Saturday, 24 September 2011

ပျက်စီးသွားသော စိတ်ဓာတ် အပိုင်းအစများ

ပုထုဇ္ဇနော ဥမ္မတ္တကောဟု ဘုရားရှင်မှ မိန့်ကြားခဲ့ဖူးကြောင်း ကြားသိခဲ့ဖူးသည်။ နောက်တော့ လူတစ်ကိုယ် အကြောက် တစ်မျိုးဟု မှတ်သား ရပြန်သည်။ ဆိုပါတော့ ရူးခြင်းလား၊ ကြောက်ခြင်းလား မကွဲပြားနိုင်သော စိတ်ဓာတ် တစ်မျိုးဖြင့် လူ့လောကကြီးမှာ ကျွန်မ ရှင်သန်ရပ်တည် နေထိုင်လျက်ရှိပါသည်။
(၁)
ကျွန်မ ငယ်ငယ်က ဇာတိရပ် ရွာမှာတော့ ကျွန်မကို နောက်ရဲ ပြောင်ရဲသူမရှိ။ အဖေက ရပ်ရွာမှာ ခန့်ထည်အောင်နေတတ်သူ၊ အမေ က ကျောင်းဆရာမ၊ အဲဒီတော့ အဖေ၊ အမေ မျက်နှာနှင့် နောက် ဝံ့သူမရှိ။ ကျွန်မအလယ်တန်း လောက်ကတော့ အမေနှင့်လုပ် ဖော်ကိုင်ဖက် ဆရာမတစ်ယောက် ၏ သား၊ ကိုဇော်ဟု အချင်းချင်း ခေါ်ကြသူ တစ်တန်းတည်းသားနှင့် အစခံခဲ့ရဖူးသည်။ သူ့အဖေက ကျွန်မကို ချွေးမ၊ ချွေးမ ခေါ်တတ် တော့ သူငယ်ချင်းတွေက စကြပါ သည်။ ကိုဇော်က စာတော်လေ တော့ ဆရာမ စာမေးလို့ မှန်အောင် ဖြေနိုင်လေတိုင်း ”တော်လှချည် လား”တဲ့..ဆက်ရန်ရှိသည့်စကား က ”ဒေါ်လှရီ သား” ပေါ့။ ကျွန်မ၏ မိခင်က ‘ဒေါ်လှရီ’လေ။ ကျွန်မတို့ တစ်တန်းသားတွေနှင့် ကျွန်မတို့ကို သင်သည့် ဆရာမများအကြား ဟား ရသော ဟားကွက်အဖြစ် ကာလ အတန်ကြာ ရပ်တည်ခဲ့ဖူးသည်။ ဒါပါပဲ..ဒါအလွန်ဆုံးပါပဲ။

အဲဒီလိုနှင့် ကျွန်မအသက် ၂၅ နှစ်ပြည့်ခါနီး ၁၉၉၈၊ မတ်လ ၂၇ ရက်နေ့တွင် ‘တော်လှန်သော ခရီး’ ဟု စိတ်တွင် မှတ်ယူလျက် မန္တလေး မြို့သို့ ရောက်လာခဲ့သည်။ အဲဒီက စလို့ ကိုယ့်အရိပ်ကိုယ်ခိုရင်း လျှောက်လှမ်းခဲ့သော ဘဝလမ်းမှာ ယခုချိန်ထိ ကြုံနေရတာက နိဒါန်း ချီခဲ့သော စိတ်ဓာတ်တစ်မျိုးနှင့် ပင်။
(၂)
မန္တလေးမြို့၊ ၇၃ လမ်းပေါ်က ချိုးကွေ့ဝင်ရသော ဒူးကြားလမ်း ပေါ်ရှိ အဆောင်တစ်ခုမှာနေရင်း ကျွန်မအလုပ်ရှိရာရွာသို့ သွားရ သည်။ ရွာမှာမနေရဲသည့် ကျွန်မက မနက်အစောကြီးထသွားပြီး ည   မန္တလေးအဆောင်မှာ ပြန်အိပ်သည်။ ကျောပိုးအိတ်ကလေးလွယ် ပြီး ရွာထဲဝင်၊ ထွက်နေသည့် ကျွန်မ ကို ရွာသားတွေက အထူးတဆန်း ပေါ့။ တောင်ကြီးက လာသည်ဆိုတော့ ”တောင်ကြီးမမ” တဲ့ ကျွန်မ ကိုမြင်တိုင်း ”တောင်ကြီးမောက်မယ် ရှား လား လား လာ လာ” ဟု အော်တတ်ကြသည်။

ရွာကလေးကို ဖြတ်သန်းရချိန် များလာတော့ ရွာကလေးနှင့် ခင်မင်မှု တိုးလာသလို ကျွန်မလုပ်ငန်းက တိုးတက်လာခဲ့ပြီ။ အုတ်လုပ်ငန်း တစ်ခုအတွက် အုတ်စိမ်းဘဝမှ မီး ရှို့သည့်အဆင့် ကျော်လွန်ခဲ့ပြီဆို တော့ တိုးတက်သည်ဆိုကြပါစို့။ အုတ်နီခဲများကို ဆိုက်သို့ ပို့ရန်ပြင်ရ တော့သည်။ အဲဒီရက်တွေမှာ ကျွန်မ တစ်သက်လုံးစွဲနေစေမည့် အကြောက်တရားတို့ကို လက်ခံရရှိခဲ့တော့သည်။

အုတ်ဖိုက အုတ်နီခဲတွေပို့ဖို့ ကားလိုသည်။ မန္တလေးမှာ ကိုယ်ပိုင် ကားမရှိတော့ သူများကားငှားရ သည်ပေါ့။ တစ်ရက်တော့အမျိုးသမီး တစ်ယောက် လုံချည်လေးတိုတို ဝတ်ကာ ပျာယာပျာယာနှင့် ရောက် လာသည်။ နေ့လယ်နေ့ခင်း ကျွန်မ နားတတ်သော တဲကလေးထဲ  ခါးထောက်မျက်လုံးဝေ့ကြည့်ပြီး           ”ကိုကြည်ကော ကိုကြည်..” တဲ့။

အဲဒီအချိန်အထိ နာမည်တွေ မသိသေးသည့် ကျွန်မက
”ဘယ်သူ့မေးတာလဲ မသိ ဘူး”
”အုံနာလေ ဟိုကားရဲ့ အုံနာ ကို မေးတာ”
”မသိဘူးလေ ကားနားရှိမှာ ပေါ့ လိုက်သွားပါလား”

ဒရိုင်ဘာမှန်းမသိ၊ အုံနာမှန်း မသိ၊ အုံနာ ကတော်မှန်းမသိ၊ အားလုံးကို ဝါးတားတားနိုင်နေချိန်မှာ အဲဒီ အုံနာက တော်လိုက်လာတာ က ကျွန်မနဲ့ သူ့ယောက်ျားကို စိတ် မချလို့ ဆိုတဲ့အသံတွေ ထွက်လာတော့ ကျွန်မ တစ်ကိုယ်လုံးတောင့် မတ်သွားသည်အထိ အံ့သြတုန်လှုပ် ရသည်။

ကျွဲနဖားရွာဆိုတာ ကျွဲနဖား တောင်နှင့် တော်လှန်ရေးကြောင့် နာမည်ကြီးသလို ညမီးထိန်ထိန် လင်းနေတတ်သည့် ကျွန်းသစ်ဆိပ် ကမ်းကြောင့်လည်း နာမည်ကြီးခဲ့ဖူး သည်။ အဲဒါကြောင့် ရွာမှာ ထောင်ကျဖူးသူ အများကြီးရှိပြီး အဲသည် လူတွေက တိုက်ပိုင်၊ ကားပိုင်တွေ နှင့် တစ်ရွာလုံး တိုက်တွေ ဖွေးနေတော့သည်။ ကျွန်းသစ် ခေတ်ကောင်းစဉ် ရွာသားတွေရဲ့ အနေအထားကို တိုက်ပိုင်၊ ကားပိုင်သည့် ရွာသား ကြီးပြောပြတာက

”တောင်ကြီးမမနှယ် ကျုပ်တို့ ကလည်း ဘာမှမသိ မအူမလည် တွေ၊ စကွဲယားတွေ ဈေးကောင်းတယ်၊ ကျုပ်တို့ ရွာကိုလာတဲ့သူတိုင်း စကွဲယား၊ စကွဲယားနဲ့ ဘာပါလိမ့်  မလဲအောက်မေ့တယ် လေးထောင့်တုံးကို ပြောတာဗျ” တဲ့။

အာပေါင်အာရင်းသန်သန် ပြောနေသော လက်ညှိုးလောက် ဆွဲကြိုးတုတ်တုတ်ကြီး ဝတ်ထားသည့် ရွာသားကြီးအပြောကို ရယ်ချင်ပေမယ့် မရယ်ရက်၊ ပြုံးချင်ပေမယ့် မပြုံးရက်ခဲ့။ တကယ်ဆိုတော့ ကျွဲနဖားက မန္တလေးနှင့် ၁၆ မိုင် သာ ဝေးပါသည်။

ဘဝကို တန်ဖိုးထားစိတ်၊ ပညာကို ခင်တွယ်စိတ်၊ ဘယ်သူ့ကို မှ အောက်ကျမခံနိုင်စိတ်တွေနှင့် တစ်ပြည်တစ်ရွာမှ လာနေသည့်     ‘ငါ’ လို လူမျိုးကိုမှ ပြောတတ်ပ လေဟူသော မာနက ဒေါသကြား တလူလူလွင့်လို့။ တကယ်လည်း ကျွန်မက ကိုယ့်ခွန်ကိုယ့်အားမဟုတ် ရင် တန်ဖိုးထားသူမဟုတ်၊ ဒါကြောင့် လည်း ဆွေမျိုးမရှိ၊ အသိမရှိသည့် ဒီလိုတောထဲမှာ ဇာတိရင်းမြစ်မသိရသည့် အလုပ်သမားလူကြမ်းများ ကို အုပ်ချုပ်ရင်း တစ်ယောက်တည်း ပျော်နိုင်ခဲ့သည်ပင်။ နိစ္စဓူဝ သွားရောက် အလုပ်လုပ်ရသည့် ကျွန်မ၏ အုတ်ဖိုက ရွာနှင့် တစ်ဖာလုံ ကျော်ကျော်ဝေးပြီး ရွာသင်္ချိုင်းနှင့် ကပ်နေပါသည်။ ရွာသူ၊ ရွာသားများပင် ကိစ္စမရှိလျှင် မလာတတ်၊ မလာ ရဲကြသည့် နေရာတစ်ခု၊ ”အလုပ် လုပ်မှရမယ်” ဆိုသော အတွေးအခေါ်နှင့်၊ ”သူများပစ္စည်း အလကားမရလိုသည့်” ခံယူချက်တို့ ပညတ်ခဲ့လို့သာ အဲဒီတောထဲ မှာ နေဝံ့ခြင်း ၊ နေပျော်ခြင်းပင်။ (ကျွန်မ၏ ‘နေရာ’ ဝတ္ထုကို အဲဒီရက်ပိုင်းက၊ အဲဒီ အုတ် ဖိုမှာ ရေးဖြစ်ခဲ့ခြင်းဖြစ်ပါသည်။)

ပညာကို တန်ဖိုးထားသော ကျွန်မအတွက် သတင်းစာယူမည့် သူ မရှိသော၊ ကိုးရီးယားကားလာ ပြီးလို့ သတင်းလာလျှင် `TV´ ပိတ်ပစ်တတ်သော၊ တစ်ရွာလုံးမှာ စာအုပ်ဆိုင်တစ်ဆိုင်မှ မရှိသော၊ တစ်ရွာလုံးပေါင်းမှ ဘွဲ့ရ နှစ်ယောက်၊ သုံးယောက်ထက် ပိုမရှိနိုင်သော၊ တိုက်ဆောက်ကားစီးပြီး ထောင်ထဲ ဝင်ချည်ထွက်လှည့် လုပ်နေသူ တွေ များသော ကျွဲနဖားရွာကို ဘဝခရီး တစ်ထောက်နားသည့် ယာယီစခန်း အဖြစ်သာ မှတ်ယူလေသူမို့ ဒီလို အပြောခံရခြင်းကို ခွေးရူးကိုက်ခံရခြင်းထက် နာကျင် စက်ဆုပ်မိသည်။

အဲဒီအချိန်မှစပြီး စိတ်ခံစားမှု တစ်မျိုးက ကျွန်မနှလုံးအိမ်ကို တဖြည်းဖြည်း တွယ်ငြိလာပါတော့သည်။ အိမ်ထောင်သည် ယောက်ျားတွေနဲ့ အလုပ်သဘောအရ ဆက်ဆံ ရတိုင်း မာန်ချီထားတတ်သည့် ဓလေ့ ကျွန်မမှာ အရိုးစွဲနေခြင်းက ရူးခြင်းတစ်မျိုး ဟုဆိုလျှင် အစွပ်စွဲခံရမည်ကို ရှက်သော သိမ်ငယ်စိတ် က ကြောက်ခြင်းတစ်မျိုးဟု ပြောနိုင်ပါသည်။

အလုပ်လုပ်နေသူမို့လားတော့ မပြောတတ်။ ခဏခဏ ကြုံတွေ့ရတတ်သော အဲဒီအဖြစ်အပျက်များ ကို အံကြိတ်သည်းခံလာခဲ့ရာက ကျွန်မ လက်ထပ်ချိန်မှာ လွတ် မြောက်ပြီဟု ရဲရဲဝံ့ဝံ့ ထင်စားခဲ့မိသည်။ သို့သော်..။
(၃)
ကျွန်မ ဦးစီးခေါင်းဆောင်လုပ်ခဲ့ဖူးသော အုတ်လုပ်ငန်းနှင့် ယခု အမျိုးသား၏ ခေါင်းဆောင်မှုအောက်မှာ လုပ်နေသော ဆောက်လုပ်ရေး လုပ်ငန်းတို့က သဘာဝတူပါ သည်။ လူကြမ်းတွေကို ထိန်းချုပ်ရသော လုပ်ငန်းဖြစ်ခြင်းနှင့် ဦးဆောင်သူ အများစုက အမျိုးသားများ ဖြစ်နေကြခြင်းပါပဲ။ အမျိုးသမီး က ခပ်ရှားရှားပင်။

လုပ်ငန်းသဘာဝကို လိုက်ပြီး ကျွန်မအမျိုးသားနှင့် ကျွန်မ တာဝန်ကိုယ်စီ ခွဲယူထားရာ ကျွန်မတာဝန် ကျသော အပိုင်းနှင့် စပ်ဆိုင်သော ဆက်ဆံရာ လူမှုအသိုင်းအဝိုင်းမှာလည်း ကြုံရ၊ ဆုံရပြန်ပါသည်။ ဖုန်းဖြင့် ဆက်သွယ်ရ လွယ်ကူသော မြို့ဧရိယာအတွင်းမှာ ဖုန်းဖြင့် ဆက်သွယ်မိလျှင် ခဏခဏကြုံတွေ့ရ တတ်တာကတစ်ဖက်သူ မိန်းမသားများ၏ တုံ့ပြန်မှုပင်။ ကျွန်မ တယ်လီဖုန်းခေါ်ဆိုမှုကို မတော်တရော် တုံ့ပြန်ခံရလျှင် ကျွန်မခေါင်းထဲ မေးခွန်းတွေ တန်းစီ ဝင်လာပါတော့သည်။

ဖုန်းပြောသူတိုင်း သိနေမည့် ဖုန်း ယဉ်ကျေးမှုတွေကို နားမလည်ကြသူတွေလား၊ ဖုန်းမပြောဖူးသူတွေလား၊ တစ်ဖက်သူကို မမြင်ရဘဲ ဖုန်းသံကြားတာနဲ့ အကဲဆတ်နေရ လောက်အောင် သူတို့ ယောက်ျားတွေက လစ်ရင်လစ်သလို ဖောက်ပြန် တတ်ကြသူတွေလား၊ သူတို့ အိမ်ထောင်ရေးတွေက ဘယ်လို အိမ်ထောင်ရေး မျိုးပါလိမ့်၊ အလုပ်လုပ်နေသည့် ယောက်ျား တစ်ယောက်အပေါ် နားလည်မှုမပေးနိုင်တာ ဘယ်သူ့ချို့ယွင်းချက်လဲ ယောက်ျားအပြစ်လား၊ မိန်းမ အပြစ်လား..။

အဲဒီမေးခွန်းတွေနှင့်အတူ ကျွန်မ၏ ကြောက်သော စိတ်ကလေး ခေါင်းထောင်ထလာကာ ဘယ်တော့မှ မငြိမ်းနိုင်တော့မည့် မီးတစ်စနှယ် တရှိန်ရှိန် တညီးညီး တောက်လောင် လာပြန်တော့သည်။ ”ငြှိမ်းလို့မရတဲ့..မီးတွေ”ပေါ့လေ။

အဲသလိုနှင့် ဖုန်းပဲဆက်ဆက်၊ လူကိုယ်တိုင်ပဲတွေ့တွေ့ ကျွန်မ ကိုယ်ကျွန်မ မိတ်ဆက်မိသည်က ကျွန်မနာမည်မဟုတ်တော့။

”ကျွန်မ ဦးသိန်းနိုင် အမျိုးသမီးပါ” ဟု။ နောက် တစ်ယောက်တည်း သွားစရာကိစ္စကြုံလေတိုင်း လမ်းတွေ့သူမှန်သမျှကို ကျွန်မ အမျိုးသားက ဘယ်လို၊ ကျွန်မ သားတွေက ဘယ်လိုပေါ့။ မဏ္ဍပ်တိုင် တက်ပြမိသည်ချည်းပင်။ ကျွန်မ စိတ္တဇကို မသိသူများက မိသားစုကို အလွန် အင်မတန်ခင်တွယ်သူဟု အထင်ရောက်ကြမှာပင်၊ အကြောင်းသင့်ချင်ပြန်တော့လည်း ဒီလိုပါပဲ။

မိန်းမတစ်ယောက်အတွက် မိသားစုဆိုတာ အစဉ်အမြဲ မဟာရံတံတိုင်းကြီးဖြစ်သော်လည်း တစ်ခါတစ်ရံမှာ ထိုးဖောက်ဝင်ရောက် လာတတ်သည့် စကားလုံး ဒုံးကျည်များ အကြား ကျွန်မ အသက်ရှူ ရပ်မိတတ်သည်။
”စစ်ပွဲတွေထဲမှာ စကားလုံး စစ်ပွဲက ကြောက်စရာအကောင်းဆုံး” ဆိုသော အဆိုအမိန့်တစ်ခု ရှိသည် မဟုတ်ပါလား။ ထိုကိစ္စ တွေနှင့်ကြုံရလေတိုင်း ကျွန်မ၏ ဟိုးအနက်ရှိုင်းဆုံး နှလုံးသားတစ်နေရာမှ ကဗျာလေး တစ်ကြောင်းတစ်ကြောင်း ထွက်ထွက်ကျလာတတ်ပါ သည်။ စိတ်လိုလက်ရ ရှိမိချိန် ကဗျာလေးကို စာစီမိတော့..
ဗေဒါရီ
မြစ်နံဘေး ရေတိမ်ရာမှာ
ဘူးတောင်းကို ရေထဲနှစ်တဲ့
ဘိုးရသေ့ရဲ့ ဗေဒါရီ..
အပြောကျယ်တောရဲ့အလယ်မှာ
နိဗ္ဗာန်မျှော်ရည်စူး
ရသေ့ထူးရဲ့ သံယောဇဉ်တရား
အထင်မမှား အပြစ်မပွားစေရေး
စတေးခံရရှာတဲ့
မာတုဂါမ ဗေဒါရီ..
ဗေဒါရီရေ မင့်ဘူးတောင်းထဲမှာ
လွတ်လပ်ခြင်းတွေထည့်
ကျင့်ဝတ်သိက္ခာတွေထည့်
ကဲ့ရဲ့တင်းဆိုခြင်းက ရှောင်ကွင်းလို သတဲ့လား..
ဘိုးရသေ့ရဲ့ သောက
လောကဓံရဲ့ ပယောဂကြားက
စတေးခံ ဗေဒါရီ ရေ
တောနက်ရဲ့ အကျယ်ချုပ်မှာ
တကယ်အဟုတ်ပဲ ပျော်မွေ့နိုင်သ တဲ့လား…
ဖြူစင်မြင့်မြတ်
ကျင့်အပ်တဲ့ ကျင့်ဝတ်တွေဟာ
ခါးဝတ်လိုမြဲမြံ
ရဲရဲရင့်ရင့် မှန်ကန်နေမှတော့
ဘူးတောင်းလိုသေးသတဲ့လား
အချုပ်သား ဗေဒါရီ
မြစ်နံဘေး ရေတိမ်ရာမှာ
လူမှုဒုက္ခ အကျဉ်းကျတဲ့
မာတုဂါမ ဗေဒါရီရေ
သမ္ဘဝညီနောင် ကယ်တင်ခဲ့လို့
မင့်ခန္ဓာ လွတ်မြောက်ခဲ့ပေမယ့်
မင့်ဘူးတောင်းကတော့
ရေထဲမှာ အနှစ်ခံရဆဲပါပဲ။    ။
တံခွန်မရှိသော ရထား၊ လင် မရှိသော မိန်းမ.. မတင့်တယ်ဟု ရှေးစာများထဲမှာ ဖတ်မှတ် ရဖူးသည်။ ကဲ လင်ယောက်ျားနှင့် တွဲလက် မပျက်ရှိနေပါလျက် မလွတ် ကင်းနိုင်သူ ကျွန်မက လောကခုံရုံး ကို စွဲချက်တစ်ခုတင်ချင်ပါသည်။ တရားခံက အရေခွံပါးလျားသည့် ကျွန်မကိုယ်တိုင်လား၊ မိန်းမမြင်သမျှ၊ မိန်းမသံကြားသမျှ သဝန်တို စွပ်စွဲတတ်သူ တစ်ဖက်မိန်းမ တချို့လေလား၊ ဖောက်ပြန်တတ်သော၊ ဖောက်ပြန်လေ့ရှိသော၊ ဖောက်ပြန်တော့မှာပဲဟု သင်္ကာမကင်းခံရအောင် အနေအထိုင် လော်လည်သော သူတို့၏ ယောက်ျားများပေလား..။        ။

အဖြူရောင်(ရွှေ)
ရတီမဂ္ဂဇင်း ၂၀၁၁ စက်တင်ဘာလ

No comments:

Post a comment