Monday 15 August 2011

တံခါးခေါက်သံများ

ပိတ်ထားတဲ့တံခါးတစ်ချပ်ကိုခေါက်ဖူးကြသူတွေချည်းပါပဲ။ အနည်းဆုံးတစ်ကြိမ် ဖြစ်ဖြစ်ပေါ့။ တံခါးတွေရဲ့ နောက်ကွယ်မှာ ဖြူစင်မှုတွေ၊ ညစ်နွမ်းမှုတွေ၊နောက်......။

ခင်သူဇာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက မြို့လေးတစ်မြို့မှာ ကျွန်မကို မွေးခဲ့ပါတယ်။ မြို့ဆိုပေမယ့် တောရွာကြီး သာသာ ရှိတာပါပဲ။ အဲဒီ တောရွာကြီး မှာပဲ မွေးဖွား ကြီးပြင်း အရွယ် ရောက်ခဲ့ တယ်ပေါ့။ မိဘတွေက စီပွားရေး ကောင်းတော ပြင်ဦးလွင် မှာဘော်ဒါထား ပေးတယ်။ ၁၀ တန်းထိတော့ ဟုတ်နေတာပဲလေ။ ၁၀ တန်းလည်း ရောက်ရော တဗုန်းဗုန်းနဲ့ကို မြည်နေတယ် ထင်တာပဲ။ ပြောရမယ်ဆိုရင် တော့ မိဘတွေ အလုပ်က လက်ဖျား ငွေသီးနေတာကိုး။ အဲဒီတော့ စာကို စုံရေမက်ရေ မရှိဘူး။ ဘ၀ဆိုတာ ဒီလိုမျိုး ကြုံတွေ့နိုင်ပါလားလို့ သိခဲ့ ရင် အနည်းဆုံး ဘွဲ့လေး တစ်ခုတော့ ရအောင် ယူခဲ့ပါတယ်။

ဒါကလည်း အတွေ့အကြုံ မျိုးစုံနဲ့ ကြုံတော့မှ ရလာတဲ့ နောင်တကိုး။ အဲဒီ တုန်းကတော့ ဘွဲ့ရဖို့ထက် အနံ့ရတာနဲ့ ဘာသစ်လဲ။ အခွံမြင်တာနဲ့ သစ်မာလား။ အချမာလား။ သိရင်ကို ဟုတ်နေပြီလေ။ အချမာဆိုတာ ပျဉ်းကတိုးလို သစ်ကောင်း စာရင်းဝင် မဟုတ်ဘဲ မာတော့ မာတယ်။ တန်းမမီတဲ့ သစ်ပေါ့လေ။

သမီးတွေချည်း မွေးထားတော့ အဖေက ပေးမသင်ဘူး။ အဖေ့ အလုပ်ထဲမှာ မိန်းမဆိုလို့ လွှစာ လာကျုံးတဲ့ သူလောက်ရှိတာကိုး။ ဒါပေမယ့် ကျွန်မတို့ ညီအစ်မကလည်း စာကို လုံးလုံး စိတ်မ၀င်စားဘူး။ သစ်တစ်တန်ရဖို့ သစ်ဘယ်နှလုံး ခွဲရမလဲ ဆိုတာလောက် စိတ်ဝင်စားတာကိုး။
သစ်ကားတစ်စီး တောထဲဝင်ရင် ဘယ်နှရက်အတွင်း ဘယ်နှတန်လောက် ပါလာမလဲပဲ တွက်နေတတ်တာကိုး။

သစ်လုပ်ငန်း အရှိန် ကောင်းကောင်းနဲ့ လည်ပတ်နေတုန်းမှာပဲ အဖေဆုံးတယ်။ ကျွန်မတို့ သားအမိတွေ ရွှေတောင် ပြိုတာပေါ့။ အမေဆို တာကလည်း အဖေပေးတဲ့ ငွေကို လက်ဖြန့် ယူသုံးတတ်တာက လွဲပြီး အလုပ်အကြောင်း ဘာမှ နားမလည်။ ကျွန်မတို့ ညီအစ်မက ကျောင်းစာလည်း အဖြစ်မရှိ။ အလုပ်ထဲမှာလည်း အဖြစ် မရှိသေးချိန်။ လည်ပတ်နေတဲ့ သစ်စက်ရယ်၊ သစ်လုံးတင် ကားပက်လက် နှစ်စီးရယ်နဲ့ ယောင်ချာချာ ကျန်ခဲ့ကြတာပေါ့။

တိုတိုပြောရရင် အရင်း ပြုတ်လုပြုတ်ခင်မှာ အခု ကျွန်မယောက်ျား ဖြစ်လာမယ့် ကိုထွန်းလူနဲ့ တွေ့တယ်။ အဲ စိုင်းထွန်းလူပေါ့။ သူတို့က မိရိုးဖလာ ရှမ်းတောင်သူ စစ်စစ်တွေလေ။ သူတို့ မိသားစုမှာ သူက လူ ရည်အလည်ဆုံး။ မန္တလေး တက္ကသိုလ် ကကျောင်း ပြီးထားသူ၊ အမြင်ကျယ်တယ်။ မိရိုးဖလာ တောင်သူအလုပ်ကို ချဲ့ထွင်ပြီး ကုန်ကားတစ် စီးထောင်၊ ကိုယ်တိုင်မောင်း ပြီး ပြင်ဦးလွင် ထိ သီးနှံတွေ ပို့တာ။ ကိုယ်ပိုင်ခြံထွက်တင် မကဘူး။ ဘေးခြံက ထွက် ကုန်တွေပါ အခင်းထဲမှာတင် ဈေးဖြတ်ပြီး ပြင်ဦးလွင်ကို ပို့တာ။ ကိုထွန်းလူ လက် ထက်မှာ သူတို့အိမ် စီးပွား ရေး တစ်ဟုန် ထိုးတက်လာသလို ကျွန်မတို့ရဲ့ ပြုတ်လု ပြုတ်ခင် အရင်းလေး “ခိုင်” သွားတယ်။ နောက် ကိုထွန်းလူနဲ့ ကျွန်မ အကြောင်းပါတယ်။

ကျွန်မတို့ အိမ်ထောင် ကျပြီး သိပ်မကြာဘူး။ ပြောင်းဖူးတွေ ခေတ်ကောင်း လာတာပဲ။ တကယ်ဆိုတော့ ကျွန်မတို့ ဒေသတွေက စိုက် ပျိုးရေးဒေသတွေပါ။ ပြင်ဦး လွင်ကထွက်ပြီး မြိုင်ကြီး ကွေ့ကျော်တာနဲ့ တစ်မျှော် တစ်ခေါ် စိုက်ခင်းတွေက ဂုတ်ထိပ်တံတား နားရောက်မှ ကျဲကုန်တာကိုး။

အဲဒီ စိုက်ခင်းတွေက ထွက်တဲ့ ပြောင်းဖူးအစေ့ အဆန်တွေဆိုတာ အ၀ါရောင် ဖျာကြီးခင်းထားသလိုပါပဲ။ အဲဒီဖျာက ကမ္ဘာတစ်ဆုံး ကျယ်လေသလား ထင်ရ လောက်အောင် အထွက် ကောင်းတဲ့ ပြောင်းပါ။ အမြင်ကျယ်တဲ့ ကိုထွန်း လူက အဆက်အသွယ် ရှာပြီး ရန်ကုန်ထိ ပွဲရုံလာဖွင့်တယ်။ ကျွန်မအစ်မနဲ့ ကိုထွန်းလူ မောင်နှမတွေက ရွာမှာတင် ပွဲရုံဖွင့်ပြီး ရန်ကုန်ကို တိုက်ရိုက် တင်ပေးကြတယ်။

အဲဒီလိုနဲ့ ရန်ကုန်ကို ရောက်လာခဲ့တာပေါ့။ ကျွန်မတို့ သားအမိတွေ နေဖို့ ကိုထွန်းလူ ငှားထားပေးတဲ့ အခန်းက ဘုရင့်နောင် ပွဲရုံ တန်းနဲ့ မျက် နှာချင်းဆိုင်မှာ။ ချောင်းရေ တွေ တသွင်သွင်စီးသလို ကားတွေ အဆက်မပြတ် စီးဆင်း နေတဲ့လမ်းမကြီးပေါ့။ ရန်ကုန် ရောက်စကတော့ ညနေ မှောင်ပျိုးတာနဲ့ ကိုထွန်းလူ အိမ်ပြန်လာတယ်။ တစ်လလောက်လည်း ကြာရော ကျွန်မတို့ နေသားကျ သွားပြီလို့ ယူဆတယ်နဲ့ တူပါ ရဲ့။ အိမ်ပြန် မိုးချုပ်တတ်လာတယ်။

အဲဒီမှာတင် တံခါး ခေါက်သံတွေကို ကြားရ တော့တာပဲ။
ဟုတ်ပါတယ်။ အိမ်ပတ်ပတ်လည်က နာရီဝက်ခြား တစ်ခါလောက် ခေါက်နေတတ်တဲ့ တံခါး ခေါက်သံတွေပါ။ ပထမဦးဆုံးကြား ရတဲ့ရက်က စိတ်ထဲ အတော်ကို မသိုးမသန့်ဖြစ်မိတာ။ ပွဲရုံနဲ့ စာရင်း ရှင်းရမှာမို့ မိုးချုပ်မယ်ဆိုတဲ့ ကိုထွန်းလူကို စောင့်နေတုန်း တံခါးခေါက် သံကို ကြားလိုက်ရတော့ အပြေးအလွှားပဲ တံခါး သွားဖွင့်မိတယ်။ တံခါးဝမှာ ဘယ်သူမှ ရှိမနေဘူး။ သားလေးကို သိပ်ရင်း မှေးခနဲ အိပ်ပျော် မလိုဖြစ်လိုက်၊ တံခါးခေါက် သံကြားလို့ ထဖွင့်ပေးလိုက်နဲ့ အဲဒီ တစ်ညတည်း ဆယ်ခါ ကျော်မလားပဲ။
ကိုထွန်းလူ ပြန်လာလာချင်း ဆီးမေးမိတော့။

“ဟုတ်တယ်။ ဟိုဘက်က တည်းခိုခန်းတွေလေ။ ဒီတိုက်မှာ မြေညီထပ်တွေက ဆိုင်ခန်းတွေ။ အခု ကိုယ်တို့ အောက်တစ်လွှာ ဘယ်ညာ က အိမ်ရှင်တွေ။ နှစ်လွှာ၊ သုံးလွှာနဲ့ ကိုယ်တို့ အပေါ်ထပ် ငါးလွှာ၊ ခြောက်လွှာက တည်းခိုခန်းတွေ”

“ဟင် တည်းခိုခန်းက ဟိုဘက်တိုက် မဟုတ်ဘူးလား”

“အား ငါ့မိန်းမ အတော့် ကို လေ့လာ ထားတာပဲ။ ဟား ဟား အဲဒါ တစ်တိုက်တည်းကွ။ ကိုယ်တို့က ဒီဘက်လှေကား၊ သူတို့က ဟိုဘက်လှေကား”

“ထင်တော့ ထင်သား ပဲ။ ဒီအခန်းကို တက်ရတာ လှေကား အလုံပိတ်ကြီးနဲ့ မွန်း မွန်း ကျပ်ကျပ်ကြီးပါလို့။ သြော် ဟိုဘက်လှေကားက တက်တာကိုး။ ဒါဆို နေစမ်း ပါဦး။ ဘာဖြစ်လို့ ဒီအခန်းကို ငှားရတာတုံး။ နေရတာ လိပ် ပြာမသန့်လိုက်တာ”

“အမှန်အတိုင်း ပြောရ ရင်တော့ ကိုယ့်သူငယ်ချင်း ငှားပေးတာ။ ကိုယ်လည်း မင်းတို့ မလာခင် နှစ်ရက် လောက်ကမှ သိတာ။ အဲဒီ အချိန် တစ်နှစ်စာ ငွေချေပြီး ပြီလေ”

သက်ပြင်း ချရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကိုထွန်းလူ စောစောပြန်လာတဲ့ ရက်ဆိုရင်တော့ ကိစ္စမရှိဘူး။ ကိုယ့်ဘေးမှာ ယောက်ျားရှိ နေတော့ လုံခြုံ စိတ်ချစွာပဲ စိတ်အေးလက်အေး အိပ်ပျော်တယ်။ ကိုထွန်းလူ အိမ်ပြန် နောက်ကျတဲ့ ရက်တွေမှာ သားငယ်လေးကို ဖက်ရင်း စိတ်ချောက်ချားမိတယ်။ ဘယ်လိုမှ အိပ်မပျော်ဘူး။ ညနက်လေ တံခါးခေါက်သံတွေ ကျယ်လေပါပဲ။ အပေါ် ထပ်က ခေါက်ရင်လည်း ဆတ်ခနဲ ထထိုင်မိတယ်။ ဘေးခန်းက ခေါက်ရင်လည်း ရင်တွေ တဒိုင်းဒိုင်း ခုန်အောင် ကြောက် မိတယ်။ နံရံတစ်ချပ် ခြားနေတဲ့ တံခါး ခေါက်သံ တွေဟာ ကျွန်မကို အသက်ရှူ ကျပ်စေပါတယ်။ တိတ်ဆိတ်တဲ့ ညဥ့်ယံမှာ လိုဏ်သံပါတဲ့ တံခါးခေါက်သံတွေဟာ နိမိတ်ဆိုး သယ်လာတတ်တဲ့ ငှက်တစ်ကောင်ရဲ့ အော်သံလို ပါပဲ။ မှေးခနဲ ဖြစ်လိုက်၊ တံခါးခေါက်သံ ပေါ်လာလိုက်၊ ဘုရား စာရွတ်ရင်း ၀င်၊ ထွက်မှတ်ရင်း ငြိမ်သက်ခါနီး စိတ်ကလေးက နောက်တစ်ခါ ခေါက်လိုက် တဲ့ တံခါးခေါက်သံ အောက်မှာ ဖရိုဖရဲ အလဲအကွဲ ရုန်း ကန်ထလာပြန်ပါရော။ အိပ်ချင်မူးရီနဲ့ လန့်လန့် နိုးရတဲ့ အခါ အတွေးတွေက ယောက်ယက်ခတ် စိုးမိုးလာတယ်။ ကိုထွန်းလူကော ပွဲရုံမှာ စာရင်း ရှင်းနေတာလား။ နယ်က အ၀င် နောက်ကျတဲ့ ကုန်ကား ကိုပဲ စောင့်နေတာလား။ ဒါမှ မဟုတ် တံခါးတစ်ချပ်ရဲ့ နောက်ကွယ်မှာပဲလား။

တံခါး ခေါက်သံတွေဟာ ပစ္စက္ခကြောက်ရွံ့မှုကိုတင် မကဘူး။ စိတ်ကူးနဲ့ပါ ကြောက်ရွံ့မှုကို ဖြစ်စေပါ တယ်။ လောကကြီး အိပ်နေ ပေမယ့် ဘုရင့်နောင်ကတော့ မအိပ်ဘူး။ လမ်းပေါ်က ကား သံတွေရယ်၊ တံခါးခေါက်သံ တွေရယ်၊ စည်းချက်ကျကျ အသက်ဝင် နိုးထနေတာ ရောင်နီလာချိန်ထိပါပဲ။ အဲဒီ လိုနဲ့ ညရောက်မှာကို ကြောက်ကြောက် လာမိတော့တယ်။

“ညတွေ သိပ်မိုးမချုပ်ပါနဲ့ကွယ်။ ကို ပြန်မလာမချင်း အိပ်လို့လည်း မပျော်ဘူး။ အဲဒီ တံခါးခေါက်သံ ကြားလိုက်တာနဲ့ လန့်လန့် သွားတာပဲ”

“အေးပါကွာ။ နယ်ကား အ၀င် နောက်ကျတဲ့ အခါတို့၊ ငွေရှင်း စာရင်းရှင်းရတဲ့ ရက်တွေတို့ ဒီလောက်ပါပဲ။ သည်းခံပါကွာ။ ဘာအန္တရာယ်မှ မရှိပါဘူး။ ဒီလှေ ကားကို သုံးတာ အိမ်ရှင်တွေနဲ့ ကိုယ်တို့ပဲရှိတာ လုံခြုံပါတယ်။ သူစိမ်းဝင်တာနဲ့ အိမ်ရှင်တွေက အပေါက်ဝကဆီး မေးတာ။ ကွန်ဒိုတွေ ထက် တောင် လုံခြုံရေး စိတ်ချ ရသေးတယ်”

“ဟုတ်တယ်လေ။ ဒီ အခန်းက လူတော့ လုံပါတယ်။ အသံတွေ မလုံတာက ပိုဆိုးတယ်။ ခေါက်လည်း ခေါက်နိုင်ကြပါပေရဲ့။ နာရီဝက် တစ်ခါလောက်ကို ခေါက်နေကြတာ”

“သြော် မိန်းမရယ်။ ကိုယ်တို့ကလည်း စီးပွားရေး အတွက် ဒီမှာလာနေတာ။ သူ တို့လည်း စီးပွားရှာနေတာ နားလည် ပေးလိုက် စမ်းပါ ကွာ”
ကိုထွန်းလူက တံခါး ခေါက်သံတွေကို ပေါ့ပေါ့ပါး ပါးတွေးနိုင်၊ ရင်ဆိုင်နိုင်ပေ မယ့် ကျွန်မအတွက်ကတော့ ညလယ် အိပ်မက် ဆိုးတွေပါပဲ။ အိမ်မှာနေရတဲ့ ကျွန်မ အတွက် တံခါး ခေါက်သံတွေက မရိုးနိုင်ဘူး။ ညနက်လေ တံခါးခေါက်သံ ကျယ်လာလေ၊ နှလုံးခုန်သံ တဒိုင်း ဒိုင်းက ပေါက်ကွဲသွားမတတ် ဆူညံ မြည်ဟည်းလာလေ ပါပဲ။

မခင်ဌေး
ကိုကျော်အောင် ဒီတစ်ခေါက် ဆင်းသွားတာ တစ်ပတ်ကျော်ပြီ။ မနေ့ကတော့ အုံနာ့အိမ် လိုက်သွားမိတယ်။ တတ်နိုင်ရင် မလိုက် ချင်ပါဘူး။ လူမြင်တာနဲ့ တီကောင် ဆားတို့သလို တွန့်သွားတတ်တဲ့ အုံနာ့မိန်းမဆီ လက်မဖြန့် ချင်ဘူး။ ဒါပေမယ့် ဘယ်တတ် နိုင်မလဲ။ သမီးကြီး ဖျားနေတာ ငါးရက် ရှိပြီလေ။လက်ထဲ ငွေမရှိတာနဲ့ ဦးချစ်ထူး ငန်းဆေးလေးနဲ့ ကွမ်းရွက် ပြုတ်ရည်ကလေး တိုက်နေတာ။ ဆေးသောက်ပြီးရင်တော့ ချွေးတွေထွက် လန်းလာပါတယ်။ အချိန်တန်ရင် ပြန်ဖျားတာပဲ။ ဒီနေ့တော့ ဆေးခန်း သွားမှ ရမယ်။

တပ်ထဲ ဆေးခန်းက ဆရာမကတော့ ပြောသား။ ကလေး ကြည့်ရတာ ငှက်ဖျားနဲ့ တူတယ်။ ငှက်ဖျား တိုက်ဖျက်ရေး ရုံးကိုသာ သွားတဲ့။ ဘယ်ဆေးခန်းသွားသွား ငွေကုန်တာပဲ အဖတ် တင်မှာ။ ငှက်ဖျား တိုက်ဖျက်ရေးရုံးမှာ အလှူငွေပဲ ထည့်ရတာ။ သေချာ စစ်ဆေးပြီး ဟုတ်ရင် ဆေးပတ်လည်အောင်သာ သောက်။ ငှက်ဖျား ပြတ်တယ်တဲ့။

အဲဒါနဲ့ အုံနာအိမ်သွား လက်ဖြန့်ရတာ။ ကိုကျော်အောင် တို့က နောက် ၅ ရက် လောက်ကြာဦးမတဲ့။ ကုန်စောင့်ရင်း ဘုရင့်နောင်ကား ဈေးထဲမှာ ကားပြင်ဖို့ ပစ္စည်းတွေ ၀ယ်နေတာတဲ့။ ဒီတစ်ခေါက် အုံနာလည်း လိုက်သွားတယ်တဲ့။ ကိုကျော်အောင်ကလည်း မျှော်မယ့်သာ မျှော်ရတာ။ ငွေပါချင်မှ ပါလာ တာလေ။ ပြီးခဲ့တဲ့ အပတ်ကလည်း မူးကြောင် မူးကြောင်နဲ့ အိမ်ပြန်လာပြီး

“မိန်းမရေ လူပဲ ယူလိုက်တော့ကွာ။ ငွေတော့ မအပ်နိုင်တော့ဘူး။ လူပဲ အပ်နိုင်တယ်”
ပြောပြောဆိုဆိုနဲ့ အိပ်ရာထဲ ထိုးအိပ်လိုက်တာ နောက်နေ့ နေ့လယ်မှ ထနိုင်တယ်။ အိပ်ရာက နိုးလာတော့လည်း အရက် နာကျပြီး မလှုပ်နိုင်လို့ ထမင်းကြမ်းကို သကြားရည်လေးနဲ့ ဖျော်ပြီး ပြုစုရသေးတာ။ ဒုက္ခတွေလေ။ ဘယ်တတ်နိုင်မလဲ။ ကားသမား လင်လုပ် ပြီးမှတော့ သုခပေးလည်း ယူရုံ၊ ဒုက္ခပေး လည်း ယူရုံပဲပေါ့။

အဲလို စိတ်လျှော့ ထားခဲ့တာကြာပေါ့။ အရင်တုန်းကတော့ ဘယ်ဟုတ်မလဲ။ သမီးကြီး တစ်ယောက်တည်းတုန်းကတော့ ရန်ကုန် ထိ လိုက်ပြီးကို ပွဲကြမ်းပစ်တာ။ သူတို့ကားတွေ ညအိပ်တဲ့ ဘုရင့်နောင်ပွဲ ရုံတန်းဆိုတာ တည်းခိုခန်းတွေကို မှိုလို ပေါက်နေ တာ။ ကောင်မလေးတွေကလည်း တင်းကျမ်းပေါ့။ အံမယ် ကိုကျော်အောင့် ကောင်မက ဘယ်လောက် ပိုင်သလဲ။ ကျုပ်ကသာ ကိုကျော်အောင် အိမ်ပြန်မယ့်ရက် မသိတာ။ သူက ကိုကျော်အောင် ဘယ်နေ့ ရန်ကုန် ၀င်မယ်ဆိုတာ အတိအကျ သိပြီးသား။

တည်းခိုခန်း လိုက်သွားပြီး သူ့အခန်းတံခါးကို ခေါက်လိုက်တော့ “လာပြီ အချစ်ရေ။ လာပြီ။ အချစ်လေး နောက်ကျ လှချည်လား”တဲ့။ ဖြစ်ပုံ ဖြစ်ပုံ။ ကျုပ်မှာ ဒေါသထွက် လွန်းလို့ အသားတွေကို ဆတ် ဆတ်တုန်လို့။ တံခါးလည်း ပွင့်လာရော ဒင်းမှာ မျက်လုံး ကြီးပြူးပြီး အံ့သြနေတာလေ။ အဲဒီတုန်းက သူပြောတဲ့ စကားတွေ မှတ်မိသေးတယ်။
“မယားငယ်လို့ စကား ကြမ်းကြမ်းကြီး မသုံးပါနဲ့ကွာ။ ဒါအချစ်ပွားကလေး။ အချစ်ပွားကလေး။ မူပိုင် အချစ်တွေကနေ ပွားထွက် လာတဲ့ အချစ်ပွားကလေး။ ဟဲဟဲဟဲ။ မင်းကတော့ မူပိုင် အချစ်ပေါ့ကွာ။ မင်းက မောင့် မူပိုင်ရှင်ပါကွာ”

ကိုကျော်အောင်က လူပုံ ချောသလောက် စကားပြော ညင်သာတယ်။ ဘယ်တော့ မှ ၀ုန်းဝုန်းဒိုင်းဒိုင်း နင်ပဲ ငဆ မပြောဘူး။ ပြီးတော့မှ သူ ထင်ရာ လုပ်တာလေ။ လုပ်ပြီးရင်လည်း ကျုပ်ပြောသမျှ ငုံ့ခံတာပဲ။ ပြောရတဲ့ လူပဲ အရူးဖြစ်တာ။

“ဟုတ်ပါတယ်ကွာ။ မင်းမှန်ပါတယ်။ အစ်ကို မှားပါတယ် မိန်းမရယ်။ အစ်ကိုက အသုံးမကျတာပါ။ အစ်ကို့ကြောင့်ချည်း မဟုတ်ပါ ဘူး။ ဒီကောင်...ဒီကောင် ဂြိုဟ်မွှေနေတာ။ ဒီကောင် ၀င်သွားရင် ထိန်းမရတော့ဘူး”

“သြော်..ခက်ပါလား။ မိန်းမရယ်။ မင်းယောက်ျား က ကားသမားကွ။ ခြေကော လက်ကော စိတ်ကော တစ်ခုမှ မနားဘဲ ခေါင်းခန်းပူပူ လောင်လောင်ကြီးထဲမှာ တစ်နေ့လုံး တစ်ညလုံး မောင်းလာရတာ။ အစ်ကို့မှာ ဒါက လေးမှ မငုံရရင် ဘယ်ခံနိုင် ပါ့မလဲကွာ။ ဒါကလေးများ တစ်ပိုင်းလောက် ၀င်သွားရင် ပင်ပန်းခဲ့သမျှ ပျောက်ပြီး နတ်ပြည် ရောက်သွားတော့ တာပဲ ဟဲဟဲဟဲ”

ကျုပ်ကလည်း မတွေ့ခင် မောင်းတင်ထားသမျှ ဒင်းရှေ့ရောက်လို့ ဒင်းစကား ကြားလိုက်ရရင်ပဲ “ဟုတ်တာ ပဲလေ”တို့၊ “ဟုတ်တာပေါ့” တို့ ထောက်ခံပြီးသား။ ကိုယ်ချစ်လို့ ယူထားတဲ့ လင်ကိုး။ ဘယ်လောက် ဒေါသ ထွက်ထွက် ဒင်းမျက်နှာမြင်၊ ဒင်းအသံကြား လိုက်ရရင် ငိုတာတောင် ဒင်းရင်ခွင်ထဲ ၀င်ပြီးမှ ငိုလိုက်ချင်တာ။ ထုချင် ရိုက်ချင်တောင် ဒင်းကို ဖက်ပြီးမှ ထုချင်တာ။ ဒင်းကပဲ “မှော်” အောင်တာလား။ ကျုပ်ကပဲ မိန်းမတွေ နှာခေါင်း မပါရင် ဟိုဟာ စားမယ်ဆိုတဲ့ စကားပုံလို ဖြစ်နေ တာလားတော့ မသိတော့ပါဘူး။

အဲလို အဲလိုနဲ့ သမီးတွေ တစ်ယောက်ပြီး တစ်ယောက် မွေးရင်း ငါ့အိမ်ပြန်လာရင် ငါ့လင်ပဲ ဆိုတာလို စိတ်ဖြေ တတ်လာတာ။
အခုလည်း ဒင်းအခန်း ဘယ်ကောင်မတွေ တံခါး ခေါက်နေမလဲ မသိဘူး။ အုံနာပါသွားပေမယ့် အုံနာက မြို့ထဲမှာ တည်းတာ။ သူတို့ ဆရာ တပည့်တွေက ကားထားတဲ့ ဘုရင့်နောင်မှာပဲ တည်းတာလေ။ ကုန်ပို့ရတဲ့ ဘုရင့်နောင် ပွဲရုံတန်းရယ်၊ တစ်နိုင်ငံလုံးမှာ အကြီးဆုံး၊ ပစ္စည်းအစုံဆုံးလို့ ပြောတဲ့ ကားပစ္စည်းတွေ ရောင်းတဲ့ ဈေးရယ်၊ တည်းခိုခန်းတွေ ရယ်က ဘုရင့်နောင် နေရာ ကွက်ကွက်ကလေးမှာ ဖင်ချင်းပေါက်နေတာကိုး။
ဒင်းအခန်း ဘယ်သူပဲ တံခါး ခေါက်ခေါက်ပေါ့။ သမီးတွေ မွေးထားပြီးမှ လင်ကို တပြီး ရူးရမယ့် အလုပ်တွေ မလုပ်ချင်တေ့ဘူး။

“သမီးကလေးတွေ မအေနဲ့တူ မှာ ကြောက်လွန်းလို့”
၊ မအေ့လို မဖြစ်အောင် မအေထက် သာတဲ့ အိမ်ထောင်ရှင်မတွေ ဖြစ်အောင် စောင့်ရှောက်ပြုပြင် ရမယ့် ၀တ္တရား ရှိသေးတယ်လေ။ မိန်းမဆိုတာ အချိန်တန်ရင် လင်တစ်ယောက်တော့ ရကြမှာပဲ မဟုတ်လား။ ဒင်းတို့ အဖေလို ပြန်မပြော နားမထောင်တဲ့၊ မိသားစုကို မခင်တွယ်တဲ့ လင်မျိုး သမီးတွေနဲ့ မဆုံစေချင်ဘူး။ ဆင်းရဲတာ ချမ်းသာတာထက် ဒိုးတူ ပေါင်ဖက် လုပ်စားပြီး မိသားစုကို ခင်တွယ်တဲ့ ယောက်ျားမျိုး ရှာနိုင်တဲ့ အသိဥာဏ်တော့ သမီးတွေ ဦးနှောက်ထဲ ၀င်အောင် ထည့်ပေးချင်သေးတယ်။ မအေက လင်ဆိုးမယား တဖားဖား ဘ၀မျိုး ဆိုတော့ သမီးတွေ မအေနဲ့ တူမှာ ကြောက်လွန်းလို့လေ။

ယမင်း
လမ်းလျှောက်ရတာ ခြေတွေကို ညောင်းတောင့် နေပြီ။ ဟိုးဘူတာရုံ မှတ်တိုင် ကနေ လျှောက်ရတာ နည်း လား။ ငါးမှတ်တိုင်လောက် ရှိတယ်။ မိုးကလေး တဖွဲဖွဲနဲ့ ရာသီဥတုက ကိုယ့်ဘက်ပါ တယ်။ ဒီနေ့တော့ Ok မယ် ထင်တာ။ ဖိနပ်က အမြင့်ဆိုတော့ ပိုပင်ပန်းတယ်။ ညောင်းရင် သစ်ပင်ရိပ်တို့ ဓာတ်တိုင် အောက်တို့ ခဏ ၀င်ခိုလိုက်၊ လမ်းပေါ်က ကားမီးရောင် တွေ့ရင် လမ်းပေါ်တက် လျှောက်လိုက်။ ဖိနပ်က မြင့် လို့ ညောင်းလို့ ဖြည်းဖြည်း လျှောက်ရတာကိုကပဲ ပုံစံကျ လှနေသလားတော့ မသိဘူး။

“ဟေး...မီးညှောင် ရေ။ နောင်ရက်မှနော၊ နောင် ရက်မှ”တဲ့။

ဟွန်း သေနာတွေ ညောင်းရ မောရတဲ့အထဲ ခေါ်များ တင်သွားမလား မှတ်တယ်။ ဘာတွေ အရေးကြီး နေတယ် မသိဘူး။ နားလိုက် ကားမီးမြင်ရင် လူလုံးထွက် ပြလိုက်နဲ့ လျှောက်လာလိုက်တာ ဘုရင့်နောင်လမ်းဆုံသာ ရောက်ရော ဘယ်နှယ့်မှ မ ဘယ့်နှယ့်သေးဘူး။ လမ်းဆုံ မရောက်ခင်တော့ ဥု မယ် ထင်တာ။ ဒီရက်ပိုင်း ဘာလို့ ဒီလောက် “ပါး” နေရတယ် မသိဘူး။ ဟော မြင့်ဦးတို့ အုပ်စု လမ်းဆုံ အကျော်မှာ။ အံမယ် သူတို့ အဖွဲ့လည်း လူစုံ တက်စုံပါလား။ သူတို့နဲ့ မဆုံ ချင်ပါဘူးဆိုမှ ကံကလည်း မကောင်း။ မတတ်နိုင်ဘူး။ သူတို့ ဆိုက်ကားပေါ် ခဏ ထိုင်ပြီး အညောင်း ဖြေဦးမှ။ လမ်းဖြတ်ကူးမယ်လုပ်မှ မီး က နီသွားသေးတယ်။ ဒီ ရက်ပိုင်း အလုပ်မဖြစ်ဘူး လေ။ တည်းခိုခန်းတွေကလည်း စစ်ဆေးရေးတွေ ကြမ်းနေတော့ အရင်လို မချောင်တော့ဘူး။ မှောင်တကာ့ မှောင်မှ ၀င်ရဲတော့တာ။ ကြီးသောင်းကိုလည်း ပြီးခဲ့တဲ့ လကတည်းက လစာ မပေးရသေးဘူး။ ရှစ်လွှာ အခန်းမှာ “စုစား၊ ပြားအိပ်” တစ်လ လေးသောင်းကိုပဲ အလျဉ် မမီနိုင်ဘူးလေ။ ပြီးခဲ့တဲ့ လက ရတာလေး အမေ မျက်စိခွဲရမယ် ဆိုတော့ အိမ် ပြန်ပို့လိုက်ရတာ။ မတတ်နိုင်ဘူး။ တောင်းပန်ရတာပဲ။ လူ့ အောက်ကျို့တယ် ဆိုတာ ရိုးနေပြီ။ လူပြက်တွေ ပြောသလို “ရိုးဟိုးဟိုး”ပေါ့။

“ဟ..မယမင်း။ လန်းလှချည်လား။ ကြည့်လည်း လန်းနော်။ စီမံချက် ရှိတယ်”

“အေးလေ။ အဲဒါ ကြောင့် ဟိုးဘူတာရုံ လမ်းကနေ ရှိုးလျှောက်လာတာ။ ဒီကို ရောက်ရော။ ဒီရက်ပိုင်း တအားသေတယ်။ ဒါကြောင့် ဒီနေ့ လန်းထားတာ။ ဘယ်လောက်ပဲ လန်းလန်းပါဟာ။ ညောင်းတာပဲ အဖတ်တင်တယ်”

“အခြေအနေ မကောင်းဘူးနော်။ ညရှစ်နာရီလောက်က ဒီနားမှာ တစ်ဖွဲ့ဖြတ်သွား သေးတယ်။ ဈေးဘက် သွားတာနဲ့ တူတယ်”

“လက်ဖက်ရည်လေး ဘာလေး မတိုက်ချင်ဘူး လား။ နေပါဦး။ နင်တို့ အဖွဲ့ လူစုံ တက်စုံပါလား”

“ဈေးဦးတောင် မပေါက်သေးဘူးဟေ့။ လမ်းဆုံမှာ ဆိုက်ကားတွေ ဒီလောက် များတာ။ အလှည့်ကို မကျနိုင်ဘူး။ နောက်ပြီး ခရီးသည် တွေက လည်လာပြီဟ။ အနီးဆုံးထိ ကားစီးပြီး လမ်းလျှောက်ကြတာ”

“ကဲ...ကဲ...မချော။ ဒီ နားကြာကြာ မနေနဲ့။ တို့ပါ အဆစ် ပါနေဦးမယ်။ လုပ်စားရတာ ကြမ်းရတဲ့ အထဲ။ မထူး ပါဘူးဟာ။ ငါလိုက်ပို့ပေးပါ့ မယ်။ ဘယ်သွားမလဲ”

“အင်း..ကိုကျော်ကြီး တို့ဆီ သွားမလားလို့။ ဖုန်း အရင်ဆက်ကြည့်မှနဲ့ တူတယ်”

“ကြည့်လည်း လုပ်ဦး”

“မတတ်နိုင်ဘူးဟာ။ လမ်းလျှောက်လို့ အဆင် မပြေတော့ တံခါးပဲ ခေါက်ရတော့ မှာပဲ။ အင်း..အလုပ်က မကောင်းရတဲ့ ကြားထဲ စီမံချက်ကလာ။ တခြား အလုပ် ပြောင်းရအောင်ကလည်း ငါ က စိတ်ကော ရုပ်ကော “သေ” နေပြီဟ။ ပြီးတော့.. ငါ့လက်တွေကလည်း မဆလာသယ်၊ အုတ်သယ် မလုပ် နိုင်ဘူးတဲ့။ ဟဲဟဲ တံခါးပဲ ခေါက်ချင်တာတဲ့။ ငါလည်း ငါ့လက်ကလေးတွေ သနားတာနဲ့ပဲ”

တံခါးခေါက်သံများ
တံခါးခေါက်သံတွေ တဖြည်းဖြည်း ကျယ်လာလိုက်တာ။
တံခါး ခေါက်သံတွေရဲ့ နောက်မှာ ကြောက်ရွံ့ထိတ် လန့်မှုတွေ ရှိတယ်။ သောက မျက်ရည်တွေ ရှိတယ်။ တစ်ကိုယ်ကောင်း သမားတွေရဲ့ ရယ်သံတွေ ရှိတယ်။ နောက် အချောင်သမား တွေရဲ့ အလွယ် လိုက်မှုတွေ ရှိနေပါတယ်။



အဖြူရောင်၊ရွှေ၊

No comments:

Post a Comment