Sunday 18 September 2011

တံတား

မေမေရေ ဖုန်းလာတယ်၊ မေမေရေ ဖုန်းလာတယ် မေမေရေ . . .
သိပ်ချစ်စရာ ကောင်းတဲ့ သားကလေးတွေရဲ့ အသံပေါ့။ အကြီးလေး တစ်လှည့်၊ အငယ်လေး တစ်လှည့် အဲဒီ အသံလေးတွေကအားမာန်တွေ၊ သတ္တိတွေကို ပေးတယ်၊ ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်တဲ့ စွမ်းအားတွေ ပေးတယ်။ ပူပြင်း လောင်မြိုက်တဲ့ သောကတွေကို တဒင်္ဂ မေ့လျော့စေတယ်။ ဘယ်လောက်ပဲ မောမော သူတို့လေးတွေ အသံကြားရတာနဲ့ အရာရာက ငြိမ်းချမ်း အေးမြသွားတော့တာပဲ။

ဝန်ထမ်း လောကရဲ့ ကြီးနိုင် ငယ်ညှင်းမှုတွေ၊ သမာမှုတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါမှုတွေ အဲဒီ အဖြစ်အပျက်တွေကို ရင်ဆိုင်ကြုံတွေ့ ပါဝင် ပတ်သက်နေရတဲ့ ကျွန်မအတွက် သားတွေရဲ့ အသံက တပ်လှန့် နှိုးဆော်နေတာပဲ။ မဟုတ်မခံစိတ် မှန်တယ် ထင်ရင် အလျှော့မပေး စိတ်တွေက အလုပ်လုပ်တဲ့ နေရာမှာ စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ဖုန်းကြိုးက တစ်ဆင့် စီးဆင်း လာတတ်တဲ့ အနှောင့်အယှက် ဖြစ်စရာ ကိစ္စတွေကို ရင်ဆိုင်ကျော်လွှား နိုင်တာ သည်းခံ ဖြေလျှော့ လိုက်နိုင်တာ တည်ငြိမ် အေး ချမ်းစွာ ဖြေရှင်းနိုင်ခဲ့တာ သားတို့ရဲ့ အပြစ်ကင်းတဲ့ အသံလေးနဲ့ သတိပေးမှုကြောင့်ပါပဲ။

“မေမေရေ ဖုန်းလာတယ်။ မေမေရေ ဖုန်းလာ တယ်” အဲဒီနောက်က ကပ်ပါ လာတဲ့ အဓိပ္ပာယ်က “မေမေရေ စိတ်လျှော့ပါ။ မေမေရေ မန်းမန်းဆာတယ်။ မေမေရေ ကျောင်းလ မေမေရေ သေနတ် ၀ယ်ပေးပါ မေမေရေ” မိဘရဲ့ ဖြည့်ဆည်းနိုင်မှု အတိုင်း အတာကို နားမလည်ဘဲ ပူဆာနေတဲ့ အသံတွေ၊ အဲဒီအသံ လေးကို ကြားလိုက်ရတိုင်း ငါ ထင်သလို လုပ်လို့ မရပါလား။ ယုံကြည်သလို မလုပ်သင့်ပါ လား။ အများမိုးခါး ရေသောက်လို့ သူတစ်ယောက်တည်း မသောက်မိတဲ့ ဘုရင်ကြီးလိုများ ဖြစ်သွားရင် ငါ့သားလေးတွေ ကိုယ်ကျိုး နည်းပါပေါ့။

အဲဒီအတွေးတွေနဲ့ အပိုး ကျိုးကျိုး နေလာခဲ့တာ သားတို့ တစ်သက်ပါပဲ။ မေမေရေ မေမေရေ မြည်နေတဲ့ ဖုန်းလေး ကို ကောက်ကိုင်ကြည့်လိုက် တော့ လန့်သွားမိတယ်။ အရင် တုန်းကတော့ ဖုန်းသံ ကြား လိုက်တာနဲ့ စိတ်တွေ အေးမြ လတ်ဆတ်ပြီး လာသမျှ ပြဿနာ ရင်ဆိုင်ဖို့အသင့် ဖြစ်နေခဲ့ပြီ။ အခုတော့ ရင်ခုန် စရာ ကျွန်မဆီ တစ်ခါမှ မဆက်သွယ်ဖူးပေမယ့် Ph Memory ထဲ ကျွန်မကိုယ်တိုင် ထည့်ထားတဲ့ အမည်တစ်ခု “ဒေါ်သီတာမင်းဒင်” တဲ့။ တစ်ချိန်ချိန်မှာတော့ ကျွန်မကို ဆက်သွယ်လာမယ် ဆိုတာ သိရက်နဲ့ ရင်ခုန် တုန်လှုပ်စိတ်ကို ထိန်းမရချင်။ ချွေးစေးတွေ စို စွတ်နေတဲ့ လက်နဲ့ ခလုတ် ကလေးကို နှိပ်ပြီး။
_ _ _
(၁)
“ဟယ်လို . . . အမိန့် ရှိပါရှင်”

“ချိုသဲနဲ့ ပြောချင်လို့ပါ”

“ဟုတ်ကဲ့ . . . ကျွန်မ ချိုသဲပါ”

“သြော် . . .ကိုယ်က ဦးသက်တင်ရဲ့ အမျိုးသမီးပါ။ အားရင် စကားနည်းနည်း ပြောချင်လို့”

“ဟုတ်ကဲ့ပါ အစ်မ ပြောပါ”

“ဒီလိုလုပ်လေ ဝေဇယန္တာလမ်းOrange အောက်ထပ်က Moon Bakery ကို သိတယ် မဟုတ်လား။ နေ့ခင်း တစ်နာရီတိတိ ကိုယ်အဲဒီကို ရောက်မယ်”

“ဟုတ်ကဲ့ပါ အစ်မ။ ကျွန်မ လာခဲ့ပါမယ်”

“OK နော်”

“ဟုတ်ကဲ့ပါ”

ဆရာဦးသက်တင်ရဲ့ လှုပ်ရှားမှုတွေကို သိချင်လာတဲ့ အခါ ဖုန်းနဲ့ ဒါမှမဟုတ်၊ လူကိုယ်တိုင် အချိန်မရွေး ရောက်လာနိုင်တယ်ဆိုတာ ကျွန်မသိ နေခဲ့တာပဲ။ဒါပေမယ့် ဖြေရှင်းစရာ စကားတွေက ကျွန်မမှာ အဆင်သင့် ရှိမနေချိန်ပါလေ။ယောက်ျား တစ်ယောက်ရဲ့ အလိုဆန္ဒ ခြေလှမ်းတွေ အောက်မှာ မိန်းမသားတွေက လည်စင်း ပေးနေခဲ့ရတာ လောကရဲ့ ဥပဒေ တစ်ခုပဲ ဖြစ်နေမလား။ ကျွန်မ အတွက်တော့ ဖြေရှင်းစရာ စကားမဲ့စွာ၊ ဒါမှမဟုတ်လည်း “ဘူး တစ်လုံးဆောင် အိုအောင် မဆင်းရဲ” ဆိုတဲ့ စကားပုံ လက်ကိုင် ထားပြီး အရာရာကို ဘူးခံငြင်းလိုက်ရုံသာ။ ကဲ ဘယ်လမ်းရွေး မလဲ။ ဒါပေမယ့် ကျွန်မမှာ ရွေးစရာလမ်း မရှိပါဘူး။ ရှောင်ပြေးရမှာပဲ။ ကမ္ဘာဆုံးတဲ့ အထိပေါ့။ ဆရာ့ဇနီးရဲ့ မျက်လုံးအောက်မှာ ထိုင်ရင်း ကျွန်မရဲ့ သိက္ခာတွေ၊ ကိုယ်ကျင့်တရားတွေကို ထမ်းပိုးထားရတဲ့ စကားလုံးတွေကို ရေငုံ နှုတ်ပိတ်ရင်း ကမ္ဘာဆုံး ထိအောင် ရှောင်ပြေး ရမှာပဲပေါ့။

ကျွန်မတို့ ဗုဒ္ဓဘာသာတွေ အမြတ်တနိုး လိုက်နာတန်ဖိုး ထားရတဲ့ ကံငါးပါးထဲကတစ်ပါးကို ရင်ဆိုင် ပတ်သက်မိတဲ့ အခါ မုသာဝါဒကိုလည်း အလွယ်တကူ ဖောက်ဖျက်ရတော့မှာပဲ မဟုတ်လား။
ထိုင်ခုံပေါ်မှာ ခွေခေါက်နွမ်းလျစွာ ထိုင်ချရင်း ဖြေရှင်းရမယ့် စကားလုံးတွေကိုပဲ စဉ်းစားနေမိပါတော့တယ်။
_ _ _
(၂)
Moon Bakery ဆိုင်ရဲ့ ဒန်းပေါ်မှာ ထိုင်နေတဲ့ အစ်မ ပုံစံက ပကတိ စင်ကြယ်တောက်ပလျက်ပင်။ အေးလေ ဘယ်လောက်ပဲ စိတ်ဆင်းရဲပါတယ် ဆိုပါစေပေါ့။ ငွေကို ရေလို သုံးနိုင်တဲ့ ဘ၀မှာ အသက် (၄၀)ကျော် မိန်းမတစ်ယောက်ရဲ့ အလှကို ထိန်းသိမ်းဖို့ မခဲယဉ်းဘူး မဟုတ်လား။ နာမည်ကြီး ဒီဇိုင်နာ တစ်ယောက်ရဲ့ လက်ရာလို့ ထင်ရတဲ့ ၀တ်စုံက အစ်မ ကိုယ်ပေါ်မှာ ပိရိသေသပ်စွာ ၀င့်ကြွားတောက်ပလျှက် . . .
“ထိုင်”

ဘေးနား လာရပ်တဲ့ စားပွဲထိုး ကလေးကို ပါးစပ်ထဲ တွေ့ရာ အအေးတစ်မျိုး လှမ်းမှာရင်း
“အစ်မရောက်တာ ကြာပြီလား”
“အင်း သိချင်စိတ် စောနေတော့လည်း စောင့်ရတာ ကြာတာပေါ့။ ဒီစကားတွေကို အိမ်မှာလည်း မပြောချင်ဘူးလေ။ ဘာစကားမှ မပြောခင် တစ်ခုပဲ ကြိုပြောထားရမယ်။ မိန်းမချင်း ကိုယ်ချင်းစာစိတ် အပြည့်နဲ့ ကိုယ်တို့ ဆွေးနွေးကြ တာပေါ့”

“ရပါတယ် အစ်မ သိချင်တာ မေးပါ။ ကျွန်မဆီကို ဖုန်းဆက်တယ် ဆိုကတည်းက ကျွန်မကို ပြောစရာ တစ်ခုခုရှိမှန်း သိပါတယ်”

ကျွန်မဘက်က စကားစကို လှစ်ဟလိုက်ပေမယ့် အတော်ကြာသည် အထိ အစ်မဆီက ဘာစကားမှ မကြားရ သေး။
“ကျောက်မြောင်းတိုက် ခန်းကို ချိုသဲတို့ ပြင်ပေးရတာဆို”

“ဟုတ်ပါတယ် အစ်မ”

“ဘယ်သူ ၀ယ်တာလဲ။ဘယ်သူ့နာမည်နဲ့လဲ”

“ကိုခိုင်ကြီး ၀ယ်တာပါ အစ်မ။ သူ့နာမည်နဲ့ ၀ယ်တာပါ။ ကျွန်မတို့ကInterior decoration ပဲ လုပ်ပေးရတာပါ။ အဲဒါလည်း ကုမ္ပဏီ တစ်ခုကို အပြတ် အပ်လိုက်တာပါ။ ကျွန်မတို့က လိုချင်တဲ့ပုံစံ ကြီး ကြပ်ပေးရုံပါပဲ”

“ဒါဆို ဖိုးသော်ရဲ့ Case ပေါ့”

“ဟုတ်ပါတယ် အစ်မ။ ဆရာကတော့ ထုံးစံအတိုင်း အကျိုးဆောင် ပေးရတာပေါ့။ ပြီးတော့ ဆရာက တစ်ဆင့် ကျွန်မတို့က ကိုသော် လိုချင်တဲ့ ပုံစံအတိုင်း လုပ်ပေးရတာပါ”

ဒေါ်သီတာမင်းဒင်က ဆရာ့မိန်းမ ပီသစွာ စနစ်တကျ အကွက်ချ စီစဉ်ပြီးမှ ကျွန်မဆီ ဖုန်းဆက်တာ။ အခုဆို အောင်က ရထားပေါ်မှာလေ။ လှမ်းပြီး တိုင်ပင်ချိန် မရှိအောင်၊ ညှိနှိုင်း ချိန်မရအောင်ကို အတိအကျ စီစဉ်ခဲ့တာ နေမှာပါပဲ။ ဒါပေမယ့် ကျွန်မက ကြိုတင် ပြင်ဆင်ခဲ့ပြီးသားပါ။ တစ်ချိန်ချိန်မှာ ဒီလိုတွေ ဖြစ်လာနိုင်တယ်လို့ ကြိုတွေးပြီး ကြောက်ခဲ့၊ ကြိုတင် စဉ်းစားခဲ့သူ အတွက် လုပ်ဇာတ် တစ်ခုက လှလှပပ ရှိနေခဲ့ပြီးသားပါ။ ကိုယ်တိုင် စီစဉ်ရေးသား ညွှန်ကြားထားတဲ့ ဇာတ်လမ်းမှာ ကိုယ်တိုင် ပိပိရိရိ ပါဝင်ကပြတတ်ဖို့ပဲ လိုတာလေ။ကိုခိုင်ကြီးက ကိုသော့်ရဲ့ အကျိုးဆောင်၊ မန်နေဂျာ လည်ပင်း ဖက်ပေါင်းတဲ့ သူငယ်ချင်း။ ကိုသော် ဆိုတာက ကုမ္ပဏီ ဥက္ကဋ္ဌရဲ့သားလေ။ အစ်မက ကိုသော့်ကို လုံးဝ မထိရဲသူ။ ကဲ ဒီလို ကိုသော်နဲ့ ကိုင်ပေါက်မှလည်း ကျွန်မတို့ရော၊ ဆရာပါ သက်သာမှာ။ ဒါပေမယ့် ကျွန်မ မပျော်ဘူး။ ဒီလို လီဆယ် စကားတတ်လာတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းတယ်။ အဲဒီ အမုန်းက အရှိန် ပိုပြင်းသွားတယ်။ ဘာလို့လဲဆိုတော့ အစ်မက နှုတ်ခမ်းတစ်ဖက် တွန့်ပြီး လှောင်ရယ်နေတဲ့ မျက်ဝန်းတွေနဲ့ မော့ကြည့် လိုက်တာကိုး။

“ဟုတ်ရဲ့လား ချိုသဲရယ်။ မင်းတို့ဆရာကTwist တွေ သိပ်များတာ။ ကိုယ်က ချိုသဲရဲ့ အမျိုးသား ဖိုးအောင်ကို မမေးဘဲ ချိုသဲကို မေးတာက မိန်းမ ချင်းကိုယ်ချင်း စာနိုင်မှာပါလို့ တွက်မိလို့။ ဒါပေမယ့် ချိုသဲက ဖိုးအောင်လို လူမျိုး ရထားတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်ချင်း စာတတ်မယ် မထင်ဘူး”
“ချိုသဲနဲ့ ဖိုးအောင် အခုလို တက်ညီလက်ညီ လုပ်နေတာတွေ အလုပ်ကိစ္စက လွဲပြီး ဖိုးအောင်မှာ အရှုပ်အရှင်း မရှိတာတွေ၊ အင်း ကိုယ် ချိုသဲကို သိပ်အားကျတာ။ ကိုယ်က အိမ်တွင်းပုန်း လုပ်ခဲ့တော့ မင်းတို့ ဆရာကို လိုက်လို့ မမီတော့ဘူး”

“ကိုယ် နောက်ဆုံး အနေနဲ့ ထပ်မေးမယ်နော်။ ကျောက်မြောင်း အခန်းက ကောင်မလေးက မင်းဆရာရဲ့ Case မဟုတ်လား”
အေးစက်စူးရှတဲ့ အစ်မ မျက်ဝန်းရဲ့ အောက်မှာ ကျွန်မ အသက်ရှုဖို့ မေ့နေတယ်။ သိသိကြီးနဲ့ လိမ်ညာ ကွယ်ဝှက်ရမယ့် စကား။ ကျွန်မရဲ့ သိက္ခာတွေ၊ ကိုယ်ကျင့်တရားတွေကို အရည် ဖျော်ပစ်ရမယ့် စကား။ အစ်မရဲ့ အေးစက်စိမ်းညို့နေတဲ့ မျက်လုံးအကြည့်အောက်မှာ ကျွန်မဒူးတွေ တဆတ်ဆတ် တုန်လာခဲ့တယ်။

ကျွန်မ အကြောက်ကြီး ကြောက်ခဲ့ရတဲ့ အချိန်ကို ရောက်လာခဲ့ပြီလေ။ ကိုယ်တိုင်လည်း အိမ်ထောင်သည် တစ်ယောက်ပဲ။ အိမ်ထောင် သည်တစ်ယောက်ရဲ့ အကြီမား ဆုံးပြစ်မှု ကျူးလွန်သူတွေထဲမှာ အားပေး ကူညီသူ တွဲဖက် တရားခံ အဖြစ် ကျွန်မ ရင်ဆိုင် နေရပြီ။ ဟိုတုန်းကတော့ အောင့်ကို ကျွန်မ ပြောခဲ့ဖူး သား။

“အောင် ကျွန်မ စိတ် မသန့်ဘူးကွာ။ အဲဒီ အလုပ်ကို ငြင်းလိုက်လေ။ ကိုနီထွန်းတို့ ကိုအောင်ကျော်တို့လည်း ရှိနေတာ။ တိုက်ခန်းကိစ္စ သူတို့ကို လွှဲပေးလိုက်ဖို့ ဆရာ့ကို ပြောလိုက်လေ။”

“သြော် မင်းတစ်ယောက်ပဲ ငါ့မျက်စိထဲ မြင်တာ။ ငါ ဘယ်သူ့မှ မယုံဘူး။ မင်းကိုပဲ ယုံတာလို့ ပြောနေတာ အောင်က ဘယ်လိုလုပ်ပြီး ငြင်းရမှာလဲ။ နောက်ပြီး ဒီကုမ္ပဏီ မှာ ဆရာက အဓိကပဲ။ ဥက္ကဋ္ဌ ကလည်း သူ့ရဲ့သား ကိုသော်နဲ့ လွှဲပြီး တရားစခန်းပဲ ၀င်နေတာ။ အားလုံးက ဆရာ့လက် ဆရာ့ခြေ။ အခုပဲ ချဉ်ပေါင် ဖာလာတို့ ပို့တာရော၊ ဘိလပ်မြေ၊ သံချောင်း သွင်းတာရော။ ဒါတွေက ကုမ္ပဏီရဲ့ အဓိက စီးပွားရေးတွေ။ အဲဒါတွေ တဖြည်းဖြည်းနဲ့ အောင့်လက်ထဲ လွှဲပေးနေတာ။ ကိုနီထွန်းက ကားထုတ်တာပဲ သီးသန့် ကိုင်ရတာ။ ဆရာကMana-gement တကယ် ကောင်းတာ။ ကိုနီထွန်းက စက်ရုံကို တာဝန်ယူ၊ ကိုအောင်ကျော်က ဆရာ့ အိမ်နဲ့ ဆရာ့ ကိုယ်ရေးကိုယ်တာ၊ ကိုဇော်ထွန်းက အရောင်း ပြခန်းနဲ့ ဘုရင့်နောင်က ကားပစ္စည်းဆိုင်။ အခု ဆရာ့ အိုင်ဒီယာက ကိုနီထွန်း သိတဲ့ ကိစ္စကို ကိုအောင်ကျော် မသိဘူး။ကိုအောင်ကျော်သိတဲ့ ကိစ္စကို ဇော်ထွန်းမသိဘူး။ အားလုံးကို လှလှလေး ကစားနေတာ”

အောင်က ကိုယ်ရေး လက်ထောက် သဘောမျိုးနဲ့ လစာ (၅) သိန်းရတယ်။ B.E (Civil) ဆိုတဲ့ ဘွဲ့ကိုပိုက်ပြီး ဆရာ့နောက်မှာ ရပ်ရတဲ့ အတွက် တစ်လ (၅) သိန်းဆို တဲ့ငွေဟာ ကျွန်မတို့ အတွက် ရုန်းမထွက် နိုင်စရာ ငွေကြေးပါ။ B.Com ဘွဲ့ရ ကျွန်မ အတွက်တော့ ကုမ္ပဏီရဲ့ စာရင်းကိုင် အဖြစ်နဲ့ (၃) သိန်းရတယ်။ တကယ်တော့ ကျွန်မတို့ နှစ်ယောက်ရဲ့ လစာတွေဟာ အောင်ရင်းနှီးခဲ့ရတဲ့ အပေးအယူ ကိစ္စတွေကို အခြေခံခဲ့ တာပါပဲ။ တာဝန်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ အလိုက် သိသိ လုပ်ကိုင်ပေးမှုတွေရဲ့နောက်ကွယ်မှာ ဟမ်းဖုန်း တစ်ယောက် တစ်လုံးစီနဲ့ လစာ ငွေ (၈) သိန်းပေါ့။

“ကိုသော့်အတွက် ကိုခိုင်ကြီး လုပ်ပေးနေတယ်လို့ပဲ ကျွန်မ သိထားတာပါ။ အခန်း စာချုပ်ကလည်း ကိုခိုင်ကြီး နာမည်နဲ့ပဲ”
အတွေးစကို အစီအစဉ် မကျစွာ ဖြတ်ရင်း လက်ရှိ အနေအထားကို မဖြစ်မနေ ရင်ဆိုင်ရပြန်တယ်။
“ဘယ်လို သေချာလဲ”

“မီတာ လျှောက်ရင် အ၀ယ် စာချုပ်ပါ ပြရပါတယ်။ ဟိုနေ့ကပဲ မီတာလျှောက် ထားတာပါ အစ်မ”

“ဟုတ်ပါပြီ ကိုယ်ကတော့ ချိုသဲဆီက သေချာတဲ့ သတင်း တစ်ခုရလာမှာပဲ ဆိုပြီး ဆုံဖို့ ချိန်းလိုက်တာပါ။ တစ်ခုတော့ ရှိတာပေါ့လေ။ ကုမ္ပဏီ ဥက္ကဋ္ဌရဲ့ သားတစ်ယောက်ဖြစ်တဲ့ ဖိုးသော်ကို MD ရဲ့ မိန်းမက မမေးသင့် မမေးအပ်တဲ့ မေးခွန်းမျိုးဆိုတော့လည်း ခဏတော့ လက်လျှော့လိုက် ပါ့မယ်။လုံခြုံတဲ့ အ၀န်းအ၀ိုင်းထဲ ရောက်နေတဲ့ အစတစ်စကို ဘယ်လို ဆွဲထုတ်ရမှန်းလည်း ကိုယ်မသိသေးဘူး”

“ကိုယ်တို့ ဒီဘ၀ကို ရောက်ဖို့ အတွက် မင်းဆရာရော ကိုယ်ပါ အများကြီး ကြိုးစား ခဲ့ရတာ။ မင်းဆရာက ကံကောင်းပါတယ်။ လူချစ်လူခင် ပေါတယ်။ လူတွေကို အလိုက် သိတယ်။ ကိုယ်တို့ ရင်ဆိုင်ကြုံ တွေ့ဖြတ်သန်းခဲ့ရတဲ့ ဘ၀မှာ ဒုက္ခတွေ အများကြီးပဲ။ ဒါပေ မယ့် ကိုယ်ပျော်တယ်။ ခံနိုင် ရည်ရှိတယ်။ ကိုယ်ကချစ်တဲ့ ကိုယ့်ကို ချစ်တဲ့ ဘ၀အဖော် ယောက်ျားရဲ့ လက်ကို မြဲမြဲ တွဲထားနိုင်မှတော့ ဘယ်သောကပဲဖြစ်ဖြစ် ရင်ဆိုင်ရဲတာပေါ့”

“တစ်သက်လုံး တွဲမယ်လို့ ထင်ထားခဲ့တဲ့ အဲဒီလက်က ကိုယ့်အပြင် နောက်တစ်ယောက် ရှိနေပြီလို့ သိလိုက်ရတဲ့ တုန်လှုပ်မှုနဲ့ သောက ဘယ်အရာမှ လိုက်မမီနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ်Thank You ပါ။ ချိုသဲလည်း ကိုယ့်ရဲ့ အဖြစ်မျိုး မကြုံပါစေနဲ့လို့ ကိုယ်ဆုတောင်းပေး ပါ တယ်။ အိုကေနော် ဘိုင့် ဘိုင်”
အစ်မ ထိုင်သွားခဲ့တဲ့ ဒါန်းလေးက လှုပ်ခါ ကျန်ခဲ့သလိုပဲ ကျွန်မရင်တွေ လှုပ်ခါကျန်ရစ် ခဲ့တယ်။ သီးခြားခေါင်းစဉ် ဖွင့်ပေးခဲ့ရတဲ့ ကျောက်မြောင်း အခန်းရဲ့ စာရင်းက တိုက်ခန်း ဖိုးမပါ ပြင်ဆင် စရိတ်နဲ့ ပစ္စည်း ဖိုးချည်းပဲ သိန်း (၂၀၀) ပြည့်တော့မယ်။

“ဦးအောင် ယုဇနပလာဇာကို မေလေး ရောက်ခဲ့ပြီးပြီ။ ဆိုဖာတစ်စုံနဲ့ ထမင်းစားပွဲတစ်စုံ ရွေးထားခဲ့တယ်။ ဦးအောင်ရဲ့ ဖုန်းနံပါတ်လည်း ပေးခဲ့တယ်။ ဆေးသုတ်ပြီးရင် သွားသယ်ထား လိုက်ပါဦး”

“ဦးအောင် ဒီလာမီနိတ်ပြားတွေကို မေလေး မကြိုက်ဘူး။ ပါကေးပဲ ခင်းပေးပါ။ အပြည့်ခင်းမှာနော်။ ကြွေပြားကို မီးဖိုခန်း တစ်ခုပဲ ခင်းမှာ။ ဒီထောင့်လေး အထိ ပါကေးပဲ။ ဒီမှာ ထမင်းစား ပွဲချမှာဆိုတော့ ပါကေးမှ အဆင်ပြေမှာ”

“မချိုသဲရေ ပန်းဆိုးတန်း Sony Centre မှာ TV ရော DVD ရော Woofer ရော One Set လေ Sound Box ဆိုရင် သေးသေးရှည်ရှည်နဲ့ ချစ်စရာလေး သိလား။ မေလေးကို အဲဒါပဲ ၀ယ်ပေးတော့”

အဲလို အဲလိုနဲ့ တက်လာတဲ့ ဘောက်ချာစာရင်းက သိန်း (၂၀၀) ပြည့်တော့မှာ။ ဒန့်သလွန်သီးလို ဆံပင်ကောက်ကောက် ကွေးကွေးလေးတွေနဲ့ တောက်ပ စိုလက်နေတဲ့ မျက်ဝန်းတစ်စုံ ကွေးကွေးညွတ်ညွတ် နှုတ်ခမ်းလေးတစ်စုံရဲ့ ပိုင်ရှင် မေလေးက တစ်ခွန်း ပြောလိုက်တာနဲ့ ဆရာ ပျာယာခတ်တော့တာပဲ။
“မင်းကွာ ငွေကိုင် သုံးနေတာတောင် အဖြစ် မရှိဘူး။ ဘယ်လောက်ကုန်ကုန်ကွာ၊ ကောင်မလေး ပြောသလိုသာလုပ်။ အလုပ် ကိစ္စ အရေးကြီးရတဲ့ အထဲ သူက တဂျီဂျီနဲ့။ ကြာတော့ စိတ်ရှုပ်လာရော။ မင်းလက်ထဲ ငွေကုန်သွားရင် လာထုတ်။ သူလိုချင်ရင် ဘယ်လောက်ကုန်ကုန် ရအောင်လုပ်ပေးလိုက်”

“မင်းကွာ ဒုံးဝေးလိုက်တာ၊ နှစ်ရွက်ဖွင့် ရေခဲသေတ္တာဆို ပြီးတာပဲ။Sony ဖြစ်ဖြစ်၊ Panasonic ဖြစ်ဖြစ်၊Dae-woo ဖြစ်ဖြစ် သူတို့ ဘာသိမှာမို့လို့လဲ။ လိုချင်တာပဲ သိတာ။ သူလိုချင်တာ ရအောင် ရှာပေးလိုက်”

ငွေဘယ်လောက် ကုန်ကုန်လို့ ပြောတဲ့ဆရာရယ်။ အဲဒီစကား ပြောရလောက်အောင် ပိုင်နိုင် တတ်ကျွမ်းတဲ့ မေလေးရဲ့ နည်းဗျူဟာတွေရယ်။ မေလေး စိတ်ဆိုးစရာ တစ်ကွက်တွေ့တာနဲ့ အဆူခံရ တတ်တဲ့ အောင်ရယ်။ အောင် အဆူခံရတာနဲ့ အောင်နဲ့အတူ စိတ်မသက်မသာဖြစ်ရတဲ့ ကျွန်မရယ်။
အဲဒီနောက်မှာ တိတ်တိတ်ကလေး ကပ်ပြီး ပါလာ တာက ရန်ကုန်မြို့မှာ ကလေး နှစ်ယောက်ရဲ့ ရပ်တည်ရမယ့် ငွေကြေး အနေအထားရယ်ပေါ့။ အဲဒါတွေ အားလုံး ပေါင်းလိုက် တော့ ကျွန်မ ခံစားချက်တွေ၊ ခံယူချက်တွေ မြောင်းထဲကို ရောက်ကုန်တော့တာပါပဲ။

အသက်အရွယ် ဂုဏ်သိက္ခာ၊ အလုပ်အကိုင် ပတ်ဝန်းကျင် အခြေခံ မတူကြတဲ့ မိန်းမ သုံးယောက်ဟာ မျဉ်းသုံး ကြောင်းလိုပါပဲ။ အဲဒီ မျဉ်းကြောင်းတွေက မျဉ်းပြိုင်တွေ မဟုတ်ဘဲ တစ်ခုနဲ့ တစ်ခု ဆက်စပ် ပတ်သက်နေကြတယ်။ အဲဒီမျဉ်းသုံးကြောင်းထဲမှာ ကျွန်မရဲ့ မျဉ်းက အရှည်ဆုံးမျဉ်းပဲ ဖြစ်ပါလိမ့်မယ်။ သိမှု၊ မသိမှု၊ ဒုက္ခ၊ သုခတွေရဲ့ ခံစားရာ ဘောင်တစ်ခုကို ကျော်လွန်နေတဲ့ သာမန် မဟုတ်တဲ့ မျဉ်းရှည်ဟာ ကျွန်မပါပဲ။

ဆရာ့ဇနီးကို နီးနီးကပ်ကပ် မဆက်ဆံ၊ မရင်းနှီးဖူး ပေမယ့် မိန်းမချင်း ထားအပ်တဲ့ အထူးသဖြင့် အိမ်ထောင်သည် မိန်းမချင်း စောင့်ထိန်းသင့်တဲ့ သစ္စာတရားကို ချိုးဖောက်မိတဲ့ အပြစ်ရှိသူ တစ်ယောက်လို ကျွန်မ စိတ်တွေ မွန်းကြပ်နေတယ်။
အဲဒီ ခံစားချက်တွေ အတွက် ကျွန်မမှာ ဖြေသိမ့်စရာ မရှိဘူး။ အခုအချိန်ထိ ကျွန်မရင်တွေ လေးလံနေတုန်းပဲ။
_ _ _
(၃)
“ဟေး ချိုသဲတို့ လာပြီ။ သားတို့လည်း ပါတယ်။ ဒီမှာ လူစုံနေပြီနော် မိန်းမ။ ဘာဖြစ်လို့ နောက်ကျနေတာလဲ အောင်ရော”

“အောင်ကတော့ ထုံးစံ အတိုင်း မအားဘူးပေါ့ကွာ။ ကိုယ် အခုတလော စိတ်တွေ လေနေတာ။ မင်းတို့နဲ့ တွေ့ချင် နေတာ”

“အံမယ် ကွယ်ရင်မေ့၊ တွေ့ သေအောင်ချွဲ လာလုပ် မနေနဲ့။ ရန်ကုန်တစ်မြို့တည်း နေပြီး ဖုန်းလေးတောင် ဆက်ဖော် မရတဲ့သူက”

“ကိုယ့်မှာ ဘာ Feelတွေ ရှိတယ်ဆိုတာ မင်းတို့ မသိဘူး”

“ဟုတ်ပါပြီ ဟုတ်ပါပြီ ပြောပါဦး အောင့်ကိစ္စလား”

“ဟုတ်တယ် အခုဆို အောင်က ကိုယ့်ထက် အရေး ကြီးတဲ့သူ ရှိနေပြီ”

အောင့်ကို ခင်မင်ရင်းစွဲ ရှိ တဲ့ သူငယ်ချင်းတွေ အံ့သြသွား တယ်။ ကျွန်မကလည်း ပြောလက်စနဲ့။
“အောင်က ကီပင် ကိစ္စနဲ့ အချိန်ကုန်နေတာ။ အခုဆိုရင် ကျောက်မြောင်း တိုက်ခန်းကိုပဲ သွားနေတော့တာလေ”

သူတို့ ငြိမ်သက်တိတ် ဆိတ်သွားလိုက်တာ အသံကုန် အော်ဟစ် ပေါက်ကွဲသွားသလို ပါပဲ။
“ကြာပြီလား”

“မင်း ဒီအတိုင်း ငြိမ်ခံနေ တာပဲလား”

“ဘယ်လို စီစဉ်ကြမလဲ”

တစ်ပြိုင်တည်း ထွက်လာ တဲ့သူတို့အသံတွေကို နား ထောင်ရင်း ကျွန်မ ၀မ်းနည်း သွားတယ်။ ဟုတ်တယ်။ တကယ်သာဆိုရင် ကျွန်မ ဘယ်လို ရင်ဆိုင်မလဲ။ အောင်နဲ့ ကျွန်မ ဆွေးနွေးခဲ့ဖူးပါတယ်။
“အောင်ရေ ကျွန်မတို့တော့ ဒီကိစ္စကို ဆက်မလုပ်ရင် ကောင်းမယ်နဲ့ တူတယ် ရှင်းရှင်းပြောရရင် ၀ဋ်လိုက်မှာလည်း ကြောက်တယ်။ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့လည်း ထင်တယ်။ဆရာ့ မိန်းမမျက်နှာတောင် မကြည့်ရဲတော့တဲ့ အခြေအနေပဲ”
“ဟာ ခက်တာပဲ။ ဒါချည်း ပြောနေတာပဲ။ ဒီကိစ္စ လုပ်ပေးရတယ်ဆိုတာ ဆရာက အောင်တို့ အပေါ် ဘယ် လောက် ယုံကြည်တယ်၊ အား ထားတယ်ဆိုတာ သက်သေ ပြတာကွ။ မလိုအပ်တဲ့ အပိုတွေ လျှောက်တွေးမနေနဲ့။ ဖြောင့်ဖြောင့်တန်းတန်းပဲတွေး။ မေလေး ကိစ္စက အောင်တို့ ငြင်းလိုက်ရုံနဲ့ ပြီးသွားမယ့် ကိစ္စမှ မဟုတ်တာ။ အေး တစ်ခုပဲရှိတယ်။ အသက်ရှင် နေတဲ့ ကိုယ့်ထမင်းအိုး ကိုယ် ရိုက်ခွဲသလို ဖြစ်သွားမှာပဲ”

အောင်က လက်တွေ့ ရင်ဆိုင်သူ။ ကျွန်မက မလိုအပ်တဲ့ စိတ်ခံစားမှုကို ရှေ့ တန်းတင်ပြီး ပြဿနာရှာ တတ်သူပဲ ဖြစ်နေလေရော့ သလား။
“သူ့ကီပင်တော့ မဟုတ်ပါဘူး။ သူ့ဆရာရဲ့ ကီပင်ပါ”

“ဟာ” ဆိုတဲ့ အသံကြီး က သံပြိုင်ကို ထွက်လာတာ။
“ဘာတွေလဲ ချိုသဲရယ်။ ရှင်းအောင် ပြောပါဟ”

“မသိတော့ပါဘူးဟာ။ ကိုယ်လည်း စိတ်ညစ်တာပဲ သိတယ်။ မင်းတို့နဲ့ တွေ့ရင် လျှော့ပစ်လိုက်မယ် စိတ်ကူး ထားတာ။ အခုတော့ ပိုတောင် တင်းလာပြီနဲ့ တူတယ်”

“အေးတာပဲ”

ဘာအကြောင်း ကိစ္စကိုပဲ ပြောပြော “အေးတာပဲ” ဆိုတဲ့ စကားလုံးနဲ့ အဆုံးသတ်တတ်တဲ့ သူငယ်ချင်းရဲ့ စကားကို ပြုံးလိုက်မိရင်း ဇာတ်စုံခင်းပြ လိုက်တယ်။ ကျွန်မကိုကြည့်ပြီး သူတို့ပါ စိတ်မသက်မသာ ဖြစ်သွားပုံပါပဲ။
“တစ်ခုတော့ ရှိတာပေါ့ ဟာ”

ကျွန်မတို့ အဖွဲ့ထဲက စာအဖတ်ဆုံး၊ အတွေးအခေါ် အကောင်းဆုံး၊ တည်ငြိမ် အေးဆေးမှုနဲ့ ဆုံးဖြတ်ချက် အမှန် ဆုံးချတတ်တဲ့ သူငယ်ချင်းက တွေးတွေးဆဆနဲ့ တစ်ခုခုပြော ချင်ပုံပဲ။ ဒါပေမယ့် အလွယ်တကူ ပြောမထွက်ချင်တဲ့ ပုံနဲ့ ကလေးတွေ ဆော့နေတာကို ငေးမောနေတယ်။
“မင်းပြောသလိုပဲ စောင့်စည်း ထိန်းအပ်တဲ့ လူ့သိက္ခာ၊ လူ့ကျင့်ဝတ်တွေကို တန်ဖိုး ထားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် တို့က တစ်ဖက်တည်းကို မကြည့်ဘဲ ဘက်ပေါင်းစုံကို စဉ်းစား ဆုံးဖြတ်ဖို့ လိုတယ်။ လူ့ ဘ၀ဆိုတာ ကိုယ်လုပ်ချင်တာ တစ်ခုတည်းနဲ့ ပြည့်စုံတာမှ မဟုတ်တာ။ အောင့် ဘက်ကကြည့်ရင် သူ တည် ဆောက်ထားတဲ့ မိသားစု ဘ၀၊ နယ်က လာကာစ ပင်ပန်း ဆင်းရဲမှုတွေ အခုမှ မင်းတို့ မိသားစုလေး ထောင်မတ်ခိုင်မြဲတာ။ ကလေးတွေဘက်ကို ထည့်တွေးမယ်ဆိုရင် အခု ရန်ကုန် လူနေမှု၊ ရန်ကုန် ပညာရေးမှာ သူတို့ အသားကျနေပြီ။ အခု အလုပ်က နှုတ်ထွက်ပြီး တခြား အလုပ်ပြောင်းမယ်ဆို ပါတော့။ တည်ငြိမ် လှပနေတဲ့ ကလေးတွေရဲ့ ဘ၀ကို မင်း ထည့်တွက်ရလိမ့်မယ်။ မင်းတို့ ဒီတာဝန်ကို ငြင်းလိုက်တာနဲ့ မေလေးကိစ္စ ပြတ်သွားမှာ မဟုတ်ဘူး။ တစ်လမ်းစီပဲ။ သေသေချာချာ စဉ်းစားဖို့တော့ လိုမယ်”

“ဘာလဲ အခုမှ သ၀န်တို တာလား။ လူချင်း တူပေမယ့် အသက်ရှုခြင်းကွဲတယ် ဆိုတာလား။ အသက်ရှူချင်း တူပေမယ့် လူချင်း ကွဲတယ်ဆိုလားဟာ တစ်ခုခုပေါ့။ အဲဒီလိုပေါ့။ အောင်က သားနှစ်ယောက်ကို ဒီလောက်ချစ်တာ။ ကိုယ်သိ လောက်တော့ အောင့်မှာ မခံချင် စိတ်တွေ၊ ကြိုးစားချင် စိတ်တွေပဲ ရှိပါတယ်။ ၀ဋ်လိုက်မှာလည်း ကြောက်မနေနဲ့”

“အေးကွာ ကိုယ်လည်း စိတ်ရှုပ်တာပဲ သိတော့တယ်။ ၀ဋ်လိုက်မှာ ကြောက်တယ်ဆို တာထက် “ဒေါ်သီတာမင်းဒင်” နေရာမှာ ကိုယ်သာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာ စိတ်ပေါ့။နောက်ပြီး ဒီအရှုပ်အထွေး ကိစ္စကို ဘာလို့များ ပတ်သက်မိရသလဲ တော်တော် စိတ်ရှုပ်ရတာ။ တကယ်ဆို ဒီကိစ္စကို ၀င်မပါသင့်ဘူး။ အစပိုင်းက မသိဘူး။သိတဲ့ အချိန်မှာ နှုတ်မရတော့ဘူး။နှုတ်လည်း မနှုတ်ချင်တော့ဘူး။ ကိုယ့်ကလေးတွေ ရှိသေးတယ်လေ။ ဒေါ်သီတာမင်းဒင်ကို သွားပြော မယ်ဆိုပါတော့။ ကိုယ့်သားတွေနဲ့ ကိုယ့်ဘ၀ကို စတေးပြီး သွားပြောမယ် ဆိုရင်ရော ဆရာက ပြင်ပါ့မလား။ နောက်ဆုတ် မလား၊ငြိမ်သွားမလား၊ဟင့်အင်း ကိုယ်တော့ မထင်ဘူးလေ။ အဲဒီတော့ ကိုယ့်မှာ မျိုချလို့ မရ။ ထွေးထုတ်လို့ မရ အဓိက စိတ်လေရတာ ဒါပဲလေ။ကိုယ် ယူထားတဲ့ တာဝန်တွေ အများကြီး ရအောင် ရှင်းထုတ်နိုင်တယ်”

“ဆရာတို့က အလုပ်တွေ အများကြီးလေ။ အဲဒီအလုပ် အားလုံးကို ကုမ္ပဏီ စာရင်းစစ် အနေနဲ့ တာဝန်ယူရတာဆို တော့ ငွေကိုင်သုံးတဲ့ မန်နေဂျာ တွေနဲ့ကိုယ်နဲ့ကြားမှာ ပြဿနာ တွေ တစ်လှေကြီး။ တချို့က ပေါ်တင်လာညှိတယ်။ အဲဒါ တွေ အားလုံးကို လှလှလေး ငြင်းလိုက်နိုင်တယ်။ ကိုယ်တို့ မိသားစုအတွက် လုံလောက် ပြည့်စုံတဲ့ အတိုင်းအတာ အထိ ဆရာတို့က ထောက်ပံ့ပေးထား တာလေ။ အပိုင် မဟုတ်ပေမယ့် စိတ်ချလက်ချ နေနိုင်တဲ့ တိုက် ခန်း၊ ဖုန်းနှစ်လုံး၊ တစ်လ ငွေရှစ်သိန်း တော်ပြီလေ။ ကိုယ်တို့ မိသားစုတစ်စုလုံး ဆရာ့ မိသားစု အပေါ်မှာ သစ္စာစောင့် သိနိုင်ခဲ့တယ်။ အောင်ရော ကိုယ်ရော အခွင့်အရေးတွေ အများကြီး ရှိခဲ့တာပဲ။ ဘယ်အခွင့်အရေးမှ မယူဘဲ သစ္စာရှိရှိ နေနိုင်ခဲ့တယ်။ သားတွေအပေါ် လိပ်ပြာသန့်သန့်နဲ့ ပံ့ပိုးနိုင်သလို ဖေဖေတို့ မေမေတို့ သစ္စာ မမဲ့ဘူးဆိုတဲ့ အမွေ လက်တွေ့ ချပြနိုင်ခဲ့တယ်။အဲဒီ အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်၊ ကျေနပ်တယ်၊ပြီးတော့ ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ သားတွေ အတွက်ဆိုတဲ့ အတွေးနဲ့ အားလုံးကို ဖြတ်သန်းနိုင်တယ်။ဒီ Case မှာတော့ သားတွေလည်း ကိုယ့်ကို ငြိမ်းချမ်းအောင် လုပ်မပေးနိုင် တော့ဘူး”စကားစုံ ဖွင့်ပြောပြီး သက်ပြင်း အရှိုက်မှာ ရင်ထဲက ခံစား ချက်တွေက လျှော့ပါးသွားသလိုပင်
“မေ့ပစ်ထိုက်တဲ့ အတိတ်ကို
ပိုးမွေးသလို မွေးမြူနေမယ့်အစား
ထုတ်ဖယ် ချေဖျက်ပစ်လိုက်တာက
ဘ၀အတွက် ပီတိ သုခပါပဲ”

ကြိုက်လွန်းလို့ အလွတ်ရနေတဲ့ ကဗျာလေးက ကျွန်မအတွက် ဘ၀နေနည်း ဆုံးဖြတ်ပေးနေ သလိုလို၊ ဖြစ်ပျက်ခဲ့သမျှတို့စည် အတိတ်ဟု ဆိုခဲ့ပါလျှင် ထုတ်ဖယ် ချေဖျက်ပစ်လိုက်ခြင်းကသာ အကောင်းဆုံး ရွေးချယ်စရာ လမ်းပါပဲ။
_ _ _
(၄)
တကယ်တော့ အောင်နဲ့ ကျွန်မက တံတားလေးတွေလိုပါပဲ။
ခရီးသွားတွေ လိုရာရောက်အောင် ပို့ဆောင်ပေးမယ့် တံတား ကလေးတွေပေါ့။ဒီတံတားလေးတွေ ပေါ်မှာ လူဆိုးပဲ လျှောက်လျှောက်၊ လူကောင်းပဲ လျှောက်လျှောက်၊ သုခပဲ လာလာ၊ ဒုက္ခပဲ သွားသွား တံတားလေးတွေက တာဝန် ကျေရမှာပဲပေါ့။
လူကောင်းလျှောက်လို့လည်း ၀မ်းမသာ၊ လူဆိုးလျှောက်လို့လည်း ၀မ်းမနည်းတတ်တဲ့ တံတားလေးတွေလို တံတား ပီသသင့်ပြီ ထင်ပါရဲ့။အထူးသဖြင့် “မြစ်ကူးချောင်းခြား”ချင်တဲ့ ယောက်ျားမျိုးတွေ ရှိနေသရွေ့ ကျွန်မတို့လို တံတားလေးတွေ ရှင်သန်နေကြဦး မှာပါပဲ။ လိုအပ်နေဦးမှာပါပဲ။
တစ်နည်းအားဖြင့် အောင်တို့ ကျွန်မတို့ လိုအကြောင်းကြောင်းကြောင့် ကိုယ့်အတွက်ကို မဖြစ်မနေ ကြည့်နေရတဲ့ အတ္တသမားတွေ ရှိနေသေးသရွေ့ တံတားလေးတွေ အသက် ရှည်နေကြရဦးမှာပဲ မဟုတ်ပါလား။

အဖြူရောင်(ရွှေ)
(ပေဖူးလွှာမဂ္ဂဇင်း ဧပြီ ၂၀၁၀)

No comments:

Post a Comment