ်ဖူးလား ကတိပေးလိုက်လေ...ကတိပေးလိုက်''
''မောင်ကြီးရေ...ကိုယ့်နှမတော်လေးမင်္ဂလာဆောင်မှာလက်ဖွဲ့ပါ မောင်ကြီးရဲ့...သိန်းတစ်ထောင်ဆုကြီး ရပါစေလို့ ကတိပေးလိုက်ပါ မောင်ကြီးရဲ့...''
ကြမ်းပေါ်လူးလှိမ့်နေသည့်အငယ်မနားမှာ နတ်ဆရာနှင့်သူ့သမီးက ဘာတွေမှန်းမသိတတွတ်တွတ်ပြောကာ အငယ်မကတော့ မျက်လုံးစုံမှိတ်ပြီး လူးလိမ့်နေရင်း တအင်းအင်းညည်းနေလိုက်သည်က အံ့သြစရာ...။ဓါတ်ဆရာပြော သမျှငုံ့ခံကာ ဘာမှမသိသလိုပုံမျိုးဖြင့် ကြမ်းပြင်ပေါ်လှိမ့်နေသည့် အငယ်မကိုလုံးလုံးနားမလည်နိုင်ပေ။ နဂိုကတည်းကစိတ်တိုနေသည့် အရှိန်နှင့် ဒီလောက်တောင်အရူးထ,ရလားဆိုသော ဒေါသလေအပင့်မှာ မငြှိမ်းနိုင်သည့်မီးနှယ် ၀ုန်းကနဲထ,လောင်ပါတော့သည်....
''အဲဒါက ဘာဖြစ်နေတာလဲ... နင်ကကော ဘာဖြစ်နေတာတုန်း... ထ,စမ်း''
လူးလှိမ့်နေသည့် အငယ်မကိုဆွဲထူလိုက်တော့ ဆံပင်ဖို့ရို့ဖားရား၊ ချွေးတွေကရေချိုးထားသကဲ့သို့ စက်စက်နစ်နေကာ...မာရသွန်ပြေးလာခဲ့သူလို၊ ကုန်းပေါ်ရောက်နေသည့် ငါးပါးဟက်နှင့်အသက်ရှုနေသည့်တိုင် မလုံလောက်သေးသလို တဟောဟော မောနေလိုက်ပုံက အသည်းယားဖွယ်ရာပင်။
''မနော် ရေတစ်ခွက်ယူခဲ့... ဘာအစ်ကိုကြီးတုန်း၊ ဘာမောင်တော်တုန်း ပြောစမ်း...ဘာနှမတော်တုန်း..ဟင်'' ''ရော့...မနော် သူ့ကို ချွေးသုတ်ပေးလိုက် ကဲ ကျွန်မဗုဒ္ဓဟူးသမီး ၀င်ခိုင်းလိုက်၊ ရှင့်အစ်ကိုကြီးဆိုတာ ၀င်ခိုင်း...''
ကျွန်မက,အငယ်မကို မနော်လက်ထဲလွှဲပေးလိုက်ကာ သူတို့ပြင်ဆင်ထားသော အုန်းပွဲ၊ ငှက်ပျောပွဲတွေရှေ့ ရွှေ့ပြောင်း တင်ပလ္လင်ခွေထိုင်ပြီး နတ်ဆရာကို စိန်ခေါ်လိုက်တော့ ကြောင်ကြည့်နေကြသည့် နတ်ဆရာ သားအဖတွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။ သို့သော်လည်း ဟန်ကိုယ်ဖို့သဘောနှင့် ကျွန်မရှေ့ရောက်အောင် တိုးထိုင်လိုက်ရင်း ချောင်းတစ်ချက်ဟန့်လိုက်ကာ...
''ဘ၀အဆက်ဆက်...မပျက်မကွက်၊ မလွှဲမသွေ မဆုံ,ဆုံအောင် မကြုံ,ကြုံအောင် သံယောဇဉ်
ကြီးခဲ့ကြတဲ့ မောင်ကြီးရေ...နှမတော်လေးတို့နဲ့ တွေ့ကြရအောင်...ဒီဗုဒ္ဓဟူးသမီးဆီ မောင်ကြီးလိပ်ပြာ နားခိုပါတော့ ...မောင်နှမတွေ အတူဆုံပြီးဆုတောင်းရအောင်၊ သံသရာအဆက်ဆက် မောင်ကြီးနဲ့နှမလေးတွေ မလွဲမသွေပြန်တွေ့ရဖို့ ဆုတောင်းရအောင်...ဒီလိပ်ပြာရှင်ဆီ...''
ကျွန်မကလည်း ဒေါသနှင့် ဆတ်ဆတ်တုန်နေပါပြီ။ ဒီလိုပွဲမျိုး ဘယ်သောအခါကမှ မကြည့်ဖူး၊ မမြင်ဖူးလေတော့ သူတို့လုပ်နေတာ ဘာမှန်းမသိ၊ နတ်ကနားပေးတာကတော့ ခဏတဖြုတ်ရပ်ကြည့်ဖူးပါသည်။ ''ဒီလိုအ၀တ်အစားတွေ ၀တ်ပြီး ဒီလိုဆိုင်းကွက်နဲ့ က,တာမျိုးတော့...ငါတောင်ကလိုက်ချင်သေး၊ ကြက်ကြော်လည်းစားရ၊ ပိုက်ဆံတွေလည်းရ၊ ဇိမ်ကျလိုက်တဲ့ဘ၀''လို့ ဟာသလုပ်တွေးဖူးသည်။ သို့သော်ငြား ထိုခဏတစ်ဖြုတ်က တစ်ခါလား၊ နှစ်ခါလား...ဒါ့ထက်မပို။
ကျွန်မတို့မိသားစုမှာ အဖွားတို့၊ အမေတို့ ရိုးရာတင်ကြတာကလွဲပြီး မည်သူမှယခုကဲ့သို့ ရှုပ်ရှုပ်ယှက်ယှက် မလုပ်ဖူးကြ။ အဖေကဆိုဝေးရော ဒီလိုမိသားစုမှာ အငယ်မ,ကျကာမှ ဘယ်ကရောဂါကူးစက်လာသည်မသိ... နတ်ဆရာကလည်း ပွတ်တွတ် ပွတ်တွတ် ရွတ်ကောင်းဆဲ...ကျွန်မကလည်း တောင့်တောင့်ကြီးထိုင်ပြီးတွေးကောင်းဆဲ... မိနစ်တို့တစ်မိနစ်ပြီး တစ်မိနစ်ကူးပြောင်းဆဲ...မျက်ဝန်းဒေါင့်မှာ ရိပ်ကနဲလှုပ်ရှားမှုတစ်ခုတွေ့လိုက်ရပြီး...
''ဟေ့...ဟေ့..ငါကိုယ်တော်ကလိပ်ပြာမလှရင်မ၀င်ဘူးကွ...လိပ်ပြာလှတဲ့သူမှငါက၀င်ချင်တာ... ဟားဟားဟားဟား...နှမလေးတို့..မောင်ကြီးက နှမလေးတို့ကိုရှာလိုက်ရတာ...တို့မောင်နှမတွေ...''
လှည့်ကြည့်လိုက်သောအခါ ဓါတ်ဆရာသမီးအငယ်မက စုစည်းထားသော ဆံပင်တွေ ဆွဲဖြုတ်ကာ တစ်ကိုယ်လုံး လှုပ်ရမ်းယိမ်းထိုးရင်း ကန်တော့ပွဲနားတိုးကပ်လာပါသည်... ''တိတ်စမ်း...ဘာလိပ်ပြာလှတာတုန်း...လူလိမ်တွေမို့လို့လိပ်ပြာလှတာပေါ့...ရှင်တို့တွေကို မကောင်းတတ် လို့ကြည့်နေတာ....ဘာမောင်ကြီးတုန်း ..ဟင်...ထီပေါက်ချင်တယ် ဟုတ်လား... ချမ်းသာချင်တယ် ဟုတ်လား...ချမ်းသာချင်ရင်အလုပ်ကြိုးစားပေါ့ဟဲ့ထီပေါက်ဖို့များ ဆုတောင်းရတယ်လို့...အချောင်သမားတွေ
အခုချက်ချင်းထွက်၊ ဒီအိမ်ထဲက အခုချက်ချင်းထွက်...ရှင်တို့ တစ်သက်လုံးမှတ်ထား...
ထီပေါက်ဖို့ဆုတောင်းတယ်ဆိုတာအချောင်သမားတွေအလုပ်...အတိတ်ကံပါလာရင် ထီပေါက်မှာပဲ... အလုပ်,မလုပ်ဘဲကြီးပွားချင်ရင် ဓားပြသွားတိုက် လူလိမ်တွေ ဘာလိပ်ပြာလှတာလည်း''
ကျွန်မ,အကျင့်ကလည်း အရှိန်ရလာရင်ဆက်သွားတတ်လေတော့ ပြောရင်းပြောရင်း နှုတ်လွန်ကုန်သည်။ ကျွန်မအပြောမှာမျောနေကြသူများက ဟိုပစ္စည်းကောက်ကိုင်ရနိုးနိုး ...ဒီပစ္စည်းကောက်ကိုင်ရနိုးနိုး...ကန်တော့ ပွဲတွေပဲယူပြေးရနိုးနိုး ဗျာများနေချိန်အငယ်မက မနော်လက်ထဲမှလူးလဲရုန်းထပြီး ကန်တော့ပွဲတွေရှေ့ ငုတ်ထိုင်ကလေးထိုင်ကာ....
'' အမိုက်အမဲလေးပါဘုရား...ဗွေမယူပါနဲ့ဘုရား အမိုက်အမဲလေးပါ...ဗုဒ္ဓဟူးသမီးက အမိုက်အမဲလေးမို့ပါ''
ကန်တော့ပွဲများကို အကြိမ်ကြိမ်ဦးကုန်းချရင်း ပါးစပ်ကတတွတ်တွတ်ရွတ်နေသည့် အငယ်မကိုကြည့်ကာ ''ဘာသာကိုစွန့်နိုင်တယ်...၀ါသနာကို မစွန့်နိုင်ဘူး'' ဟူသောရှေးစကားတစ်ခွန်း ကျွန်မရင်ထဲ ရောက်လာပါသည်...။

၂၀၁၁

ထိုစကားလေးက ယခုချိန်ထိမှတ်မိခိုင်မြဲနေဆဲ...အငယ်မက ဘာသာကိုစွန့်ချင်စွန့်လိမ့်မည်...၀ါသနာကို ဘယ်သောအခါမှ စွန့်မည့်သူမဟုတ်၊ သူကမရှောင်လျှင်၊ ကိုယ်ကရှောင်လေမှ ထိပ်တိုက်မတိုးမည်မှန်းသိနေသည့် ကျွန်မကပဲရှောင်လာခဲ့သည်က...၁၀နှစ်ကျော်ခဲ့ပါပြီ။
တွေးလက်စ အတွေးများက မမကြီးအကြောင်းရောက်သွားပြန်တော့ ပြုံးချင်လာပြန်သည်။ မည်သို့မှန်းမသိ သော်လည်း ကျွန်မတို့ညီအစ်မသုံးယောက်က တစ်ယောက်နှင့်တစ်ယောက်မတူညီကြ။ အဓိက,ကွဲပြားချက်က စာဖတ်ခြင်း ဓလေ့ဆိုသည်ကိုတော့ ကျွန်သဘောပေါက်စ,ပြုပြီ။ ကျွန်မ၏၀ါသနာက စာဖတ်ခြင်း...အားလျှင်စာအုပ်ကောက်ကိုင်ပြီး စာဖတ်နေမြဲ။ စာဖတ်ခြင်းဆိုသည်က အစပိုင်းမှာ ပျင်းရိဖွယ်ဖြစ်ချင်ဖြစ်နိုင်သော်လည်း နောက်တော့စွဲမှန်းမသိစွဲကာ စာအုပ်နှင့်မျက်နှာမခွာချင်တော့..။ ဖြစ်လေ့ရှိသည်က အကြိုက်ဆုံး၊အဖတ်ချင်ဆုံးစာအုပ်နှစ်အုပ်ကို ဘယ်၊ညာလက်နှစ်ဖက်နှင့်ကောက်ကိုင်မိလျှင်ဘယ်လက်ကိုလွှတ်ချလိုက်ရမှာလား.. ညာလက်ကို လွှတ်ချလိုက်ရမှာလား... 'ဘယ်၊ညာ'တိုက်ပွဲ ဆင်နွှဲရတတ်ပါသေးသည်။

၂၀၀၁

''နင်တို့အားရင် ထိုင်နေတာပဲ၊ စာအုပ်ဖတ်ပါပြောလည်းမရဘူး''
''ဟာ...ပျင်းစရာကြီး မလတ်,စာအုပ်တွေက ဖတ်လဲ,ဖတ်ရသေး ဖတ်ပြီးတာနဲ့မပြီးသေးဘူး တွေးရသေး... မလတ်ဖတ်ပြီးပြန်ပြောတာပဲ နားထောင်တော့မယ်''
''ဘယ်အရာမဆို အရင်းတော့ နည်းနည်းစိုက်ရမှာပေါ့ဟဲ့...စာအုပ်ကလေးလက်ထဲကိုင်ထားတော့ အိနြေ္ဒလည်းရတယ်...ကားစောင့်ရင်းဖြစ်ဖြစ်၊ လူစောင့်ရင်းဖြစ်ဖြစ်..ဒီအတိုင်းထိုင်နေမယ့်အစား စာအုပ်ကလေးဖတ်နေတော့ အိနြေ္ဒလည်းမပျက်ဘူး၊ မကြောင်ဘူးပေါ့...အားနေတော့ဟိုကြည့် ဒီကြည့်နဲ့လျှောက်ကြည့်မိ...အမြင်မတော်တာတွေ့တော့ အတင်းပြော...အကုသိုလ်ပွားတယ်... စာအုပ်ကလေးဖတ်နေတော့ အဲဒီ,အကုသိုလ်တွေလည်း ရှောင်ပြီးသားဖြစ်ရော''
''အမလေး ဆရာမကြီးရယ်...ကိုယ့်တရား ကိုယ်ပဲကျင့်ပါ''
အဲဒီလို သူတို့တရားနှင့်သူတို့နေကြသည့်အထဲမှာ မမကြီးအကျင့်ကတစ်မျိုးတစ်ဘာသာပင်။ ကျွန်မတို့ကို ဦးဆောင်ပြီး စီးပွားရှာကျွေးနေရလေတော့အဖေနှင့်နီးစပ်မှုပိုများသည်။အဖေနှင့်နီးနီးကပ်ကပ်နေရင်းကပင် အဖေ့ဒေါသများ နှင့် ရင်ဆိုင်နပန်းလုံးချိန်များလာကာ သူ့မှာရှိသောအကျင့်တစ်ခုက ခိုင်မြဲအားကောင်းလာပါတော့သည်။
အဲဒါက လိမ်ပြောတတ်ခြင်း...။
အဖေ၏ချီးမွမ်းအထင်ကြီးမှုကိုပဲခံချင်ကာ အဖေ့ဒေါသကို ရင်မဆိုင်ချင်သော မမကြီးကကိစ္စအတော်များများမှာ လိမ်ပြောတော့သည်။ အဲလိုလိမ်ပြောခြင်းက တဖြည်းဖြည်းနှင့်အကျင့်ကြီးတစ်ခုလို စွဲကပ်လာတော့တာပင်။
''အမှန်အတိုင်းပြောလိုက်လေ...နင်ကဘာဖြစ်လို့လိမ်ပြောရတာလဲ''
''အဖေစိတ်ဆင်းရဲသွားမှာစိုးလို့''
''အမှန်အတိုင်းပြောပါ...ရင်ဆိုင်ပါပြောထားရက်နဲ့''
''အေးတစ်ခါလိမ်၊နှစ်ခါလိမ်...အမြဲတမ်းလိမ်ပြောနေ၊ဘယ်ဟာကအမှန်လဲ ဘယ်ဟာကလိမ်ထားတာလဲ..
မမေ့အောင်၊ရော,မသွားအောင်နေရ၊ ဖြေရှင်းရ တော်တော့်ကို ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ''
''နင်မသိဘဲ လျှောက်ပြောမနေနဲ့...အဖေက အိမ်ထဲမှာနေရင်းအလုပ်ကိစ္စစီစဉ်ရတာ...ငါကအပြင်ထွက် လှုပ်ရှားရတာ...အပြင်ကကိစ္စတွေ၊အပြောင်းအလဲတွေအဖေကနားလည်တာမဟုတ်ဘူး... အမှန်အတိုင်း ပြောလိုက်ရင်..မိုးမီးလောင်ကုန်လိမ့်မယ်...မှန်တာပြောရင် ရွာပြင်ထုတ်ခံရတယ်ဆိုတာမကြားဖူးဘူးလား''
လိမ်ပြောလိုက်တာက ခဏကလေး...လိမ်ပြောပြီးသည့်နောက်တွင် ထိုလုပ်ဇာတ်ကို ဖုံးရ၊ဖိရ၊ဇာတ်လမ်း ဆက်တန်...ဆက်ရ၊ ဇာတ်ညွှန်းကမပီပြင်ခဲ့လျှင် ပီပြင်သောဇာတ်ညွှန်းဖြစ်အောင်ဆက်ရေးရ။ ပထမဇာတ်လမ်းမပြီသေးခင် ဒုတိယဇာတ်လမ်းကစ,လာပြီ ။ ဟောပထမဇာတ်လမ်းနှင့် တတိယဇာတ်လမ်း အံမ၀င်လေတော့ ဦးနှောက်ကိုအရေးပေါ်အသုံးချပြီး စတုတ္ထဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပြန်ရော။ လိပ်ပတ်လည်နေသောသူ၏လိမ်ဆင်ဇာတ်လမ်းတွဲကြီးမှာ သူကမှင်မောင်းကောင်းကောင်းနှင့် ဒါရိုက်တာလုပ်နေသော်လည်း ကျွန်မတို့ကဘေးမှ အသည်းတယားယားဖြစ်ရသည်မှာ အကြိမ်ပေါင်းများစွာ။
''အဖေဒေါသဖြစ်လည်း ခဏပဲ နင် ရင်ဆိုင်ဖြေရှင်းရမှာ ငါကတော့ နင့်လိုဇာတ်မရှုပ်နိုင်ဘူး''
''အေး..အေး..နင်ကသတ္တိရှိတာကိုး၊ သူရဲကောင်းကြီးကိုး၊ အဆူခံရတော့ မျိုး,ချီပြီးအဆူခံရ၊ ဟိုးပဝေသဏီကဇာတ်လမ်းတွေ ပြန်လှန်အပြောခံရ၊ အအော်ခံရ...ငါက,အဲဒီဒဏ်တွေမခံနိုင်တော့ဘူး၊ နားညီးတယ်၊ စိတ်ညစ်တယ်၊ အဲဒီတော့ လိမ်လိုက်...ပြီးရော...နားအေးရော''
တကယ်တော့ ထိုအဖြစ်အပျက်များက ကျွန်မတို့အဖေ ဒေါသကြီးရာကစ,ခဲ့သည့်အဖြစ်များပင်။ အဖေက အလုပကြိုးစားသည်၊ ဒေါသကြီးသည်၊ ဖြစ်ချင်ဇောကြီးသည်...သူ့နောက်ကလူတွေလိုက်နိုင်၏ မလိုက်နိုင်၏ မခွဲခြားဘဲ သူလုပ်သလိုလုပ်စေချင်၊ သူဖြစ်သလို ဖြစ်စေချင်သောအခါ...ကွာဟမှုများဖြစ်လာခဲ့ပြီး ထိုကွာဟမှုများကို လက်သင့်မခံတတ်ပဲ ဆူပူမောင်းမဲခြင်းနှင့် ဖြေရှင်းတတ်တာက စ,ခဲ့သောဇာတ်လမ်းများပါပဲ၊ ထိုအဖြစ်များက စေတနာနှင့်သင်ပြရာကဖြစ်ခဲ့ပါသည်ဟု ကျွန်မယုံကြည်သော်ငြားလက်တွေ့မှာခံစားဖို့ တော်တော်ခက်ခဲသော ဖြစ်ရပ်များပင်။
''မင်းတို့ဗမာတွေ မွဲတာလည်းမပြောနဲ့ အားရင်လက်ဖက်ရည်ဆိုင်သွားထိုင်တာ''
''ဟဲ့ ညည်းတို့အိမ်မှာ ထမင်းကိုပြီးစလွယ်ချက်စားပြီး ဗီဒီယိုပိုက်ဆံပေးကြည့်...ကိုယ့်မိသားစု အာဟာရဖြစ်အောင် ချက်မစားဘဲ၊ မဟုတ်တဲ့နေရာမှာဖြုန်းနေကြတာ...အဲဒါကြောင့် မင်းတို့ဗမာတွေ မတိုးတက်တာ''
''ဗမာတွေတော့ကွာ အတွေးအခေါ်မရှိ၊ အမြော်အမြင်မရှိ၊ စွန့်စားမှုမရှိ ဘ၀ကိုရေစုန်မျောလိုက်နေကြတာ''
ကျွန်မအဖေကသူ့ပတ်ဝန်းကျင်မှ အလုပ်သမားများကိုအားမရလေတိုင်း၊ စိတ်တိုင်းမကျလေတိုင်း ထိုကဲ့သို့ဗမာတွေ၊ ဗမာတွေနှင့်ပြောတတ်လေတော့ အလုပ်သမားများက အဖေ့ကွယ်ရာမှာ ''သူကတော့ ဗမာ,မဟုတ်တာကြနေတာပဲ...ဘိုရူး'' ဟုပြောကြလေသတဲ့...'မနော်'ပြန်ပြောတာကြားရတော့ ကျွန်မတို့မနေနိုင်ဘဲတဟားဟားအော်ရယ်မိရသည်။ စေတနာစကားတွေဆိုသော်လည်း လိုက်နာဖို့မသိတတ်အောင် အလှမ်းဝေးလှသည့် လူတွေကြားမှာတော့နားညည်းရုံသာ ။
သူစိမ်းတွေအပေါ်မှာတောင် မနေတတ်သောအဖေက သမီးအရင်းခေါက်ခေါက်တွေအပေါ် ပိုဆိုးတော့သည်။ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရပြီဖြစ်သည့်မမကြီးက သူ့ယောင်္ကျားပြောင်းသည့်နောက်မလိုက်ဘဲ အဖေ့၏လက်ထောက်ဘ၀မှာနေထိုင်နေဆဲ ။ အဖေ၏တင်းမာပြတ်သားသောသဘောထားကိုသိသောမမကြီးက ကြိုရှောင်ရရင်း ကြိုကာရင်း မရှောင်နိုင်သည့်အဖြစ်များမှာနစ်ဝင်ကာ မထူးဇာတ်ခင်းရင်း၊ မျက်စိစုံမှိတ်ညာရင်း မပြီးဆုံးလေသော ပန်းချီကားလို၊ တစ်ထောင့်တစ်ညပုံပြင်တွေလို၊ မုန့်လုံးစက္ကူကပ်တာလို၊ ကြက်မကြီးနှင့် ကြက်ဥဘယ်ကစ,တာလဲ ဆိုသည့်ပုံပြင်လို မဆုံးနိုင်သောအဖြစ်များ၏နောက်ဆုံးတွင် မမကြီးညာတတ်ခြင်းက အဖတ်တင်သွားတော့သည်။ 'လိမ်ညာတတ်ခြင်း'မှလွဲပြီး စီးပွားရေးမှာထက်သန် တော်မော်လှသူမမကြီးနှင့်ကျွန်မ ငြင်းကြ၊ ခုန်ကြ၊ ထိပ်တိုက်တွေ့ကြလေလျှင် အဖေမွေးထားသော သမီးတွေအကြောင်း အဖေကသိသည်ပင်...
''လူပြက်တွေက ပြောသလိုပေါ့သမီးရယ် ဘယ်သူ့မှမလိမ်ရရင်ကိုယ့်ပေါင်ကိုယ်လိမ်မယ်ဆိုတာ ... သူ့အကြောင်းသိရက်နဲ့များ...ကြည်ကြည်ဖြူဖြူအလိမ်ခံလိုက်စမ်းပါ။ မတော် သူ့ပေါင်သူပြန်လိမ်ပစ်လို့ အညိုအမဲစွဲကုန်ပါ့မယ်...အဲဒီတော့ ငါ့သမီးမှတ်ထားဖို့က သူ့ခမျာ သူ့ပေါင်တွေညိုမကုန်အောင်အဖေတို့က မသိချင်ယောင်ဆောင်ရမှာ''
ပြောပြီး ကျွန်မတို့သားအဖ တဟားဟားအော်ရယ်လျှင် မမကြီးက မလုံမလဲကြည့်မြဲ....''နင်တို့ ဘာပြောကြ တာလဲ''ပြောတတ်မြဲ။ အဖေက ကျွန်မ၏ဒေါသများကိုအဲသည်နည်းနှင့်ဖြေလျှော့ပေးတတ်သော်လည်း တိကျသေချာသော လူမှန်၊လူ့ဂွစာကြီး အဖေကိုယ်တိုင်ကတော့ ထိုသို့သဘောမထားနိုင်ခဲ့လေသမျှ သားအဖတွေခဏတိုင်း စိတ်ဆိုး ဒေါသဖြစ်ကြတာ မမကြီးကလေးတွေပါခေါ်ပြီး သူ့ယောင်္ကျားနောက်လိုက်သွားသည့်အချိန်အထိပင်။
သူ့ဘာသာသူနေရင်းထိုင်ရင်း ရှုပ်ထွေးနေသည့်လူ့လောကကြီးမှာ ကျွန်မက ခပ်ရှင်းရှင်းနေလိုသူ။ ဘာဖြစ်လို့ လိမ်ညာနေရမလဲ...မှားသည်ဆိုဦးတော့ ၀န်ခံရဲသည့်သတ္တိ၊ ပြင်ဆင်ရဲသည့်သတ္တိရှိနိုင်ရမည်သာ။ လူကြီးများကလည်း လူငယ်များကို ကြိုဆိုနိုင်ရမည် ။ မှားတာကို နင်းဆူနေလျှင်တော့ မှန်လာမည်မဟုတ်။ အလွယ်လမ်းလိုက်ရင်း လိမ်တတ်၊ ညာတတ်လာယုံသာ....ကျွန်မကတော့ မှန်တယ်ထင်လျှင်ပြန်ပြောရမှ ကျေနပ်နိုင်သူ။ မမကြီးက အဖေ့စကား မှန်သမျှတစ်သွေမတိမ်းလိုက်နာသယောင်နှင့်အဖေ့ကိုရင်မဆိုင်ရဲသမျှ ရဲရဲဝံ့ဝံ့လိမ်လိုက်သည်ချည်းပင် ... အလိမ်ပေါ်ကာမှ ပေါ်ပါစေတော့ဟူသော ယာယီဖြေရှင်းမှုဖြင့် ဘ၀၏ငြိမ်းချမ်းရေးကိုသူ့နည်းသူ့ဟန်ဖြင့်ရှာမြဲ။ သူ့ဘ၀သူစိတ်ပျက်ရကောင်းမှန်းမသိသည့် မမကြီးက,ကျွန်မကို ''ြွကိမ်းဘိစ်''ဟုခေါ်ကာ သူရဲကောင်းဘွဲ့အပ်နှင်းလျှက် လက်ခုပ်တီးမြဲ...ကျွန်မကတော့ကောပြန်ပြောလေသမျှပြသနာဖြစ်ရမြဲ။ အဝေးတစ်နေရာမှအမေနှင့် တယ်လီဖုန်း အဆက်အသွယ်ရလေလျှင်''ညည်းတို့အဖေ စိတ်ကျ, သွားလို့ ညည်း တို့ သက်သာတာ... ညည်းတို့အငယ်နှစ်ယောက် မွေးတော့မှ စိတ်လျှော့သွားတာ..အဲဒါ ညည်းတို့ကံကောင်းတာ၊ ဘာပဲဖြစ်ဖြစ် တုတ်ကိုခုန်မတိုးပါနဲ့ သမီးရယ် အလိမ္မာနဲ့ရှောင်ပါ သမီးတို့သားအဖတွေကြည့်ရတာ အမေစိတ်ဆင်းရဲလွန်းလို့ '' ဟုပြောတတ်လေတိုင်း ကျွန်မက ကြက်သီးထ,မြဲ ။ ယခုလည်းမမကြီးနှင့်ကျွန်မတို့ အကြီး နှစ်ယောက်အလုပ်ကိစ္စတွေနှင့်ပြဿာနာဖြစ်လေတိုင်း၊ အခါအားလျှော်စွာ အိမ်ပေါ်မှမောင်းချခံရလေတိုင်း ကျွန်မတို့ထက်ဆောလျှင်စွာထွက်ပြေးနှင့်သော အမေ့အိမ်သို့ပြေးတက်ရမြဲ ။ တွေးကြည့်လျှင်တော့ ကျွန်မတို့အဖြစ်က ၀မ်းနည်းစရာ။

၂၀၁၁
ယခုလည်း မမကြီးသား 'ရဲရဲ' စာမေးပွဲကိစ္စ။ 'ရဲရဲ'က ရေကြောင်းသိပ္ပံတက်ပြီး သင်္ဘောလိုက်သက်(၂)နှစ်မှာ Second jare ဖြေဖို့ကြိုးစားနေသူ...(၈)တန်းကျောင်းသားဘ၀တွင် ဖခင်ကိုဆုံးရှုံးခဲ့သူ။ '' ရဲရဲ နှင့် ကဲကဲ'' မောင်နှမက မမကြီး၏အစွမ်းသတ္တိများအောက်တွင်ရှင်သန်လူလားမြောက်ခဲ့ရသူများပင်။
ဒါပေမယ့် 'ရဲရဲ' Second jare ဖြေသည့်အချိန် 'ကဲကဲ'အင်ဂျင်နီယာမကြီးဖြစ်သည့်အချိန် မမကြီးက ခြေကုန်လက်ပန်းကျနေပြီ။ အဲသည်အချိန်ကျကာမှ ရဲရဲက Second jare စာမေးပွဲကို နှစ်ခါပြန်ကျပြီး ယခုက တတိယအကြိမ်မြောက်။
''မလတ်...ငါကတော့ သေချင်တာပဲသိတယ် အခုရဲရဲ စာမေးပွဲမအောင်ပြန်ဘူး...သူ့ကိုလည်းမဆူချင်ဘူး... ပထမတစ်ခါ ကျ,ကတည်းက....သင်္ဘောပြန်တက်မယ်၊ငွေစုပြီးမှပြန်ဖြေမယ်ချည်းလုပ်နေလို့ ငါကတားထားတာ... အခုလေ...ငိုလိုက်တာမှ ရှိုက်ကြီးတငင်ပဲ မေမေ,တားလို့ ပထမတစ်ကြိမ်တည်းက သင်္ဘောပြန်တက်ရင်ပြီးပြီတဲ့...အခုတော့ငွေလည်းမရှိတော့ဘူး...စာမေးပွဲကလည်း ဘာဖြစ်လို့ကျမှန်းမသိဘူး...သားကြိုးစားတာ မေမေ့အမြင်ပဲတဲ့... ငါလေ...ငါ... သေချင်တယ်သိလား...ကဲကဲကလည်းငို၊ ရဲရဲကလည်းငို ငါသူတို့ရှေ့ မငိုမိအောင်မနည်းထိန်းထားရတယ်''
ငိုလိုက်၊ပြောလိုက် လုပ်နေသောမမကြီးစကားကို နားထောင်ရင်း ဘာပြောရမည်မှန်းမသိ၊ စဉ်းစားနေဆဲ...
''အဲဒါလေ...ငါအငယ်မကို အောင်တယ်လို့ပဲ ညာပြောလိုက်တယ်၊ နင်မကြိုက်မှန်းသိပေမယ့် မတတ်နိုင်ဘူးဟာ...အငယ်မ သိရင်အဖေသိသွားမှာစိုးလို့၊ ငါ့ပတ်ဝန်းကျင်ကလည်း နင်သိတဲ့အတိုင်း..ငါတို့ကိုလိုက်ကြည့်နေတာ၊ ငါလည်း ရှက်တာနဲ့ အောင်တယ်လို့ပဲညာလိုက်တယ်''
အဖေပြောတတ်သည့် 'သူများမလိမ်ရရင် ကိုယ့်ပေါင်ကိုယ်လိမ်တော့ပဲ'ဆိုသည့် စကားကိုကြားယောင်ရင်း အသက်(၅၀)ကျော်လာသည့်အထိ ၀ါသနာကိုမပြင်နိုင်သေးသည့်မမကြီး၏စိတ်ဓာတ်ကို ကျောချမ်းရတော့သည်။
ကဲ...အခုတော့ ဘယ်နှယ့်ရှိကြပါစ...။ ဗေဒင်ရူး၊ နတ်ရူး...အငယ်မက သူ့တူစာမေးပွဲအောင်ရန် ပွဲပေးပါမည်ဟု ကတိထားခဲ့ပါသတဲ့။ တကယ်တမ်းသူ့တူက စာမေးပွဲမအောင် ။ သူ့အမေလိမ်ပြောသည့်... သူ့အမေပါးစပ်ဖြင့် အောင်နေသောစာမေးပွဲကို နတ်မ,လို့အောင်သည်ဟု ယုံကြည်ယူဆသူက ငွေ၂သိန်းအကုန်ခံပြီး နတ်ပွဲပေးဦးမတဲ့...ဖြစ်ရလေ...။
''အေး...နင့်သူငယ်ချင်းတွေ အားအောင်သာစောင့်ပေါ့ ငါကတော့လုံးဝပဲ၊ နေစမ်းပါဦး...နင်တို့ဟာက မလွန်လွန်းဘူးလား...ရဲရဲစာမေးပွဲအောင်တာ နင့်နတ်က ဘယ်နေရာက မ,လို့လဲ...လုပ်မနေနဲ့ ဘာပွဲမှမပေးနဲ့...အလုပ်ကိုရှုပ်တယ်...''
''အမလေး...မလတ် မလုပ်ပါနဲ့...နတ်နဲ့နဂါးမလှည့်စားနဲ့တဲ့''
''ဘာ...နတ်နဲ့နဂါး မလှည့်စားနဲ့ဟုတ်လား...ဖြစ်မှဖြစ်ရလေ...နင့်နတ်ကဘယ်နေရာမှာ စွမ်းလို့လဲဟဲ့''
''ဟင်...မလတ်ကလည်း ရဲရဲစာမေးပွဲကျတာ နှစ်ခါရှိပြီ...ဒီတစ်ခါသူစာမေးပွဲမဖြေခင်ကတည်းက ညီမကအဓိဋ္ဌာန်ထားတာ...ဒါကြောင့် ဒီနှစ်မှစာမေးပွဲအောင်တာပေါ့ ဒီလောက်ရှင်းနေတာ ပွဲမပေးလို့ဖြစ်ပါ့မလား၊ သူ့ဘ၀တစ်လျှောက်လုံး ဒုက္ခရောက်သွားမှာပေါ့...တော်ပြီနောက်ဆိုရင် မလတ်ကိုမပြောတော့ဘူး''
အဖေ့ဝေယျာဝစ္စလုပ်ပေးလိုက်၊ အိမ်မှုကိစ္စလုပ်လိုက်နှင့် အဖေ့အနားမှာအနေများသည့်အငယ်မက စိတ်ကောက်သောလေသံဖြင့် ပြောကာအိမ်ထဲဝင်သွားတော့သည်။ သက်ပြင်းချရုံကလွဲပြီး ကျွန်မဘာတတ်နိုင်ပါမည်နည်း။ ပွဲပေးမည့်ကုန်ကျစရိတ်ကိုသာ လိုအပ်သည့်နေရာလှူလိုက်ရလျှင်ဟု တွေးမိနေသောအတွေးတို့ကို အာရုံမှဖျောက်ဖျက်မရ။ ကြားထဲကအချောင်ပွသွားသည့် နတ်ကတော်ကမှ နတ်မ,တာဟုအတွေးကောင်းနေဆဲ။
''တကယ်ဆို အဖေပဲစဉ်းစားကြည့်ပါဦး၊ သူ့ဘာသာသူမယုံလည်း နေပေါ့...အခုရဲရဲကိစ္စကို လာပြောနေတယ် ကတိပေးထားပြီးမှမလုပ်ရင် အဖေကြီးတို့ စိတ်ဆိုးသွားမှာပေါ့ ပြီးတော့ အဖေ့သမီးက ''နင့်နတ်က...နင့်နတ်က'' နဲ့အဖေကြီးတို့ ၊အမေကြီးတို့ခွင့်လွှတ်ထားလို့ သူ့သက်သာတာ နောက်ပြီးသူ့ကိစ္စတွေဆိုရင် သမီးပဲ လိုက်လုပ်ပေးထားတာ အဲဒါကြောင့်အကုန်အဆင်ပြေနေတာ .. သမီးက နောက်ကတိုင်တည်ပေး၊ ပွဲပေးနဲ့မို့လို့လေ...အဲဒါကိုအခုစော်ကားနေတာ အဖေမြင်တယ်မဟုတ်လား အဖေကြီး၊ အမေကြီးတို့စိတ်ဆိုးသွားမှ တစ်ခါတည်းကျွမ်းပြန်သွားမယ်၊ ကျိန်စာမိတာထက်ဆိုးသွားမယ်''
ဘုရား..ဘုရား မမကြီးအိမ်ခွဲသွားစဉ်ကတည်းက အဖေ့လက်ငုတ်လက်ရင်းပွဲရုံလုပ်ငန်းကို ဦးစီးကာ ထိုအလုပ်ကိစ္စများနှင့်မိုးလင်း၊မိုးချုပ် တစ်နေကုန်လှုပ်ရှား၊သွားလာ ညသန်းကောင်ထိစာရင်းတွေထိုင်တွက်ပြီး ပင်ပင်ပန်းပန်းလုပ်နေတာတောင် လုပ်ငန်းတိုးတက်မှုနှေးလို့ အားမလို၊အားမရဖြစ်ကာ စိတ်ညစ်ညူးနေသူကိုများ သူ့နတ်က မ,တယ်ဆိုလာခဲ့ပြီ... ကာတွန်းထဲက ညည်းသလို ညည်းရ,လျှင်ဖြင့် 'ဒွတ်ခ လှလှတော့တွေ့လေပြီ' ပိုဆိုးလေသည်က သူ့နတ်ကျေးဇူးမသိတတ်လျှင် ကျိန်စာမိတာထက်ဆိုးလိမ့်မည်ဟူသတည်း ။
အငယ်ဆုံး၊အချစ်ဆုံးသမီးဖြစ်နေခြင်းနှင့် အသက်ကြီးလာခြင်းတို့က အဖေ့စိတ်တို့ကို ဆွဲဆန့်လေသည်ထင့်...။ သူလုပ်ချင်တာလုပ်ခွင့်ရနေသော အငယ်မက အဖေ့ကိုတစ်လုံးမကျန်ပြန်တိုင်နေတော့...
''အေး...အေး...ကျိန်စာဆိုရင်လည်း မိစ္ဆာတွေရဲ့ကျိန်စာပဲဖြစ်မှာပဲ''
မခံချင်စိတ်ဖြင့် လွှတ်ကနဲပြောမိပြီးမှ သေသေချာချာစဉ်းစားမိပါသည်...ကျွန်မတို့မိသားစုမှာ ဒေါသဖြင့်ကြည့်ကာ မောဟဖြင့်ဆုံးဖြတ်တတ်သူ ၊ မုသားဖြင့်ထွက်ပေါက်ရှာသူ၊ မှန်တယ်ထင်လျှင် တုတ်ကိုခုန်တိုးသူ၊ ဖြစ်နိုင်ချေကိုမစဉ်းစားပဲ အစွန်းရောက်ယုံကြည်သူ တို့ဖြင့် ဆူညံပွက်လောရိုက်နေခြင်းများက မိစ္ဆာတို့၏ကျိန်စာ သင့်ခြင်း ပေလားဟု တွေးနေမိပါတော့သည်။

အဖြူရောင်(ရွှေ)
မဟေသီ မဂ္ဂဇင်း ၊
၂၀၁၂ ၊ ဖေဖော်ဝါရီလ ။







အိမ်ရှည်ကြီးရဲ့ နောက်ဆုံးတစ်ခန်း



ကိုကျော်ခေါင်က စက်ခေါင်း။ စက်ခေါင်းဆိုတာ 'စက်' အဖွဲ့ရဲ့ခေါင်းဆောင်ပေါ့။ စက်ဆိုတာက နာမည်မျိုးစုံ၊ တံဆိပ်မျိုးစုံရှိတဲ့ အုတ်စက်ပေါင်းများစွာထဲက ဗဗဗ ဆိုတဲ့အုတ်စက်ကိုပြောတာ။
ကိုကျော်ခေါင်က အသားညိုညို ထောင်ထောင်မောင်းမောင်း။သူ့မျက်နှာက ရုပ်ရှင်မင်းသားရှုံးအောင် ရုပ်ပြောင်းရုပ်လွဲရ တဲ့မျက်နှာမျိုး။ သူ့အလုပ်က ရှင်းရှင်းပြောရရင် ၀ါရှာသဘော။ ကြားလူပေါ့။ သူ့အထက်မှာ ဒီအုတ်စက်ကိုပိုင်တဲ့သူဌေးရှိတယ်။ အဲဒီသူဌေးကို သူတို့အုတ်စက်အခေါ်က 'သူကြီး' တဲ့။ ကိုကျော်ခေါင်ရဲ့လက်အောက်မှာ ခေါင်းထောက်လို့ လုပ်ငန်းသဘော ခေါ်တဲ့ လက်ထောက်ခေါင်းဆောင်တစ်ယောက်ရယ်၊ ကြီးလတ် ကျားမအရွယ်စုံအလုပ်သမားတွေရယ်ရှိတယ်။
ဒီတော့ကာ ကိုကျော်ခေါင်က သူကြီးနဲ့ သူ့အထက်လူကြီးမှန်သမျှကို ပြုံးပြုံးကလေးဆက်ဆံတယ်။ သူ့အပြုံးက နှစ်လို ဖွယ်ကောင်းတယ်။ သူ့အပြောတွေက ခိုင်မာတယ်။ သူပြုံးပြုံးကြီးလုပ်ပြီး အားရပါးရ ကတိပေးလိုက်တဲ့အခါများ အလုပ်အပ်တဲ့ လူစိတ်ထဲ တစ်ခါတည်း တက်ကြွလန်းဆန်းပြီး အားကိုးယုံကြည်စိတ်တွေ တဖွားဖွားပေါ်လာတော့တာကိုး။ အဲသလောက်အပြော ကောင်းတဲ့လူ။
တကယ့်ကို အလုပ်ကိုအင်တိုက်အားတိုက်လုပပြီုး အလုပ်ရှင်အပေါ် သစ္စာရှိတယ်။ ကတိပျက်မခံဘူး။ အလုပ်ကြွေးမထားဘူး။ နောက် သူ့အလုပ်အပေါ် နိုင်နင်းတယ်။ ကျွမ်းကျင်တယ်။ စက်ခေါင်းတစ်ယောက်ဖြစ်သင့်ဖြစ်ထိုက်တဲ့အရည်အချင်းတွေ အပြည့်အ၀ရှိတယ်။ အုတ်သူကြီးလောကမှာ နာမည်ကောင်းလက်မှတ်တွေနဲ့ အားကိုးစိတ်ချရတဲ့တပည့်ကောင်းပေါ့။
စက်ခေါင်းလောကမှာတော့ကော ကျော်ခေါင်ဆိုတာ ကိုယ့်ရဲ့ရပိုင်ခွင့်ကို ရအောင်ယူတတ်သူ။ ကိုယ့်အဆင့်နဲ့ညီမျှတဲ့ အခွင့်အရေးကို သူကြီးဆီက ရအောင်တောင်းတတ်သူ၊ ကိုယ့်တန်ဖိုးကို ကိုယ့်ဘာသာ ရဲရဲတင်းတင်းကြေးဖြတ်တတ်သူ၊ စက်ခေါင်းတွေရဲ့ ရှေ့ဆောင်လမ်းပြ တကယ့်ဝါရင့်စက်ခေါင်းပေါ့။
''သူကြီး ကျွန်တော် ဒီနှစ်ဆောင်းအတွက် ကြိုတင်ငွေ (၅) သိန်းလိုချင်တယ်။ တောင်ပြုန်းပွဲမှာ (၂) သိန်းယူမယ်။ နောက် နှစ်ရစ်ကတော့ ထုံးစံအတိုင်းပေါ့နော''
''မင်းကြိုက်တဲ့အချိန်လာယူ''
ဒါက ကိုကျော်ခေါင်ရဲ့ တန်ဖိုးသိတဲ့သူကြီးတွေရဲ့ ယုံယုံရဲရဲစကား။ အုတ်လောကမှာ တခြားစက်ခေါင်းတွေ အများကြီး ရှိတယ်။ အရည်အချင်းကိုလိုက်ပြီး ကြိုတင်ငွေ (၃) သိန်းရတဲ့လူ၊ (၂) သိန်းရတဲ့လူလည်း ရှိတယ်။
နောက် အုတ်လောကမှာ အလုပ်သမားထွက်ပြေးတယ်ဆိုတာ ဆန်းတဲ့ပြဿနာမဟုတ်ဘူး။ အုတ်သူကြီးလုပ်မယ်လို့ ဆုံးဖြတ်ရင် ဒီဒဏ်ကိုခံနိုင်ရည်ရှိဖို့ပြင်ထားရတယ်။ အလုပ်သမားထွက်မပြေးတဲ့ မဆုံးရှုံးတဲ့သူကြီးမရှိဘူး။ အနည်းနဲ့ အများ တော့ ခံကြရတာပဲ။
ဒီလောက,ကလည်း ခက်တော့ခက်သား။ ငွေကိုကြိုပေးရတယ်။ ငွေကြိုမပေးရင် အလုပ်သမားမရတော့ဘူး။ အလုပ် သမားတွေကလည်း ကြိုယူတယ်။ စက်ခေါင်းဆီကတစ်ဆင့်ယူတာပေါ့။ တကယ့်အလုပ်ချိန်လုပ်ငန်းရာသီလည်း ရောက်ရော လုပ်ငန်းမလုပ်တော့ဘဲ ထွက်ပြေးရော။ ဒါတွေကို စက်ခေါင်းကခံရတာကိုး။
ဒီတော့ အုတ်သူကြီးက ဘာစိတ်ပူစရာလိုလဲ။ ကြိုတင်ငွေထုတ်ပေးထားတာက စက်ခေါင်းကိုပေးတာ။ စက်ခေါင်း လက်မှတ်ထိုးနဲ့ အလုပ်သမားပြေးတာ သူ့တာဝန်။ သူကြီးဆိုတာ နေသာသပ လေညှာက။ ထုံးစံအတိုင်းဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမယ့် စက်ခေါင်းဆိုတာ အလုပ်သမားပဲ။ ဒီလောက်များတဲ့ငွေကို သူဘယ်လိုစိုက်ဆပ်မလဲ။ နောက် ...မိုးလွတ်လေလွတ် ရာသီကိုမှီပြီးလုပ်ရတဲ့လုပ်ငန်းတစ်ခုမှ ရာသီချိန်အတွင်း အလုပ်သမားထပ်ရရေးတွေက သူကြီးနဲ့သွယ်ဝိုက်သက်ဆိုင်တဲ့ ပြဿနာတွေပေါ့။ အလုပ်သမားမရှိတဲ့နောက် ကိုယ်လိုချင်တဲ့အုတ်အရေအတွက် ဘယ်ရနိုင်တော့မလဲ။ အကျိုးဆက်က ကိုယ် လက်ခံထားတဲ့အော်ဒါတွေမအပ်နိုင်။ ကိုယ့ှ်ငအန အပိုင်က လက်လွှတ်ပြီး ကိုယ့်ပြိုင်ဘက်ဆီရောက်ရော။
စက်ခေါင်းဘက်ကကြည့်ပြန်တော့လည်း မတစ်ထောင်သားတွေကို ဘယ်လိုလုပ်ထိန်းနိုင်မလဲ။ လက်နဲ့ထိန်း၊ တုတ်နဲ့ ထိန်း၊ ရဲနဲ့ထိန်း။ ဒါပေမယ့် ထွက်ပြေးကြတာပဲ။ ကိုယ်မစားရတဲ့ပိုက်ဆံ ကိုယ်ကစိုက်ဆပ်ရမယ်ဆိုတော့ 'ငါလည်းသူတို့နောက် လိုက်တာကောင်းပါတယ်' ဖြစ်ကုန်ရော။ ကဲ ...စက်ခေါင်းပါထွက်ပြေးမှတော့ အဲဒီအုတ်စက်ပျက်ရုံပဲကျန်တော့တာပေါ့။
'လူလိမ် လူရှုပ် အုတ်သမားအလုပ်' တဲ့။ ဒီလိုစာချိုးတာမျိုး ကိုကျော်ခေါင်က မခံနိုင်ဘူး။ ကိုယ်ကလည်း ကိုယ့်တန်တာ တန်ကြေး ကိုယ်ကြေးဖြတ်ထားတာ။ ဒီလိုမျိုးနဲ့ နာမည်ပျက်မခံနိုင်ဘူး။ ဘယ်နေရာမှာလုပ်လုပ် ဘာကိုပဲလုပ်လုပ် အဓိကကတော့ ကိုယ့်လုပ်အားနဲ့လုပ်ဆပ်ရမှာပဲ။ အဲဒီတော့ ထွက်ပြေးတာမျိုး ကိုကျော်ခေါင် ဘယ်တော့မှမလုပ်ဘူး။
ကိုယ်ကတော့မလုပ်ဘူး။ ကိုယ့်အလုပ်သမားဆိုတာက ဘာသားနဲ့ထုထားလို့လဲ။ အဲဒီတော့ ကိုကျော်ခေါင်တို့ ကြမ်းရ တာပေါ့။ ကြိုတင်ငွေပေးတယ်။ အုတ်ပေါက် အုတ်လှမ်း အဆင့်လိုက်ပေါ့။ သူများစက်တွေ ၈၀၀၀ ကျပ်ပေးရင် ကိုကျော်ခေါင် က ၁၂၀၀၀ ကျပ်၊ ၁၅၀၀၀ ကျပ်ပေးတယ်။ ပထမအဆင့် အလုပ်သမားတွေကို ငွေနဲ့ထိန်းတယ်။ နောက် လုပ်ငန်းနဲ့ပတ် သက်ရင် တိတိကျကျကိုင်တယ်။ လူကြမ်းတွေကို ကိုင်တွယ်ရတာဆိုတော့ ကိုယ်ကလည်း ခပ်ကြမ်းကြမ်းပေါ့။ ပါးစပ်ကြမ်းကြမ်း၊ လက်ကြမ်းကြမ်း၊ ဆဲနည်းမျိုးစုံကို ထမင်းစားရေသောက်၊ ယောကျာ်း၊ မိန်းမ၊ ကလေးမချန်ဘူး။ ကျော်ခေါင့်စည်းကမ်းမလိုက် နာရင် အပျိုအအိုမခွဲဘူး။ ဆဲတယ်။ ပက်ပက်စက်စက်ဆဲတယ်။ နောက်တစ်ဆင့် လက်ပါတယ်။
လက်သီးနဲ့ထိုး၊ နားရင်းအုပ်၊ နောက် ကိုယ်က တစ်ယောက်တည်း၊ သူတို့ကအများဆိုတော့ ကြာတော့ ကိုယ့်လက်ကလေး ကိုယ်သနားလို့တဲ့။ တုတ်နဲ့ရိုက်တယ်။ စပယ်ရှယ်ကြိမ်သပ်ပြီး လက်ကိုင်နေရာမှာ အ၀တ်စည်းထားတယ်။
လူတွေကခက်တယ်။ ကျော်ခေါင်ကြမ်းတာကိုပြောကြတယ်။ ကိုယ်တိုင်ပြုပြင်ဖို့ မကြိုးစားဘူး။ သူများငွေယူထားရင် ဆပ်ရမယ်။ အလုပ်လုပပြီုးဆပ်ရမယ်။ အခုတော့ လုပ်ငန်းဟေ့ဆိုရင် 'အမြီးမြှောက်လိုက် အီးပေါက်လိုက်' ယူထားတဲ့ငွေ ဘယ်ကြေမလဲ။
ဒါတွေက ကိုကျော်ခေါင်ရဲ့ မူပိုင်လက်သုံးစကားတွေပေါ့။ လက်ကြောမတင်းတဲ့၊ စာရိတ္တပျက်နေတဲ့ 'လုပ်မစား' တွေက ထွက်ပြေးတယ်။ အဲဒီလိုမျိုးစိန်ခေါ်လို့ကတော့ ကျော်ခေါင်က တိမ်ပေးအထိလိုက်တယ်။
ပြေးစမ်း ...ဘယ်အထိပြေးမလဲ။ ကျော်ခေါင် လိုက်ဖမ်းတယ်။
အဲဒီနေရာမှာပြောစရာတစ်ခုရှိသေးတယ်။ ကိုကျော်ခေါင်မှာ တဲတန်းလျားနှစ်ခုနဲ့ တဲတန်းလျားပုံ အိမ်ရှည်ကြီးတစ်ခု ရှိတယ်။ တန်းလျားတစ်ခုက သာမန်အလုပ်သမားတွေနေတာပေါ့။ ဒုတိယတန်းလျားကို ခြံစည်းရိုးခတ်ထားတယ်။ အထဲမှာ ရေတွင်းရှိတယ်။ အိမ်သာရှိတယ်။
လိုက်ဖမ်းလို့မိလာတဲ့ကောင်တွေကို ဒုတိယတန်းလျားလက်ညှိုးထိုးပြပြီး
''ဟေ့ကောင်တွေ ...မင်းတို့ ရဲအချုပ်နေမှာလား။ ငါ့အချုပ်မှာနေမှာလား။ ကြိုက်တာရွေး''
''အစ်ကိုကြီးအချုပ်မှာပဲနေပါ့မယ်။ ရဲလက်တော့မအပ်ပါနဲ့။ ကျွန်တော်တို့တစ်ခါမိုက်မိတာ အကြွေးကျေအောင်ဆပ်ပါ့ မယ်''
အဲဒီလူတွေကို တန်းလျားထဲထည့်ထားတယ်။ လုပ်ငန်းချိန်ဆိုရင် ဖွင့်ပေးတယ်။ လုပ်ငန်းသိမ်းရင် ပြန်ဝင်နေ။ ဈေးဝယ် ချင်ရင် မိသားစုထဲကတစ်ယောက်သွား။ ကိုကျော်ခေါင် ကိုယ်တိုင်သော့ခတ်တယ်။ သူတို့အကြွေးကျေလုနီးပြီ။ နောင်တရပြီ ထင်တဲ့တစ်နေ့မှာ အပြင်တန်းလျားမှာ ပြန်နေခွင့်ပြုတယ်။
နောက် အိမ်ရှည်ကြီး၊ အိမ်ရှည်ကြီးက မူလပထမ နှစ်ခန်းထဲ။ ဂိုဒေါင်နဲ့ စက်ခေါင်းတွဲထားတာပေါ့။ နောက်တော့ စက်ခေါင်းရဲ့ဘက်က တစ်ခန်းတိုးရင်း တိုးရင်းနဲ့ အိမ်ရှည်ကြီးဖြစ်သွားတော့တာ။ အဲဒီလိုနဲ့ အိမ်ရှည်ကြီးတစ်အိမ်ရဲ့ဇာတ်လမ်း စ,လာတော့တာ။ အိမ်ရှည်ကြီးက မူလပထမ နှစ်ခန်းတွဲ။ ဂိုဒေါင်နဲ့ ကိုကျော်ခေါင့်အခန်းတွဲထား တာပေါ့။ နောက်တော့ကြွေးသိမ်း မယားတွေအတွက် ချဲ့ရင်း ..ချဲ့ရင်း ...တဖြည်းဖြည်း အိမ်ရှည်ကြီးဖြစ်သွားတော့တာ။
အဲဒီကိုကျော်ခေါင်ရဲ့ အိမ်ရှည်ကြီးမှာ မိန်းမ (၇) ယောက်တိတိနေတယ်။ အဲဒီမိန်းမတွေက သနားစရာကောင်းတဲ့ လင်ပစ်မတွေပေါ့။ ဒီလင်ပစ်မတွေက တော်ကြပါတယ်။ မိန်းမနဲ့ ကလေးတွေကို အြွေကးတွေနဲ့ထားခဲ့ပြီး ထွက်ပြေးတဲ့သူတို့ ယောကျာ်းတွေကို မေ့ထားပြီး သူတို့ရှေ့မှာ တံတိုင်းကြီးလိုရပ်တည်ပေးတဲ့ ကိုကျော်ခေါင်ကို အားကိုးကြတယ်။
မိသားစုလိုက်ထွက်ပြေးတဲ့လူက ဖမ်းရလွယ်တယ်။ ဝေးဝေးမပြေးနိုင်ခင်မိတော့တာ။ ကလေးသံယောဇဉ်၊ မယား သံယောဇဉ် နားမလည်တဲ့ ခွေးလိုကောင်တွေက ကလေးတွေ၊ မိန်းမတွေထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးတယ်။ အဲလိုကောင်မျိုး တွေက မြန်မာပြည်အကျယ်ကြီး ဘယ်ပြေးမှန်းမသိဘူး။ သိရင်လည်း တကူးတကလိုက်နေစရာမလိုဘူး။ ကျန်ခဲ့တဲ့သူ့မိန်းမ အသာသိမ်းထားလိုက်ရုံပါပဲ။ အဲဒီလိုနဲ့ အိမ်ရှည်ကြီးက တဖြည်းဖြည်းရှည်ရှည်လာခဲ့တာပေါ့။
ကိုကျော်ခေါင်ရဲ့ အိမ်ရှည်ကြီးက အချိန်မရွေးအသက်ဝင်နေတယ်။ ကလေးငိုသံ၊ မိန်းမတွေရဲ့စကားပြောသံ၊ ကိုကျော်ခေါင်ရဲ့ ဆဲဆိုကြိမ်းမောင်းသံတွေနဲ့ ဆူညံဝေစည်လို့ပေါ့။ ကိုကျော်ခေါင်ရဲ့အိမ်ရှည်ကြီးမှာ တစ်နပ်ကို ဆန်နှစပြုည်ကျော် ချက်ရတယ်။ ကိုကျော်ခေါင်ရဲ့ မူရင်းမိသားစုက (၅) ယောက်၊ ကြွေးသိမ်းမယား (၆) ယောက်၊ မယားပါသားသမီးတွေကချည်း (၁၁) ယောက်၊ နောက် ကိုကျော်ခေါင်နဲ့ရတဲ့ကလေးတွေ အားလုံး ကလေးလူကြီး အယောက် (၃၀) လောက်ရှိတဲ့စားအိုးပါပဲ။
ဒါပေမယ့်ကိုကျော်ခေါင်ကတော်တယ်။ အဲဒီလူတွေကို ငြိမ်နေအောင်ထိန်းထားနိုင်တယ်။ ကလေးငိုသံကလွဲရင်ပေါ့။ မိန်းမတွေဆိုတာ ကိုကျော်ခေါင်များရှိနေရင် အပိုးကိုကျိုးလို့။ ကိုကျော်ခေါင်မရှိတဲ့အချိန်တွေသာ ကလိရဲ၊ ရိရဲ၊ ငြိရဲကြတာကိုး။
ကိုကျော်ခေါင်က စာတတ်တယ်ဆိုရုံပဲ။ လုပ်ငန်းသုံး ပေါင်း၊ နုတ်၊ မြောက်၊ စား အရေးအဖတ်တတ်ရုံပဲပေါ့။ စီမံခန့်ခွဲ ပညာတို့၊ စာရင်းအင်းပညာတို့၊ ဘောဂဗေဒတို့ ကြားတောင်မကြားဖူးခဲ့ဘူး။ အဲဒါတွေမကြားဖူးပေမယ့် သူ့လုပ်ငန်းကို အောက် သက်ကြေတယ်။ အဓိကကတော့ မြင်တတ်တာပေါ့။ ချက်ဆို နားခွက်က မီးတောက်တယ်ဆိုတာ ကိုကျော်ခေါင်လိုလူမျိုး။
ကိုကျော်ခေါင် အမြဲပြောတဲ့အဖြစ်ကလေးနှစ်ခုရှိတယ်။ သူ ခပ်ငယ်ငယ် အုတ်တင်ချအလုပ်သမားဘ၀တုန်းကပေါ့။ အုတ်သွားချတယ်။ အိမ်ရှင်ပေါက်ဖော်ကြီးက တော်တော်စိစစ်တယ်။ အုတ်ကားထုံးစံက တင်ချ နှစ်ဆိုင်းထားတယ်။ ကားတစ်စီး အုတ် ၅၀၀၀ ချပ်ကို တင်ချနှစ်ဆိုင်းဆိုရင် နာရီဝက်ကျော်ကျော်နဲ့ပြီးတာပေါ့။ အဲဒါကို ပေါက်ဖော်ကြီးက သူတစ်ယောက်တည်း ရေရမှာမို့ တစ်ဆိုင်းပဲချပါတဲ့။ ထုံးစံက ကားပေါ်မှာစစ်ရင်စစ်၊ မဟုတ်ရင် အောက်ရောက်မှစစ်။ စီရင်းလပ်မှာ ဟာမှာစိုးရင် အုတ်စီတဲ့ဘေးကနေ ရပ်စစ်။ ဒီလောက်ပဲပေါ့။ ဒါပေမယ့် ပေါက်ဖော်ကြီးက လက်မခံဘူး။ ချနေတုန်း လိုက်ရေမယ်။ တစ်ဆိုင်း ထဲချပေးပါတဲ့။ အချိန်ကြာလို့ပါ။ ခေါက်ရေရမှ နေ့တွက်ကိုက်မှာ။ ဘယ်လိုမှပြောမရဘူး။ ၀ယ်သူကို ကလန်ကဆန်မလုပ်ချင်တဲ့ စာရေးကလည်း လုပ်ပေးလိုက်ပါတဲ့။ ဘယ်သူမှမကျေနပ်ကြဘူး။
အဲဒီလိုနဲ့ ကားပေါ်အုတ်တွေအောက်ကိုချတယ်။ အောက်စီတဲ့နားမှာ ပေါက်ဖော်ကြီးက ထီးတစ်ချောင်းနဲ့ထိုင်စောင့်ပြီး ရေတယ်။ နှစ် ..လေး ..ခြောက် ..ရှစ်။
ကိုကျော်ခေါင်က ကားပေါ်ကကောက်ပေးတယ်။ လူမလဲဘူး။ သူတစ်ယောက်တည်းကောက်တယ်။ အုတ်ကောက်တယ် ဆိုတာ အလယ်လူထက်စာရင် ပင်ပန်းတယ်လေ။ ကုန်းကောက်လိုက်၊ ခါးဆန့်မော့ပြီးပစ်ပေးလိုက်ဆိုတော့ သာမာန်အချိန် ဆိုရင် လူလဲပြီးကောက်ပေးတတ်ကြတာ။ ၃၅၀၀ လောက်ချပြီးသွားတော့ ပေါက်ဖော်ကြီးမောလာပြီ။ ညောင်းလာပြီ။ အဲဒီ အချိန်ကျမှ ကိုကျော်ခေါင်က ပညာပြတယ်။ နှစ်ခဲပုံမှန်ချနေရာက သုံးခဲချလိုက်၊ လေးခဲချလိုက်၊ အုတ် ၄၀၀၀ တောင်မပြည့် သေးဘူး။ ပေါက်ဖော်ကြီး လက်မြှောက်သွားတယ်။
အဲဒီလိုမောသွားအောင် တမင် ၃၅၀၀ လောက် စိတ်ရှည်လက်ရှည်နှစ်ခဲပုံမှန်ချပေးခဲ့တာတဲ့။
နောက်တစ်ခါက အုတ်ကျိုးလုံးဝလက်မခံဘူးတဲ့။ အုတ်ကောင်းဝယ်တာ အုတ်ကျိုးဝယ်တာမဟုတ်ဘူးပေါ့။ ကားဆောင့် လို့ အနည်းအကျဉ်းပါတာလက်မခံဘူး။ ရတယ်။ ထုံးစံအတိုင်း ကိုကျော်ခေါင်က ကားပေါ်ကနေတယ်။ သူနဲ့အပေးအယူမျှတဲ့ လူကို မျက်ရိပပြုပြီး အကျိုးပါလာရင် အကျိုးကို ကွဲထွက်မသွားအောင် နှစ်ခြမ်းဖြစ်မသွားအောင် မသိလိုက်ရင် အကောင်းနှစ်ချပ် ပစ်လိုက်တယ်ထင်အောင် ပိပိရိရိပစ်ပေးတယ်။ အောက်ကဖမ်းတဲ့လူကို အကျိုးပါတယ် သတိထားဖမ်းဟေ့လို့ အချက်ပေး တယ်။ အကျိုဆိုရင် ရိပ်မိမှာစိုးလို့။
''ကျော်မြင့် လာပြီဟေ့''
''တင်မောင် လာပြီဟေ့'' တဲ့။
ဒါဆိုဖမ်းတဲ့လူကလည်း နားလည်တယ်။ နားလည်ဆို ကျော်မြင့်တို့။ တင်မောင်တို့ဆိုတာ အုတ်စက်ပတ်ဝန်းကျင်က ခြေကျိုးနေတဲ့သူတွေကိုး။ ကိုကျော်ခေါင်ဆိုတာ ဒီလိုလူစားမျိုး။ မြင်တတ်တယ်။ ခွင်တွေ့အောင်ရှာပြီး ရအောင်ရိုက်တယ်။ သူ့မိသားစုကြီးအပါအ၀င် လူ (၇၀) လောက်ကိုထိန်းထားနိုင်တာ ဒီလိုအရည်အချင်းတွေနဲ့ပေါ့။
ကိုကျော်ခေါင်တို့မိသားစုမှာ ကိုကျော်ခေါင်ရဲ့ မူရင်းမိန်းမနဲ့ သမီးနှစ်ယောက်က မိသားစုထမင်းအိုးကိုချက်ရတယ်။ ဈေးဝယ်တာလည်း ဒီမိန်းမကြီးပဲ။ ကျန်တဲ့ကြွေးသိမ်းမယားတွေကို လုပ်ငန်းမှာခိုင်းတယ်။ မယားတင်မကဘူး။ မယားပါ သားသမီးနဲ့ သူ့ကိုယ်ပိုင်သားသမီးတွေထဲက ၁၃ နှစ်ကျော်ရင် မြေသယ်ထဲထည့်တော့တာပဲ။ မြေသယ်က အုတ်စက်လုပ်ငန်း မှာ ပညာမလိုဘဲ မရှိမဖြစ်တဲ့လူတန်းစားတစ်ရပ်ပေါ့။
ကိုကျော်ခေါင် တစ်ခုကောင်းတာက ဘယ်သူ့မှမျက်နှာမလိုက်ဘူး။ အားလုံးကို တန်းတူဆက်ဆံတယ်။ လုံချည်တစ်ထည် ဟေ့ဆိုရင် ၇ ယောက်လုံးတစ်ထည်စီ။ နောက် ၀က်သားနှစ်တုံးဆိုရင် အားလုံးနှစ်တုံးစီပဲ။ သူ့စည်းကမ်းမလိုက်နာရင်လည်း ရက်ရက်စက်စက်ပညာပေးတာ။ တစ်ခါတုန်းက အားလုံးထဲကတစ်ယောက်ပေါ့။ ဘယ်သူမှန်းမသိဘူး။ ကလစ်ဝယ်တယ်။ သူ့မိန်းမတွေကို ကိုကျော်ခေါင်က ပိုက်ဆံပေးမကိုင်ဘူး။ လိုတာအားလုံးဝယ်ပေးတယ်။ ကုန်ကုန်ပြောရရင် အတွင်းခံတစ်ထည် ဆိုရင် အားလုံးတစ်ယောက်တစ်ထည်၊ နေမကောင်းရင် ဆေးကုပေးတယ်။
အဲဒီမိန်းမက ညဘက်သူများအလုပ်ကူလုပ်ပေးပြီး ကလစ်ဝယ်ထားတယ်။ သူတို့အချင်းချင်းမြင်တော့ ဆူညံဆူညံဖြစ် ကုန်ရော။ ကိုကျော်ခေါင့်နားထဲလည်းရောက်သွားရော အားလုံးတန်းစီပြီးမေးတယ်။ ကလစ်ကိစ္စမှန်းလည်းသိရော ဆူတဲ့ ရန်ဖြစ်တဲ့ မိန်းမတွေကို ခေါင်းတုံးတုံးပစ်တာ။ နောက်နေ့လုပ်ငန်းလုပ်တော့ တလင်းထဲမှာ ခေါင်းတုံးပြောင်ကလေးတွေကို တန်းစီလို့။
ကိုကျော်ခေါင်ရဲ့သူကြီးကလည်း လုံးဝလှည့်ကြည့်စရာမလိုတဲ့ စိတ်ချရတဲ့တပည့်ကောင်းကို ရထားတော့ ကျေနပ်တယ်။ ကိုကျော်ခေါင်လိုတာကို ကူညီပံ့ပိုးတယ်။ နယ်မြေခံရဲနဲ့ တာဝန်ရှိသူတွေဆိုတာ ကိုကျော်ခေါင့်သူကြီးနဲ့ လည်ပင်းဖက်ပေါင်း တာကိုး။ ကိုကျော်ခေါင့်သူကြီးကလည်း ပံ့ပိုးပေးကမ်းတဲ့နေရာမှာ ရက်ရောသလောက် သူကုန်တာနဲ့တန်အောင် ပြန်ယူတဲ့နေရာ မှာ နာမည်ကြီးတယ်။ အဲဒါကြောင့် လိုက်လည်းလိုက်ဖက်တဲ့ဆရာတပည့်လို့ မှတ်ချက်ချခံရတယ်။
အုတ်ကားတင်ချဆိုရင် အုတ်ပစ်တဲ့လူနဲ့ ဖမ်းတဲ့လူ တိုင်ပင်ကိုက်မှ၊ အပေးအယူမျှမှ နို့မို့ဆိုရင် ပစ်တာကို မဖမ်းရဲ လို့ဖြစ်ဖြစ်၊ မဖမ်းနိုင်လို့ဖြစ်ဖြစ် လက်ကအုတ်လွတ်ကျလို့ လူကိုခိုက်မိတာတွေ၊ အုတ်ကျိုးတာတွေ ရှိတတ်တယ်။ ဒီသူကြီးရှေ့ များ ဒီလိုဖြစ်ရင် ..
''ဟေ့ ..ဟေ့ ..အလုပ်ကို အလုပ်နဲ့တူအောင်လုပ်စမ်း။ လူကျိုးတာ ဆက်လို့ရတယ်။ အုတ်ကျိုးတာဆက်လို့မရဘူး'' တဲ့။ ကိုကျော်ခေါင့်ဆရာပဲနော့။ ဘယ်ခေလိမ့်မလဲ။
ကိုကျော်ခေါင်က ကြိုတင်ငွေအတောင်းကြမ်းသလို တကယ့်ရပိုင်ခွင့်ဖြစ်တဲ့ အုတ်တစ်ချပ်ချင်းရဲ့ဈေးကိုလည်း ကိုင် ထားတယ်။ အကျမခံဘူး။ ဒါပေမယ့် သူများအုတ်ထက်သာတယ်။ အရည်အသွေးကောင်းအောင် အမြဲဂရုစိုက်တယ်။ ရာခိုင်နှုန်း နဲ့ရတဲ့အတွက် သူကြီးအကျိုးရှိသလောက် သူလည်းအကျိုးရှိတယ်။ ဒီတော့ လုပ်ငန်းသဘောနဲ့ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရပဲ ဖြစ်ဖြစ် သူတို့ဆရာတပည့်က မခွဲဖြစ်ဘူး။
ကိုကျော်ခေါင်က တာဝန်အတွက်၊ ကိုယ်ကျိုးစီးပွားအတွက်၊ နာမည်အတွက်၊ သူကြီးကျေနပ်အောင် စိတ်ချရအောင် လုပပြုနိုင်တယ်။ အဲဒီတော့ ကိုကျော်ခေါင်မှာ ကိစ္စကြီးငယ်ရှိလာရင် ကိုကျော်ခေါင့်ဘက်က မားမားမတ်မတ်ရပ်တည်ပေးတယ်။
တစ်ရက်တော့ ကိုကျော်ခေါင် ဘုရားတရမယ့်အဖြစ်မျိုးပေါ်လာတယ်။ အရင်လို ဆရာတလို့မရနိုင်တဲ့ဆရာမနိုင် အဖြစ်မျိုးပေါ့။
ပြဿနာက ကိုကျော်ခေါင်ရဲ့ အထွေးဆုံးလေးပြဿနာ။ အဲဒီအထွေးဆုံးလေးက ငယ်တယ်။ ရုပ်ရည်သန့်တယ်။ အုတ်လောကကမဟုတ်ဘူး။ မြို့ပေါ်က။ အသက်ကြီးလို့ ရာထူးကြီးလာတဲ့ ရဲတပ်ကြပ်အဘိုးကြီးရဲ့သမီး။ သူတို့နေတဲ့ရဲစခန်း မျက်နှာစာမှာ ဆိုင်ခန်းတွေဆောက်တော့ အဲဒီက ပန်းရန်သံလျက်ကိုင်နဲ့ငြိပြီးခိုးပြေးလာကြတာ။ ထွက်ပြေးတာဆိုတော့ အရင် အလုပ်မျိုးပြန်မရနိုင်တော့ဘူး။ ဆောက်လုပ်ရေးအဖွဲ့တွေကလည်း လူပေါပြီး လုပ်ငန်းရှားနေတဲ့အချိန်ကိုး။ ကိုကျော်ခေါင့် လက်ထောက်နဲ့ ကောင်လေးကရင်းနှီးတော့ ကိုကျော်ခေါင့်ဆီရောက်လာပါရော။ ပန်းရန်ဆိုတော့ အုတ်တင်ချတော့ဖြစ် တယ်လေ။
ရောက်ခါစကတော့ မျက်နှာလေးတွေ တပြုံးပြုံးနဲ့ပေါ့။ ဒါပေမယ့် ကောင်လေးက လက်ကြောမတင်းဘူး။ ရောကပြီုး သုံးလလောက်ကြာတဲ့တစ်ညမှာ ကောင်လေးပျောက်သွားတယ်။ ကောင်မလေးကို ထားခဲ့တယ်။ ကောင်မလေးကိုယ်ပေါ်မှာ ကိုကျော်ခေါင်ဆီကယူထားတဲ့ငွေတွေနဲ့ဝယ်ထားတဲ့ အ၀တ်အစားလေးရယ်၊ စားအိုးစားခွက်ကလေးတွေရယ်၊ နောက် သူတို့ နှစ်ယောက် သုံးလလောက်သုံးထားတဲ့အကြွေးတွေရယ်။
အဲဒီလိုနဲ့ အသက်ကြီးကြီးရဲတပ်ကြပ်တစ်ယောက်ရဲ့ နွားအိုနောက်ကျသမီး ကောင်မလေးက မျက်စိစုံမှိတ်ပြီး ကိုကျော်ခေါင့်ရင်ခွင်ထဲရောက်ရတော့တာ။ ကောင်မလေးက သတ္တိရှိတယ်ပြောရမှာပေါ့။ တစ်ခါတလေ တိတ်တိတ်ကလေး မျက်ရည်ကျတတ်တာကလွဲပြီး အားတင်းထားတဲ့မျက်နှာပေးနဲ့ ...
နောက် ...မိုးလယ်လောက်မှာ ကောင်မလေးကလေးမွေးတယ်။ ကိုကျော်ခေါင်ကတော့ သူ့ကလေး ဟုတ်မဟုတ် တွက်ကြည့်ဖို့တောင် ရက်မမှတ်မိတော့ဘူး။ ဒါပေမယ့် ဒါကအရေးမကြီးဘူးလေ။ သူ့ကလေးမဟုတ်ခဲ့လည်း ဒီကလေးရှေ့မှာ မယားပါသားသမီးတွေအများကြီးရှိနေခဲ့တာ။ သူ့ကလေးဆိုတော့ကော။ ဒါဆိုလည်း အစ်ကိုတွေအစ်မတွေကြားထဲက အထွေးဆုံး ကလေးပေါ့။ ဘာပဲဖြစ်ဖြစ်လေ။ ထုံးစံအတိုင်း ကိုကျော်ခေါင်ရဲ့တဲတန်းမှာ ကြီးလာမယ်။ လုပ်နိုင်တဲ့အရွယ်ရောက်ရင် ရတဲ့ အလုပ်ဝင်မယ်။ ပြီးတော့ အရွယ်ရောက်ရင် ယောကျာ်း၊ မိန်းမ ယူကြမယ်။ ကလေးတွေထပ်မွေးမယ်။ အဖေဘယ်သူလဲဆိုတာ ဒီကလေးကိုယ်တိုင်တင်မကဘူး။ ကိုကျော်ခေါင်ကော၊ သူ့အဖေကော၊ ပတ်ဝန်းကျင်အတွက်ရော အရေးတကြီးမဟုတ်ဘူးရယ်။
ဒါပေမယ့် အဲလိုအရေးမကြီးဘူးထင်ထားတဲ့ကိစ္စက အရေးကြီးလာခဲ့တယ်။ ကောင်လေးက အင်မတန်ဒေါသကြီးတဲ့ ရဲတပ်ကြပ်အဘိုးကြီးကို ဘယ်လိုနူးနှပ်စည်းရုံးပူးပေါင်းတယ်မသိရဘူး။ ကောင်လေးနဲ့အဘိုးကြီးပူးပေါင်းပြီး ကိုကျော်ခေါင်ကို မယားခိုးမှုနဲ့ အမှုဖွင့်တော့တာပဲ။
ရဲတပ်ကြပ်တစ်ယောက်ရဲ့သမီးကောင်မလေးက လက်ထပ်စာချုပ်လုပ်ဖို့မမေ့ခဲ့သလို အဲဒီစာချုပ်ကို ကိုကျော်ခေါင် မတွေ့အောင်သိမ်းထားဖို့လည်း မမေ့ခဲ့ဘူး။
အင်မတန်ပိုင်နိုင်တဲ့၊ ကျွမ်းကျင်တဲ့၊ လူရည်လည်တဲ့ကိုကျော်ခေါင်တစ်ယောက် သူ့အထွေးဆုံးလေးဆီမှာ သူ့ကို အန္တရာယ်ပေးနိုင်တဲ့ တစ်စုံတစ်ရာရှိနေခဲ့တာကို လတော်တော်ကြာကြာပေါင်းသင်းလာခဲ့ပြီး မရိပ်မိနိုင်ခဲ့ဘူး။
ဆရာဖြစ်ချင်တာကို သူကခေါင်းညိတ်၊ သူဖြစ်ချင်တာကို ဆရာကခေါင်းညိတ်၊ ဆရာနဲ့တွေ့ရင် နှစ်လိုဖွယ်၊ ကျေနပ် အားတက်ဖွယ် အားရပါးရပြုံးတတ်တဲ့ကိုကျော်ခေါင်ရဲ့အပြုံးဟာ သံတိုင်တွေရဲ့နောက်မှာတော့ မဲ့တဲ့တဲ့ဖြစ်နေတယ်လို့ သူ့ ဆရာက ထင်တယ်။ အကွာအဝေးကြောင့်လား၊ အလင်းအမှောင်ကြောင့်လား၊ ဆရာက မျက်လုံးကို သေသေချာချာပွတ်ကြည့် ပေမယ့် ကိုကျော်ခေါင်ရဲ့အပြုံးက အရင်လို နှစ်လိုဖွယ်၊ ကျေနပ်အားတက်ဖွယ်ဖြစ်မနေတော့တာ သေချာနေခဲ့ပါတယ် ....။ ။

အဖြူရောင် (ရွှေ)
မဟေသီ ရုပ်စုံ မဂ္ဂဇင်း ၊
အမှတ်( )၊ဒီဇင်ဘာလ၊၂၀၀၈ခုနှစ်။

Friday, 3 August 2012

ပယောဂ

ကောင်မလေးရဲ့ ရယ်ပုံ၊ ပြုံးပုံတွေက အသက်ပါလွန်းတယ်။ နှုတ်ခမ်းကလေးစူပြီး ကြည့်လိုက်တဲ့အခါ ကျုပ်ရင်တွေ တဒိုင်းဒိုင်းခုန်လို့ပေါ့ ။ ကြည့်ရင်း ..ကြည့်ရင်းက ကျုပ်စိတ်တွေ လှုပ်ရှားလာတယ်။ ဆက်ကြည့်ချင်စိတ်မရှိတော့ဘူး..ဟုတ်တယ်။ ကျုပ်အခန်း ကျုပ်ပြန်တာပဲကောင်းတယ်။ ဘဝတူလုပ်ဖော်ကိုင်ဖက်တွေကတော့ ငြိမ်လို့။ TVပုံးရှေ့တည့်တည့် မှာ ကလေးတွေက ပိုးလိုးပက်လက်အိပ်ပျော်တဲ့သူက အိပ်ပျော်၊ တချို့ကလည်း အမေ့ရင်ခွင်ထဲက ဇိမ်နဲ့မှေးကြည့်တဲ့သူက ကြည့်။ သားသည်မအေတွေကလည်း TVပုံးထဲက မင်းသမီးနဲ့အတူ ပြုံးလိုက်၊ မဲ့လိုက်၊ ကိုယ်ကိုင်းလိုက်၊ ခါးမြှောက်လိုက်၊ ရင်ခွင်ထဲက ကလေးလေးက လွတ်သွားတဲ့နို့ကို ပါးစပ်ကလေးဟ,ဟပြီး လိုက်ဟပ်လိုက်နဲ့ ...။

တကယ်တော့လည်း ကျုပ်တို့ဘဝမှာ ''အုတ်စက်ပိုင်'' ပြတဲ့ဇာတ်ကားလေးမှမကြည့်ရရင် ဘာမှအပန်းဖြေစရာမရှိ တော့ဘူးလေ။ တစ်နေကုန် ခါးချိုးလုပ်ထားသမျှ ညကျမှအမောဖြေခွင့်ရတာကိုး...။ ဒီအထဲမှာ ကလေးတွေက အကဲဆုံး၊ ညနေ နေဝင်တာနဲ့ ထမင်းကျွေးလို့မရတော့ဘူး။ ပီနံအိတ်နဲ့ နို့စို့ကလေးရောချီပြီး 'အုတ်စက်ပိုင်' တဲရှေ့က ထင်းပုံပေါ်မှာ ထိုင်လိုက်၊ ဆော့လိုက်နဲ့ ဂနာမငြိမ်တော့ဘူး။ အုတ်စက်ပိုင် ထမင်းစားပြီးလို့ TV ပုံးထုတ်တာမြင်တာနဲ့ သူ့ထက်ငါ အလု အယက်နေရာပြေးဦးလိုက်တာ နွားရိုင်းအုပ်ခြံထဲမောင်းသွင်းတဲ့အတိုင်း ...။

အဲလို ပြေးလွှားပြီးနေရာလုနေကြတာနဲ့ အုတ်စက်ပိုင်မိန်းမကြီးက ဆီးပြီးအော်တော့ တာပဲ။ မြေကြီးကို ရေနှစ်လိုက်၊ နယ်လိုက်၊ နင်းလိုက်၊ နေလှန်းလိုက်၊ မီးဖုတ် လိုက်၊ မြေကြီးနဲ့ထမင်းစားနေတဲ့မိန်းမကြီးက ဖုန်တော့ကြောက်သတဲ့ဗျား...

သင်းတို့နေရာဦးပြီးတာနဲ့ စက်ပြားပြားကလေးထဲက လျှာကလေး လျှောခနဲထွက်လာတော့တာပဲ။ အဲဒီလျှာကလေး ထဲကို သီချင်းခွေဝိုင်းဝိုင်းပြားပြားကလေးထည့်ပြီးတာနဲ့ အုတ်စက်ပိုင်မိန်းမက ..

''ဖိုးတောမလာဘူးလား ..ဖိုးတော'' နဲ့ အော်တော့တာ။ အော်မှာပေါ့။ ကျုပ်ဆိုတဲ့ကောင်ကလည်း ရသမျှပိုက်ဆံ သီချင်းဆိုပစ်တဲ့ကောင်ကိုး''

''ဖိုးတောနော် ..ဖိုးတော လူပျိုလေးဖြစ်ပြီး သပ်သပ်ရပ်ရပ် ကောင်းကောင်းမွန်မွန်မနေဘူး။ ရသမျှပိုက်ဆံ ကာရာ အိုကေသွားဖြုန်းတီးနေတာ။ နောက်ရက်ပတ်ပြည့်လို့ငွေရှင်းရင် နင့်ကိုအကုန်မပေးဘူး။ ငါ့ဆီမှာ စုထား။ အဝတ်အစားဖြစ်ဖြစ် လိုချင်တာဝယ်။ လိုတာငါစိုက်ပေးမယ်''

အဲဒါ အုတ်စက်ပိုင်မိန်းမက ကျုပ်ကိုပြောနေကျစကားပေါ့။ ကျုပ်စိုင်းထီးဆိုင်ကို သိပ်ကြိုက်တယ်။ နောက် သီချင်းဆို နေရတာကိုကြိုက်တယ်။ သီချင်းကို ဆိုနေရမှ ကျုပ်ရှိတဲ့အုတ်စက်က သီချင်းသံနဲ့ဆူညံနေရမယ်။ ဒါပေမယ့် ကက်ဆက်တောင် မပိုင်တဲ့ကျုပ်က တစ်ပုဒ်လုံးဘယ်ရမတုန်း။ ဆိုချင်သလိုဆိုပစ်လိုက်တာပဲ။ တချို့စာသားတွေမသိရင် ကျုပ်ထင်တာ ရမ်းသမ်းပြီး ဟစ်နေကျ ...အဲဒါကြောင့် အုတ်စက်ပိုင်မိန်းမကကျုပ်ကို သတိတရအရင်မေးတာပေါ့။

လူကြီးတွေက အလုပ်သိမ်း၊ ချက်ပြုတ်စားသောက်ပြီးမှလာနိုင်တာကိုး။ သီချင်းပရိသတ်ကတော့ ကလေးတွေနဲ့ကျုပ်ပဲ ရှိတယ်။

'လင်းခေး' ကိုမလာခင်တုန်းက မန္တလေးမှာပေါ့။ တစ်ရက် အုတ်စက်ပိုင်က နယ်မှာလုပ်ငန်းခွဲရှိတယ်။ လိုက်ချင်တဲ့လူ အထုပ်အပိုးပြင်ထားဆိုတော့ ကျုပ်ကရှောင်နေတာ။ ဟုတ်တယ်။ ကျုပ်တို့ရွာကနေ မန္တလေးထိတောင် အိမ်နဲ့စိတ်ဆိုးလို့ လိုက်လာတာရယ်။ နယ်ထပ်ထွက်မယ်ဆိုရင် ကျုပ်က တစ်ကောင်ကြွက်လိုဖြစ်နေတာ။ မလိုက်ချင်ဘူး။ အဲဒီတင် အုတ်စက်ပိုင်က ကျုပ်ခေါ်ပြီး ...

'မင်းလိုက်မှရမှာ ...အခုသွားမှာ စိုင်းထီးဆိုင်ရဲ့မြို့။ ရှမ်းပြည်နယ်မှာ ''

စိုင်းထီးဆိုင်ရဲ့မြို့ဆိုတာရယ်။ စိုင်းထီးဆိုင်ကို အရှင်လတ်လတ်မြင်ချင်တာရယ်နဲ့ လိုက်လာခဲ့တာ။ ဝေးလိုက်တဲ့ခရီး လွန်ပါရော။ ကားကြီးက တောင်ပေါ်တက်သွားလိုက်၊ ပြန်ဆင်း လိုက်၊ ကွေ့လိုက်နဲ့ ငွေမကုန်ဘဲနဲ့ကို မူးလိုက်တာကမ်းကုန်။

ကျုပ်တို့အုတ်စက်က လင်းခေးကို သုံးမိုင်လောက်ကျော်ပြီး အရှေ့ဘက်တောင်တန်းကြီးတွေနားက ''ဒါးဆိပ်'' ဆိုတဲ့ ရွာမှာ။ အဲဒီမှာမြေကြီးတမံကြီးကလည်း ဟီးလို့။ အဲဒီဒါးဆိပ်စီမံကိန်းကြီးမှာ ကျုပ်တို့အုတ်စက်ပိုင်က အုတ်သွင်းရမှာတဲ့။ ကျုပ်မှာရောက်ကတည်းက စိုင်းထီးဆိုင်မြင်ချင်တာ ဖင်တကြွကြွနဲ့ပေါ့။ ထွေလာဂျီနဲ့ ဈေးလိုက်တုန်းလျှောက်မေးကြည့်တော့လည်း ရှမ်းတွေက 'မဟု' တဲ့။ နောက် ကျုပ်တို့နယ်သားတစ်ယောက်နဲ့တွေ့မှ စိုင်းထီးဆိုင်က ရန်ကုန်မှာနေမှန်းသိရတော့တာ။

ဟေး ...ဟေး ...အော်သံတွေနဲ့ ကျုပ်အသိဝင်လာတော့ ဇာတ်လိုက်က ကောင်မလေးကို အတင်းဖက်ထားတာကိုး။ မဖြစ်ဘူး ...မဖြစ်ဘူး။ ကျုပ်တကယ်ပြန်မှဖြစ်တော့မှာ။ လက်ဖျားထိပ်က ယားတာလိုလို၊ ခြေဖျားထိပ်ကယားသလိုလို.. ဘာလိုလိုဖြစ်နေတာတွေပျောက်အောင် ရွှေကျားပျံကိုပဲ ဖိ ..ဖိပြီးဖွာနေမိတယ်။

တဲတန်းရှေ့ရောက်တော့ သက်ငယ်ချပ်တံခါးလေးကို မ,ဖယ်ပြီး ဝါးကွပ်ပျစ်ကလေးပေါ် လှဲနေလိုက်တယ်။ တဲတန်း တစ်ခုလုံးငြိမ်သက်နေတာပဲ။ အပေါ်ကမိုးထားတဲ့ နှစ်ရောင်စပ်ပီနံမိုးကာက လေတိုက်လိုက်တိုင်း ဝုန်းခနဲဝုန်းကနဲ မြည်နေသလို ကျုပ်ရင်ထဲမှာလည်း ကတုန်ကယင်ကြီးဖြစ်အောင်ကို ဝုန်းဒိုင်းကြဲနေတာပါပဲ။

စောစောကသောက်ထားတဲ့တစ်ပိုင်းကလည်း အခုမှအရှိန်တွေတက်နေတယ်။ ဟိုနေ့ညက တာတူး တဲ့ကောင်တွေနဲ့ အဖော်ကောင်းလို့သွားကြည့်ခဲ့တဲ့ ရွာထဲကဗီဒီယိုကားကလည်း မျက်လုံးထဲ ရစ်ဝဲ ..ရစ်ဝဲ ...။

တစ်နေကုန်ပင်ပန်းထားတာရယ်။ ရီဝေဝေအတွေးရယ်။ အရှိန်တက်လာတဲ့ အရက်ရယ်ပေါင်း ပြီး မှေးခနဲအိပ်ပျော် သွားလိုက်သလိုပဲ။ တိုးတိုး ..တိုးတိုးစကားသံတွေကြောင့် ဖျပ်ခနဲလန့်နိုးလာတော့ ဟိုဘက်ခန်းကကျော်မိုးတို့လင်မယား ဘယ်အချိန်ပြန်ရောက်လာတယ်မသိဘူး။ သက်ငယ်ကာထားတဲ့ အကာအရံကလေးနဲ့ လူဝင်လမ်းကလေးပဲခြားတဲ့ ဒီဘက် ကွပ်ပျစ်ပေါ်မှာ ကျုပ်ရှိတာသိကြပုံမရဘူး။

စကားသံတိုးတိုးနဲ့ရယ်လိုက်တဲ့ဝင်းရီရဲ့ရယ်သံက ကျုပ်ကျောထဲမှာ စိမ့်ခနဲပဲ။ ကြက်သီးတောင်ထလို့။ သူတို့က လင်းခေးကိုလာတော့မှ ခိုးပြေးလာကြတာလေ။ အရင်ရက်တွေကတော့ အားလုံးက အလိုက်သိသိပဲ။ အုတ်စက်ပိုင်အိမ်ကTV ပုံးရှေ့ရောက်နေတာ။ ထူးထွေပြီးရှောင်ပေးစရာမလိုဘူးပေါ့။ ဒီနေ့မှ ကျုပ်ကံဆိုးတာ။ စိတ်ထဲမှာလည်း ဘယ်လိုဝေဒနာ ရယ်မပြောတတ်ဘူး။ ထ,လည်းမသွားချင်ဘူး။ ငြိမ်ငြိမ်ကလေးပဲလှဲနေမိတယ်။

မငြိမ်လို့လည်းမရဘူးလေ။ ကျုပ်တို့ပိုင်တဲ့ဝါးကွပ်ပျစ်က ဟိုဘက်၊ ဒီဘက်လှည်ရင်တောင် ဂျိုးဂျိုးဂျွတ်ဂျွတ် အသံ ထွက်တာ။

ကျုပ်နားထဲမှာ ''အိမ်ထောင်သည်တွေနဲ့လူလွတ်တွေ အတူမထားဘူး'' ဆိုတဲ့အုတ်စက်ပိုင် အသံကို ပြန်ကြားမိတယ်။ ပါးစပ်ကသာပြောတာလေ။ လုပ်ငန်းကိစ္စကိုပဲလုံးပန်းနေတော့ ကျုပ်တို့ကို ပြန်ကြည့်အားတာမဟုတ်ဘူး။ အကုန်အကျသက် သာအောင် အခန်းကျဉ်းကျဉ်းကလေးတွေနဲ့ တဲတန်းရှည်ကြီးဆောက်ပြီး အခန်းတွေဝေတော့ ကျုပ်က တောင်လိုလိုမြောက် လိုလိုနဲ့ ကျော်မိုးတို့နဲ့အခန်းကပ်လျက်လာဖြစ်နေတာပဲ။ ဘယ်သူကမှလည်း သတိထားမိဟန်မတူဘူး။

အရင်ရက်တွေကတော့ လူခြေတိတ်မှအခန်းထဲဝင်နေကျ။ ကျုပ်က သီချင်းဆိုနေရရင်ကျေနပ်နေတဲ့ကောင်။ လသာရက် တွေဆို တာရိုးကြီးပေါ်တက်ပြီး လေကလေးတဖြူးဖြူးနဲ့ သီချင်းတွေစိတ်ရှိ လက်ရှိအော်နေတတ်တာ။ မကျေနပ်စိတ်ဖြစ်လာရင် သီချင်းဆိုပြီးမေ့ဖျောက်တတ်တာကျုပ်အကျင့်လေ။ တာရိုးပေါ်ကကြည့်ရင် နမ့်တိန်းချောင်းက လရောင်အောက်မှာ ရောင်ပြန်တွေ လက်လက်ထ,လို့ ဟိုးခပ်ဝေးဝေးမှာ လင်းခေးတံတားသစ်ကြီးနဲ့ တောင်မြင့်မြင့်ကြီးက ပြာမှိုင်းနေတာပဲ။

ထန်းပင်၊ ဇီးပင်၊ တမာပင်၊ ထနောင်းပင်တွေနဲ့ အပူချိန်ပြင်းလှတဲ့ လင်းခေးမြို့မှာ အဖေအမေကိုလွမ်းတဲ့၊ ရွာကို လွမ်းတဲ့အညာသား ကျုပ်မှာ သီချင်းဆိုတာ၊ ဗီဒီယိုကြည့်တာပဲ ဖြေဖျော်စရာရှိတာ မဟုတ်လား။

အသံမထွက်ရဲလို့ အသက်တောင်ခိုးရှူနေရတဲ့ကျုပ် ငြိမ်ကုပ်နေရတာနဲ့ပေါင်းပြီး အကြောအခြင်တွေတောင့် တင်း နေတယ်။ တစ်လောကလုံးတိတ်ဆိတ်နေပြီလို့ထင်ရတဲ့အချိန်မှာ ကျုပ်ငြိမ်ငြိမ်ကလေးထ,ပြီး အခန်းထဲကထွက်လာခဲ့တယ်။ ဟိုးဘက် အစွန်ဆုံးကဒေါ်ကြီးငြိမ်း အခန်းရှေ့ကရေအိုး မှာ ရေတစ်ဝကြီးသောက်ပြီး အိပ်ထောင်ထဲနှိုက်ကြည့်တော့ ပိပြားနေတဲ့ ဆေးလိပ်တိုကလေး လက်ထဲပါလာတယ်။

လေတိုက်နေတော့ဆေးလိပ်က တော်တော်နဲ့မီးမစွဲဘူး။ လက်နဲ့ကာပြီးရှိုက်ဖွာလိုက်တော့မှ မီးခိုးတွေထောင်းထ လာတယ်။ အားရပါးရပဲ ဗိုက်ထဲထိရှိုက်သွင်းမိတယ်။ ခေါင်းအမော့ မီးအငြိမ်းမှာ လှပ်ကနဲမြင်လိုက်ရတာ ဒေါ်ကြီးငြိမ်းတို့ ကွပ်ပျစ်ပေါ်က စောင်ခြုံကြီး ... အရက်ရှိန်က ဆေးခိုးငွေ့နဲ့ပေါင်းပြီး ပြန်တက်လာသလိုပဲ။ သွေးကြောတွေတောင် ဖျဉ်း ဖျဉ်း .. ဖျဉ်း ဖျဉ်းနဲ့။

ကျုပ်သိတယ်။ ဒါ မိနုပဲ။ အောင်ပိုင်ကြိုက်တဲ့ ဒေါ်ကြီးငြိမ်းတို့မိသားစုက TVပုံးရှေ့မှာရှိနေလောက်ပြီ။ သားအမိ နှစ်ယောက်အိပ်တဲ့ကွပ်ပျစ်ပေါ်မှာ စောင်ကြီးခြုံပြီးအိပ်နေတာ မိနုကလွဲပြီး ဘယ်သူဖြစ်ရဦးမှာလဲ။

ကျုပ်မျက်စိထဲမှာ မိနုရဲ့ပုံရိပ်တွေပေါ်လာတယ်။ ကျုပ်တို့နည်းတူ တစ်နေကုန်ပင်ပင်ပန်းပန်းလုပ်ရတဲ့ အကြမ်းခံ၊ ရေစိမ်ခံ၊ ညိုညိုလုံးလုံးပြည့်ပြည့် ကိုယ်ခန္ဓာ။ မပြုံးတပြုံးမိနုမျက်နှာက ကျုပ်မျက်နှာပေါ် ဝဲဝဲကျလာတယ်။ ဟိုကြော်ငြာထဲက မင်းသမီးလိုပေါ့။ ကျုပ်ရေထပ်သောက် မိပြန်တယ်။ သောက်လို့ကိုမဝနိုင်ဘူး။ တစ်ခွက်ပြီးတစ်ခွာ။

နောက်တော့ ဘယ်အင်အားကများ မိနုဆီ တစ်လှမ်းချင်းရွှေ့သွားအောင် တွန်းပို့နေတယ်မသိဘူး။


''ဟ ...သောက်ကျိုးနည်း ...လူဟ ...လူဟ ...ခြေထောက်ဆွဲတာဟ''

မိနုအဖေ ဦးကြီးငွေရဲ့အသံကြီးထွက်လာတော့ ကျုပ်ကြောင်ပြီးရပ်နေမိတယ်။ နောက် ကျုပ်ခြေထောက်တွေကို မိုင် ကုန်တင်ပြီးပြေးထွက်လာခဲ့မိတယ်။ အုတ်ပုံတွေကိုကျော်လာတော့ တာရိုးသစ်ကြီးကိုမြင်နေရပြီ။ ဦးကြီးငွေအသံနဲ့ လုပ်ဖော် ကိုင်ဖက်တွေရဲ့ ညာသံပေးလိုက်လာတဲ့ အသံတွေကလည်း ပိုပိုပြီးနီးနီးလာပြီ။

နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့က ကျုပ်ရှေ့ကဆီးဖမ်းရအောင် ဘယ်ဘက်ကပန်းတက်လာတယ်။ တစ်ဖွဲ့က ကျုပ်နောက်က။ ကျုပ်စဉ်းစားချိန်မရှိဘူး။ ထန်းပင်အောက်မှောင်ရိပ်ရောက်တာနဲ့ ညာဘက်ကိုချိုးကွေ့ပြီး ကျူတောထဲပုန်းနေလိုက်တယ်။ လိုက်ရှာသံတွေ၊ ညာသံပေးနေတဲ့အသံတွေနဲ့ဝေးရာကို တိုးရင်း တိုးရင်း ...ကျုပ်ရင်ထဲ အေးကနဲ ...ဟာခနဲ။ နောက်ဆုံးအသိကတော့ စိမ့်အေးနေတဲ့ တိန်းချောင်းရေတွေ ပါးစပ်ထဲ၊ နှာခေါင်းထဲစီးဝင်လာတာပဲ။

xxxxxxxxxxx

ဒေသခံတွေကပြောကြတယ်လေ ...'' တိန်းချောင်းက လူစိမ်းဆိုရင်စားတယ်'' တဲ့ .... ။ ။

အဖြူရောင် (ရွှေ)
ရွှေအသစ် ပထမပုဒ် ၊
ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း ၊
သြဂုတ်လ ၊ ၂ဝဝ၅ ခုနှစ် ။