Monday 15 August 2011

သူခိုးဖမ်းပွဲ

အဲဒီလို အားလုံးငြိမ်ပြီး ဝေခွဲမရ ဖြစ်နေတုန်း ကျောက်ဖျာဒိုး ရွာသူကြီးက ထပြောလိုက်တယ်။ “မဖြစ်ဘူး ရွာထဲမှာ ဒီလိုလုပ်လို့ မဖြစ်ဘူး”တဲ့။

သူကြီး အသံလည်း ကြားရော အုတ်စက် ပိုင်ရှင်က “သူကြီး ပြောတာ မှန်တယ်။ ဒါရဲနဲ့ ဖြေရှင်းရမယ့် ကိစ္စ ရဲတိုင်မှ ရမယ်” သူကြီးနဲပ အုတ်စက်ပိုင်ရှင် တစ်ယောက်တစ်ခွန်း ပြောနေတာ နားထောင်ပြီး ဦးပဉ္စင်းတင်ထွန်း ငြိမ်ကျသွားတယ်။ ရင်ထဲမှာ ဆိုးဆိုးဆတ်ဆတ် တုန်လွန်းလို့ အပြင်ပန်း ငြိမ်ကျသွားတယ် ဆိုတာ ရုံးခန်းထဲက လူတွေ အားလုံး သိလိုက်ကြတယ်။ ဟုတ်တာပေါ့လေ။ ကိုရင်လေး ဘ၀ကတည်းက စာဖတ်၊ စာတတ်ခဲ့လို့ ပထမငယ် ပြီးတဲ့အထိ ရွာရဲ့ ချီးမြှောက်ခံ ကိုရင်လေး ဘ၀၊ နောက် ဦးပဉ္စင်းငယ် ဘ၀၊ အဲဒီလို ငယ်ဖြူဘ၀နဲ့ ငြိမ်းချမ်းနေတုန်း ဗြုန်းဆို လူထွက် ချင်လှချည်ရဲ့ တငိုငို တရယ်ရယ် ဘယ်လိုမှ တားမရတော့ ခမည်းတော်နဲ့ မယ်တော်က မျက်ရည် စက်လက်နဲ့ လူထွက် ခွင့်ပြု လိုက်ရတာကိုး။

သား ဘုန်းကြီး “ကျောင်းထိုင် ဖြစ်လာရင်”ဆို တဲ့ အတွေးနဲ့ ဆောက်နေတဲ့ ရွာဦးကျောင်းက နှစ်ထပ် ကျောင်းဆောင်ကြီးကလည်း လူတစ်ဖက်လောက် ရှိတဲ့ ကျွန်းလုံးတွေ၊ ကနုတ်ရုပ်ကြွ တွေနဲ့ ဥပုသ်နှစ်ရက်လောက် ရွာသားတွေ “အားကူ”လိုက် ရင် ပြီးတော့မှာလေ။ အခုတော့ အင်မတန် ရိုးသားတဲ့၊ အေးချမ်းတဲ့၊ ကျောက်တုံး ကျောက်ဖျာတွေ ပေါတဲ့ စပါးစိုက်၊ ပန်းစိုက် မိရိုးဖလာ တောင်သူယာလုပ် တွေရဲ့ ကျောက်ဖျာဒိုး ဆိုတဲ့ ရွာကလေးမှာ အိမ်ထောင်စု ဇယားတစ်ခု ထပ်တိုးလို့ အဲဒီ အိမ်ထောင်စု ဇယားမှာ ဦးပဉ္စင်းတင်ထွန်းက အိမ်ထောင်ဦးစီး နေရာမှာ ခံ့ခံ့ ထည်ထည်နဲ့။ နောက်လိုက် ငယ်သား သုံးယောက်ကို ဦးဆောင်ရင်း လောကဓံကို အရှုံး မပေးဘဲ ကြံ့ကြံ့ခံ ရင်ဆိုင်လျက်ပါပေါ့။

သားကျောင်းထိုင် ဘုန်းကြီး အဖြစ်ကို ရည်စူး စိတ်ကူးပြီး ကျောင်းဆောင်ကြီး ဆောက်လှူခဲ့တဲ့ ကျောင်းဒကာ ခမည်းတော်ကြီးခမျာ လည်း သားဦးပဉ္စင်း လူထွက် ရဲ့ လောကီရေးရာ မသိတတ်၊ မလိမ္မာမှုတွေ၊ မြေးနှစ်ယောက်ရဲ့ မ၀ံ့မရဲ စိတ်ငယ်ငယ် ခနော်နီ ခနော်နဲ့ ပုံပန်း တွေကို ကြာရှည်သက်ပြင်း ချခွင့် မရခဲ့ရှာဘူး။ အငယ်လေး အခါမလည်ခင် ဆုံးရှာပါရော။

အခုတော့လည်း မိသားစု ၀မ်းစာအတွက် စပါးစိုက်၊ နောက် ရန်ကုန်အထိ တင်ရတဲ့ ဂန္ဓမာပန်း၊ သစ္စာပန်း အခု အသစ်ပေါ်တဲ့ မျိုးဆန်းတွေ ကီလိုတဲ့၊ ဟင်္သာ မျက်လုံးတဲ့၊ ချက်စိမ်းတဲ့၊ ဘိုမတဲ့ လှလိုက်တဲ့ ပန်းတွေ၊ ဆန်းလိုက်တဲ့ နာမည်တွေ။ ပွဲရုံမျိုးချပေး သမျှရော ကိုယ်တိုင်ကောင်း နိုးရာရာရော ပန်းမျိုးစုံ စိုက်တယ်။ ပန်းတွေပေါ်တဲ့ ရာသီဆိုရင် ပွဲရုံက ရန်ကုန် ကားအမီ ပန်းဖြတ်၊ ပန်းစည်း တစ်အိမ်လုံး လက်မလည်အောင် လုပ်နေရတာနဲ့ ရွာဦးကျောင်းက ပန်းအိုးတောင် ပန်းညှိုးတိုင်း မထိုးဖြစ်တော့ဘူး။ ဥပုသ်ရက် ရောက်မှ ပန်းစည်းကလေး ကိုင်ပြီး ကျောင်းတက် ဖြစ်တော့တာကိုး။

နောက် တစ်ရွာလုံး စိုက်ကြတဲ့ ခရမ်းချဉ်မှာတော့ ဦးပဉ္စင်းတင်ထွန်းက ဗိုလ်စွဲ တယ်။ မိုးမှောင်ကြီးကျလာ ပြီးရင် ဖြစ်တတ်တဲ့ “ရိုးမဲ” ဆိုတဲ့ရောဂါ၊ အဲဒီ ရောဂါက ကူးစက်မြန်ဆိုတော့ တစ်ပင်၊ နှစ်ပင်လောက်က စဖြစ်လိုက် တာ တစ်ပတ်အတွင်း ခရမ်း ချဉ်တစ်ခင်းလုံး အပင်စေ့ ကူးကုန်တော့တာ။ ပထမပင် စည်တွေ အခတ်အလက်တွေ မည်း၊ နောက်တော့ အသီး တွေမည်း တစ်ပတ်အတွင်း ပျက်စီးတော့တာပဲ။

ရိုးမဲပြီးရင် ခရမ်းချဉ်ပိုး ကျတာ။ “ရွက်လိပ်ပိုး၊ သီးလုံးဖောက်ပိုး” အဲဒီလိုမျိုး ပိုးတွေကျရင် TV က ကြောငြာတဲ့ ရွှေဆိုက်ပါတို့၊ ကရာတေးတို့ သုံးရတာပဲ။ ဒါပေမယ့် ထူးခြားတာက သုံးတဲ့ဆေး အတူတူကိုပဲ တစ်ရွာလုံး ခရမ်းချဉ်တွေ ပျက်စီးကြတယ်။ ဦးဇင်းတင်ထွန်းက မပျက်စီးဘူး။ ပြောမယ်ဆိုရင် အခြား အခင်းတွေနဲ့ ချောင်းကလေး ခြားတာပဲ ပြောလို့ရမယ်။ ခရမ်းချဉ် အပင် ၂၀၀၀ ကျော်ကို လင်မယားနှစ် ယောက်တည်း အတက်ဖြတ်တဲ့ ရက်မှာ အတက်ဖြတ်၊ မိုးဝေးလို့ ရေလောင်းရမယ့် ရက်ကို ရေလောင်း၊ ပေါင်းလိုက်မယ့် ရက်ကို ပေါင်းလိုက်၊ ရိုးမဲ အတွက် ဆေးဖျန်း၊ ပိုးကျတဲ့ အတွက် ဆေးဖျန်းအားလုံးက နိုင်နိုင်နင်းနင်း လိမ့်ပတ်ကို လည်လို့။ သန်စွမ်းတဲ့ ခရမ်း ချဉ်ပင်ဖြစ်အောင် အလုံးကြီး အသီးလှတဲ့ ရောင်းတန်းဝင် ခရမ်းချဉ်သီးတွေ စံလွန်ထွက်အောင် ပါဏာတိပါတာလည်း ဝေရာမဏိ နိုင်တော့ဘူး။

ပွဲရုံက မျိုးပေး ဆေးပေးပြီး စိုက်ခိုင်းတဲ့ မုန်ညင်းထုပ် တွေ၊ ပန်းဂေါ်ဖီ အဖြူရောင် တွေ၊ ပန်းဂေါ်ဖီ အစိမ်းရောင်တွေ ကိုယ်တိုင်စိုက်တဲ့ ခရမ်းချဉ် ဘာပဲစိုက်စိုက် မလွတ် ကင်းနိုင်တဲ့ ပိုးသတ်ဆေးမျိုး စုံ ငယ်ကတည်းက ရွတ်ဖတ် လာခဲ့တဲ့ ပါဏာတိပါတာ ဆိုတာ မိသားစု ထမင်းလုတ် အောက်မှာ ခေါင်းမထောင် နိုင်တော့ဘူးလေ။

ကိုယ်ယုံကြည်တာကို ကိုယ်လုပ်တာဟာ သစ္စာ တရားလို့ပဲ ဦးပဉ္စင်း လူထွက်က ခံယူတယ်။ သာသနာ့ ဘောင်မှာတုန်းက သာသနာကို ယုံကြည် လေးမြတ်ပြီး ဓမ္မ ဒေသနာတော် မှန်သမျှ အာဂုံ ဆောင်နိုင်အောင် အားထုတ်ခဲ့တယ်။ တစ်ဆင့်ပြန်ပြီး ပညာဝေမယ့် စာချ ကိုယ်တော်ကြီး အဖြစ်ကို ရည်မှန်းပြီး ကြိုးစားခဲ့တယ်။

နောက် ကိုယ်တိုင်က သာသနာ့ ဘောင်မှာ မပျော်ပိုက်။ အိပ်အိပ်၊ စား စား တရားမသိ ကာမဂုဏ်မှာပဲ ပိုက်ကွန်ထဲ ငါးငြိသလို ငြိ ချင်လာမှတော့ စိတ်ဆင်းရဲ မခံနိုင်တော့ဘူး။ ပစ္စုပ္ပန် တည့်တည့် ရှုဖြစ်ခဲ့တာကိုး။ လူ့ဘ၀ ရောက်တော့လည်း မယားကျွေးမှု၊ သားကျွေးမှုသာ အဓိက။ ဦးပဉ္စင်းဘ၀က ခါးဝတ် ပုဆိုးလို မြဲခဲ့တဲ့ ငါးပါးသီလည်း မမြဲနိုင်တော့ ဘူး။ ကုန်တွေ ဈေးတိုးတောင်း၊ ကိုယ်တောင်းတဲ့ ဈေးရနိုင်ဖို့ မပျက်စီးဘဲ ပျက်စီးတယ် ပြောရ၊ မြတ်ရဲ့သားနဲ့ မမြတ်ဘူး ပြောရ။ ညည်း ချင်းမျိုးစုံကို အိုက်တင်ပါပါ ညည်းပြရ၊ အဲသလို ညည်းပြ ရရင် ဦးပဉ္စင်းတင်ထွန်းက မျက်စိ မှိတ်မှိတ်ပြီး ခေါင်းကို လေးလေးပင်ပင် ခါခါပြီးမှ ညည်းတာ။ ပွဲရုံပိုင်ရှင်ကတော့ ဦးပဉ္စင်းလူထွက် ဂုဏ်ပုဒ်ကိုပါ ပေါင်းစပ်ပြီး ရိုး သားလှတဲ့ ပြကွက် အဖြစ်နဲ့ လေးလေးနက်နက် ယုံကြည်တာ။ တကယ်တမ်းတော့ မုသာဝါဒ ပြောရတဲ့ ပါးစပ်ကို ရှက်ပြီး မျက်စိ မှိတ်ထားတာကိုး။ အကြောင်းသင့်ချင်တော့လည်း အဲသလိုပါပဲ။ စားဝတ်နေရေးသာ အဓိကအကျ ဆုံးလို့ ယုံကြည်နေမှတော့ ငါးပါးသီလ မမြဲတာဟာ ဘာမှ မဆန်းတဲ့ သာမည ဖြစ်သွားတော့တာ။

စိုက်ခင်း၊ ပျိုးခင်းတွေနဲ့ အသက်မွေးကြတဲ့ ကျောက်ဖျာဒိုး ရွာကလေးဟာ နေ့ လယ်ပိုင်းမှာ ငြိမ်သက်တိတ် ဆိတ်လို့ ကျီးစောင့်ကြက်နှင် လူအိုတွေကလွဲရင် တစ်အိမ်သားလုံး ယာခင်းထဲ ဆင်းကြရတာကိုး။ ညနေရိုးရီမှ ယာခင်းပြန်တွေရဲ့ အော်သံ၊ ခေါ်သံတွေနဲ့ ဆူညံအသက် ၀င်တာ။ ဒီ့ထက် နည်းနည်း ပိုမျိုးချုပ်ပလားဆိုရင် ရွာလယ် ဗီဒီယိုရုံက သီချင်းသံ တညံညံနဲ့ပေါ့။ ရွာထိပ် လက်ဖက်ရည်ဆိုင်ကတော့ ညပိုင်းနဲ့ မနက်ပိုင်းမှာ တောင်သူတွေ ဆုံစည်းရာ၊ ညှိနှိုင်းရာ၊ ဆွေးနွေးရာ၊ ငြင်းခုံရာ နေရာပေါ့လေ။

အဲဒီလို ငြိမ်သက်အေး ချမ်းတဲ့ ရွာကလေးရဲ့ နံဘေးမှာ နိုင်ငံခြားကတဲ့ မှိုရုံဆိုလား။ အဲဒါကြီးပြီးရင် တောင်သူတွေကို သင်တန်း ပေးဦးမတဲ့။ အဆောက်အအုံ ဆောက်ဖို့ အတွက် မြေနေရာ လာတိုင်း သွားတယ်။ သိပ်မကြာဘူး အဲဒီ အဆောက်အအုံ အတွက် သုံးမယ့် အုတ်တွေကို တာဝန် ယူသွင်းမယ့် အုတ်စက်တစ် စက်ပေါ်လာပါရော။

ရိုးသား အေးချမ်းတဲ့ ရွာသားတွေဟာ အုတ်စက် အလုပ်သမားတွေကို ထူးဆန်း လို့ပေါ့။ ကလေးငိုသံ၊ ဆဲသံ၊ ဆူသံတွေက အုတ်စက်နယ် နိမိတ်ကိုကျော်ပြီး ကျောက် ဖျာဒိုးရွာကလေးထဲအထိ ဝေ စည်လို့။ ရွာထဲက သီးပင်စား ပင်တွေ လိုက်တောင်းတဲ့အသံ၊ ဈေးဆိုင်၊ လက်ဖက်ရည်ဆိုင် တွေမှာ ပိုင်ရှင်က ငွေမရှင်း လို့ စားစရာမရှိတဲ့အကြောင်း ညည်းညူသံ၊ အကြွေးပေးဖို့ တောင်းပန်သံ၊ မူးမူးရူးရူးနဲ့ သီချင်းအော်ဆိုသံတွေက ကျောက်ဖျာဒိုးရွာသားတွေကို အထူးတဆန်း ဖြစ်စေခဲ့တယ်။ ပထမတော့ ထူးဆန်းအံ့သြ ရာက သနား၊ နောက်တော့ ရွံကလည်းရွံ၊ ကြောက်က လည်းကြောက် ဖြစ်လာကြတော့တာ။

အဲဒီနောက်ရက်တွေမှာ တော့ မထူးဆန်းတော့တဲ့ ပြဿနာတွေပေါ့။ လှမ်းထား တဲ့အ၀တ်ပျောက်သွားတာ၊ ကြက်တွေ၊ ဘဲတွေတင်မက ဘူး၊ အိမ်မွေးခွေးပါ ပျောက် ကုန်တာ။ တစ်ရက်တော့ ဦးပဉ္စင်းတင်ထွန်း အခင်းထဲ က ပန်းဂေါ်ဖီပွင့်ကြီးတွေ လူ စောင့်ရှိရဲ့သားနဲ့ ပျောက် ပျောက်သွားတယ်။ အိမ်စားဖို့ ခိုးတာ မဟုတ်ဘူး။ စီးပွား ဖြစ်ခိုးနေတာ။

ဦးပဉ္စင်းတင်ထွန်းက ဘယ်သူ့မှ မပြောဘူး။ ညညကို မအိပ်ဘဲ စောင့်တယ်။ တတိယ ဆန်းစလရောင် ကလေးက မှောင်ကြီးမည်း ကြီးညကို ခပ်မှုန်မှုန်ကလေး လင်းနေစေတယ်။ ခြင်တွေ၊ ပိုးကောင်တွေ တ၀ီဝီ အော်သံ ကြားထဲ ငြိမ်ငြိမ်ကလေး ထိုင်နေတုန်း မည်းမည်းအရိပ် ပေါ်လာတယ်။ စားဝတ်နေရေး အတွက်နဲ့ ငါးပါး သီလကို စကားတောင် အစမခံ မေ့ထားတဲ့ လူရိုးကြီး ဦးပဉ္စင်း တင်ထွန်းရဲ့ ဒေါသက ဒီနေရာမှာ ပေါက်ကွဲတော့ တာပဲ။ သူခိုးက လုံးဝ မလှုပ်နိုင် တော့ဘဲ ခြေရင်းမှာ ပုံပုံ ကလေး လဲကျသွားတော့မှ ဦးပဉ္စင်းအသိပြန်ဝင်လာတယ်။ ဒါပေမယ့် ပြီးသွားပြီလေ။ သူခိုးလက်ထဲက ပန်းဂေါ်ဖီ ပွင့်တွေ ယူပြီး အုတ်စက်ပိုင် ရှင်ဆီသွားတယ်။

အိပ်ရာက အိပ်ချင်မူး တူး နိုးလာတဲ့ ပိုင်ရှင်က သူ့ လူတွေခေါ်စစ်၊ ဟုတ်တယ် ငမိုးပဲ ၀န်ခံကြတော့မှ ငမိုး ကို သွားထမ်းတဲ့လူကထမ်း၊ ကျန်ခဲ့တဲ့ အမျိုးတွေကလည်း ဦးပဉ္စင်းတင်ထွန်းကို ၀ိုင်း တောင်းပန်တဲ့လူက တောင်းပန်၊ ဒါပေမယ့် ဦးပဉ္စင်းတင် ထွန်းက မကျေနပ်နိုင်ဘူးတဲ့။ အဲဒီလိုနဲ့ အခုလို ရုံးရှေ့ ရောက်လာကြတော့တာ။ ငမိုးကတော့ အုတ်စက်ထဲကနေ စောင်ပုခက်နဲ့ ထမ်းပြီးခေါ် လာခဲ့တာ ရုံးရှေ့ကြမ်းပြင်မှာ မလှုပ်နိုင်ဘူး၊ ခွေခွေကလေး။ လူကသာ မလှုပ်နိုင်တာ ပါးစပ်က ညည်းလိုက် ညူလိုက်တာ ရွာဦးကျောင်းက ခိုအုပ်ထက်သာတယ်။

ရွာသူကြီး ရောက်လာတော့ ငမိုးကိုကြည့်ပြီး တော်တော် မျက်နှာပျက်သွားတယ်။ ပြီးမှ...
“ဦးပဉ္စင်း ဦးပဉ္စင်း ဘယ်လို လုပ်လိုက်တာလဲ။ ကျုပ်တို့တော့ အသိ ပေးရောပေါ့ ဦးပဉ္စင်းရာ”

နှုတ်ကျိုးနေတဲ့ သူကြီး ရဲ့လေသံက အပြစ်တင်သံ တင်မကဘူး။ စိတ်ရှုပ်ထွေး သံပါရောပြီး လေးလေးပင် ပင်ကြီး ထွက်လာတယ်။ ဒေါသနဲ့ လက်လွန်ထားတဲ့ လူဖြောင့်စိတ်တို ဦးပဉ္စင်းတင် ထွန်းလည်း တုတ်တုတ်မှ မလှုပ်နိုင်တော့ဘူး။ ဦးပဉ္စင်းတင်ထွန်းရဲ့ အစ်ကို မြို့မှာ ကျောင်းနေခဲ့ဖူးတဲ့ တောသားလူလည် မောင်ဦးကတော့ အရှည်တွေး မိတယ် ထင်ရဲ့၊ ထွန်းရွှေဝါဘူး ငမိုး အစ်မကို လှမ်းပေးရင်း
“ကဲ၊ သူကြီး။ ဖြစ်ပြီးမှတော့ ဘာမှ မတတ်နိုင်ဘူး။ သူလည်း နောင်ကြဉ်ရောပေါ့။ တင်ထွန်း မင်းကလည်း ရဲတိုင် မနေနဲ့။ သူတို့ခမျာ မရှိလို့ ကြံမိတာ ခွင့်လွှတ်လိုက် ပါကွာ”

စဉ်းစားကြည့်တော့ မောင်ဦး စကားက သူ့ဘက်လိုလို၊ ကိုယ့်ဘက်လိုလို။ တကယ်တမ်းက ဒေါသနဲ့ လက်လွန်ပြီးမှ ပြန်အမှု ပတ်မှာကို ကြောက်နေတာ၊ ရဲစခန်းကို မသွားရဲတာ။ မောင်ဦးစကားလည်း ဆုံးရော အုတ်စက်ပိုင်ရှင်က...
“ဟာ ဘယ်ဟုတ်မလဲ။ သူ့အပြစ်နဲ့ သူပဲ။ သူ့ကို ဒီအတိုင်း လွှတ်လို့ ဘယ်ဖြစ် မလဲ။ ရဲစခန်းသာပို့”

“စဉ်းစဉ်းစားစား လုပ် ကြပါဦး။ သူ့ခမျာလည်း မလှုပ်နိုင်တော့ဘူး။ လမ်းစရိတ် ပေးပြီး သူ့ရွာသာပြန် ခိုင်းလိုက်ပါ”

ရွာလူကြီးတွေနဲ့ မောင်ဦး တိုးတိုး တိုင်ပင်ကြပြီးမှ
မောင်ဦးက “ကဲကဲ ရွာ ပြန်ဖို့ လမ်းစရိတ်နဲ့ မုန့်ဖိုး ၂၀၀၀ ပေးလိုက်မယ်၊ ဟုတ်ပြီလား”

“အဲဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ။ ကျွန်တော့်အလုပ် သမားလေ။ သူ့အပေါ်မှာ ငွေ ၁၀၀၀၀ ကျော် ကျန်သေးတယ်။ ငွေကြောင့် ပြောတာ မဟုတ်ဘူး။ သူ့အပြစ်နဲ့သူ ရဲစခန်းကိုပို့ ဥပဒေ အတိုင်းပဲ ခံပေါ့။ ဒီလိုမလုပ်ရင် နောက်လူတွေ ကျွန်တော်က ဘယ်လို ထိန်းမလဲ။ ငွေကျန်တဲ့ လူတိုင်း ဒီလိုခိုးပြီး၊ ဒီလို အရိုက်ခံပြီး ဒီလိုသာ ရွာပြန် ကုန်ရင် ကျွန်တော့်အုတ်စက် ပျက်မှာပေါ့”

“အိုး ကျုပ်မောင်လည်း ကြည့်ကြပါဦး၊ လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ ကားလည်း စီးနိုင်မှာ မဟုတ်ဘူး။ ဒီအတိုင်း ထားရင် ကိုယ်ကျိုး နည်းရချည်ရဲ့၊ ဆေးရုံသာပို့ ပါ”

“အောင်မယ် ကလေးမ ဒါခိုးမှု၊ ဘာမှတ်လဲ။ ကျုပ်က ကြီးတဲ့ အမှုငယ်အောင် မဟုတ်လည်း ကျုပ်တို့ရွာကို မှီပြီး လာနေကြတာ၊ သူတို့ မလည်း တစ်နေ့လုပ် တစ်နေ့ စားတွေပါ။ ရှားတော့လည်း ကြံမိတာပေါ့။ ဟုတ်ဘူး လား သူကြီး။ ကိုယ့်ရွာမှာ ဖြစ်တဲ့ ပြဿနာ သိုသိုသိပ် သိပ်သာ ရှင်းလိုက်ပါ သူကြီး ရာ”
အပြောကောင်းတဲ့ မောင်ဦးက ငမိုးအစ်မကို ပြောရင်းနဲ့ ရွာသူကြီးကိုပါ တစ်ဆက်တည်း ကျုံးသွင်းလိုက် သေးတာ။ အဲဒီလိုနဲ့ တစ်ယောက်တစ်မျိုး ပြောနေ လိုက်ကြတာ ဆုံးဖြတ်ချက် မချနိုင်ဘူး။ စိတ်မရှည်တဲ့ ရွာ လူကြီးတစ်ယောက်က
“ကဲ ကဲ၊ ဘယ်လိုလုပ် ကြမှာတုံး။ သူ့ကို ဒီအတိုင်း ကြီးထားလို့တော့ မဖြစ်ဘူး။ ရဲစခန်းလည်း မပို့ချင်၊ ရွာလည်း မပြန်ခိုင်းဘူး ဆိုရင်လည်း တို့ရွာက လွတ်အောင် ရွာ့ အပြင်ထုတ်ထား၊ တစ်ခုခုဖြစ် ရင် ရွာနာတယ်”

ငမိုးရဲ့ ညည်းသံပြင်း လာလေ ရုံးထဲက လူတွေ ကြံ ရာမရ ဖြစ်လေပါပဲ။ သူခိုး ငမိုးရဲ့ မိသားစု ကလည်း မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတာလို ငမိုးအော်သံ ထွက်လိုက်တာနဲ့ ဆေးရုံ တင်ချင်သတဲ့။ အဲဒီ နောက်ကွယ်မှာတော့ လျော်ကြေး လိုချင်နေတဲ့ စကားရိပ် စကားငွေ့တွေပေါ့။ အုတ် စက်ပိုင်ရှင်ကလည်း တရား ဥပဒေ ဆိုတဲ့ စကားက နည်း နည်းမှ မလျှော့ဘူး။ မောင်ဦးတို့ ညီအစ်ကို ကလည်း ပြန်အမှုပတ်မှာ ကြောက်တာနဲ့ ရွာပြန်ဖို့ချည်း ထစ်ထစ်ငေါ့ငေါ့ တိုက်တွန်းလို့။ ရှေးရိုးစွဲ ရွာလူကြီးတချို့ ကလည်း ရွာ့အပြင်ကို လှည်းပေါ်တင်ထုတ်ထားဖို့ တကဲ ကဲ။

အစဉ်အဆက် ရိုးသား အေးချမ်းခဲ့တဲ့ ကျောက်ဖျာဒိုး ရွာကလေးရဲ့ လူကြီးတွေ ခေါင်းချင်းဆိုင်ရတဲ့ အဖြစ်၊ ဒီပြဿနာကို ဖြေရှင်းဖို့ တိုင် ပင်လို့၊ ဆွေးနွေးလို့ကို မပြီး နိုင်တော့ဘူး။ တစ်ဖက်က ကြည့်တော့ ကိုယ့်ရွာသား၊ မျိုးရိုးစဉ်ဆက် သြဇာညောင်း ခဲ့တဲ့ ရွာဦးကျောင်းဒကာ သူကြီးဟောင်းရဲ့သား ဦးပဉ္စင်းလူထွက်၊ နောက်တစ် ဖက်က မနေ့တစ်နေ့ကမှ တွေ့ရတဲ့ တစ်နေ့လုပ် တစ်နေ့စား မျက်နှာမွဲ ဒဏ်ရာဒဏ်ချက် အပြည့်နဲ့ တရားခံ၊ အဲ ကျန်တစ်ဖက်က တရားဥပ ဒေကို ဆုပ်ကိုင်ထားတဲ့ အုတ် စက်ပိုင်ရှင်။ ဒီကြားထဲမှာ အစိမ်းသေ သေရင် ရွာနာ တယ်၊ ပြဿနာရှုပ်တယ်ဆို တဲ့အမြင်နဲ့ ရွာပြင်ထုတ်ချင် တဲ့ အဘိုးအိုတွေက တစ်မျိုး။

အော်ဟစ်ညည်းတွား ပြီး မြေပေါ်မှာ လှဲနေတဲ့ လူတစ်ယောက်ကို ရှေ့မှာထား ကသိုင်းရှုရင်း ကိုယ့်ဆန္ဒ ကိုယ်ဆုပ်ကိုင် လျှောက်လဲ နေကြတဲ့ လူတစ်စု၊ ကျောက်ဖျာ ဒိုးရွာရဲ့ ရုံးခန်း ကလေးထဲမှာ ငြင်းခုံ နေလိုက်ကြတာ သန်းခေါင်က မှောင်သထက် မှောင်နေတော့တာပါပဲ။



အဖြူရောင်(ရွှေ)
(ရွှေအမြုတေ မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၀)

No comments:

Post a Comment