Saturday 17 March 2012

လျှာများနှင့် သွားများ


အားလုံးကြားဖူးကြတဲ့အတိုင်း  ”လင်နဲ့မယား …လျှာနဲ့သွား”တဲ့ ….။
”လျှာနဲ့သွား” အတွဲမှာလျှာနဲ့ သွားတစ်ခုစီ ခွဲကြည့်ရင် အဓိပ္ပာယ်အမျိုးမျိုး ရှိနေကြတာကိုး။ တိုတဲ့လျှာ၊ ရှည်တဲ့လျှာ၊ ဟိုကွေ့ဒီဝိုက် သဝေထိုးတတ်တဲ့ လျှာ၊ ဖြောင့်ဖြောင့် မှန်မှန် ငြိမ်ဝပ်တဲ့လျှာ… အဲဒီလိုပဲ တစ်ချောင်းကျိုးနေတဲ့ သွား၊ နှစ်ချောင်းကျိုးနေတဲ့သွား၊  တစ်ပြုံလုံးကျိုးနေတဲ့သွား၊ အခေါင်းပေါက်ပါလို့ နာနေတဲ့သွား… အမျိုးစုံလှတဲ့ သွားတွေ၊ အမျိုးစုံလှတဲ့ လျှာတွေကို လိုက်ဖက်ညီတဲ့ တင်စားခြင်းမျိုးနဲ့ တင်စားထားလိုက်တာ ဘယ်လောက်လှလဲ… ရှေးလူကြီးတွေ ဘယ်လောက်တော်သလဲ။ တကယ်ပြောတာပါ… မမြင်ဖူးလိုက်တဲ့ ရှေးလူကြီးတွေရဲ့ စကားလင်္ကာကို ကျေးဇူးတင်ဦးညွတ်ရင်း စဉ်းစားစရာတွေ ပေါ်လာခဲ့တယ်။ စဉ်းစားရင်းတွေးရင်း လျှာနဲ့သွား ဆိုတဲ့ အတွဲလိုက်အဓိပ္ပာယ်မှာ ခွဲခြမ်းစိတ်ဖြာစရာတွေ တွေ့လာရပြန်ရော…။
တစ်နေ့တစ်နပ်ပဲစားတဲ့ သူတော်စဉ်တွေရဲ့  ပါးစပ်ထဲက လျှာနဲ့သွားလား၊ ဒါမှမဟုတ် အစားပုပ်တဲ့ တရုတ်ကြီး ပါးစပ်ထဲကလျှာနဲ့ သွားလား…အဲဒီမှာတင် သေသေချာချာ ကွဲသွားပြီ ”ဖြစ်နိုင်ခြေ” ဆိုတဲ့ ဘောင်ထဲက စဉ်းစားမယ်ဆိုရင် သူတော်စင်ရဲ့ လျှာနဲ့သွားမှာ  ပြဿနာမရှိလောက်ဘူး၊ သူတော်စင်က သတိနဲ့ရှုပြီး ဝါးတဲ့အတွက် လျှာနဲ့ သွားကလည်း ‘သတိ’ရဲ့ ထိန်းကွပ်မှုအောက်မှာ ငြိမ်ဝပ်နေမှာပဲ။ အစားပုပ်တဲ့ တရုတ်ကြီး ပါးစပ်ထဲက လျှာနဲ့သွားမှာတော့ ပြဿနာရှိနေပြီ။ ပါးစပ်ထဲမှာလည်း အပြည့် လက်ထဲမှာ တစ်လုတ်၊ မျက်လုံးက ပန်းကန်ထဲကို ကြည့်ထားပြီးသား စိတ်ကတော့ ဟင်းအိုးထဲ ရောက်နေရောပေါ့.. ကဲ တရုတ်ကြီး စိတ်ရောကိုယ်ပါ ဒီလောက် အလုပ် ရှုပ်နေမှတော့ သူ့ ပါးစပ်ထဲက လျှာနဲ့သွား ဘယ်စားသာတော့မလဲ။ ဦးနှောက်ရဲ့ စေခိုင်းမှုအောက်မှာ သွားတွေကလည်း တွေ့ရာဝါးမှာပဲ ထမင်းသော၊ ဟင်းသော ရွေးနေ မှာ မဟုတ်ဘူး …အဲဒီထဲ လျှာလည်း ခဏခဏအဆစ် ပါတော့မပေါ့။
အညာသား တစ်ယောက်ဆိုပါ စို့ အညာသားတွေက တစ်နေ့ထမင်း (၃)နပ် စားတတ်ကြတယ်။ မနက်စာ၊ နေ့လယ်စာ၊ ညစာ…သရေစာစားချိန်ပါ ထည့်တွက်ရင် တစ်နေ့ ကို အနည်းဆုံး ၄၊ ၅ခါပေါ့။ တရုတ်ကြီး လျှာနဲ့သွားလောက် မဆိုးပေမယ့် အညာသား လျှာနဲ့သွားမှာလည်း ပြဿနာတော့ မသေးလှဘူး။
သူတော်စင်မှာတောင် ဝါနုသေးတဲ့ သူတော်စင်နဲ့ ဝါရင့်သူတော်စင် ဘယ်တူနိုင်ပါ့မလဲ။ ဝါနုတဲ့ သူတော်စင်ကတော့ ”သတိ”နဲ့ ယှဉ်ဝါးတတ်ဦးမှကိုး ”အတွေး”နဲ့ ယှဉ်ပြီးဝါး ရင် လျှာနဲ့သွားက ပြဿနာရှိဦးမှာပဲ…။
အဲဒီလိုပဲ သေသေချာချာ တွေးကြည့်ရင် မျိုးပေါင်းစုံလင်လှသူတွေရဲ့ မျိုးစုံတဲ့လျှာတွေ၊ သွားတွေမှာ ပြဿနာအမျိုးမျိုး ရှိနိုင်ကြ တာပေါ့။ အချိန်ပြည့်ဝါးတဲ့သွား၊ သုံးနပ်ဝါး တဲ့သွား၊ နှစ်နပ်ဝါးတဲ့သွား၊ တစ်နပ်ပဲဝါးတဲ့သွား … ဘယ်တူကြပါ့မလဲ။
(၂)
လျှာနဲ့သွားရဲ့ တင်စားခံ လင်နဲ့မယားတွေမှာကော ပြဿနာတွေ အမျိုးမျိုးရှိကြတာပဲ မဟုတ်လား။ စဉ်းစားရင်း ပြုံးချင်လာတယ်။ ကဲ …ကျွန်မတို့  လင်မယားကကော … အချိန်ပြည့်ဝါးတဲ့သွားလို့ပဲ တင်စားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူရော၊ ကျွန်မရော  နှစ်ယောက်လုံးက အလုပ်သမားတွေကိုး။ မိသားစုလုပ်ငန်းမှာ နှစ်ယောက်စလုံး အတူတူအလုပ်လုပ် ကြတာဆိုတော့ အယူအဆ မတူတဲ့အခါ ငြင်းကြ၊ ခုံကြ၊ ရန်ဖြစ်ကြတော့တာပဲ…ရှင်ကဘယ်လို၊ ကျွန်မက ဘယ် လိုပေါ့။ မင်းကဘယ်လို ငါကဘယ်လိုပေါ့။ တာဝန်ယူပုံ မတူကြတဲ့အခါ ခံစားချက်မတူဘူး။ သူက လုပ်ငန်းသစ်ရှာဖွေရေး၊ ရှိပြီးသားလုပ်ငန်းကို သေသပ်ချောမွေ့ရေး၊ အချိန်မီ ပြီးစီးရေး  တာဝန်ယူထားတယ်။ ကျွန်မက… ငွေစာရင်း၊ ပစ္စည်းဝယ်ယူရေးနဲ့ ဝန်ထမ်းထိန်းသိမ်းရေး တာဝန်ယူထားတယ်။ အဖြစ်အပျက်(က) အတွက် သူက လုံခြုံရေး မျက်စိနဲ့ကြည့်မယ်၊ ကျွန်မက စီးပွားရေးမျက်စိနဲ့ ကြည့်မယ်…လုပ်ငန်းအောင်မြင် တိုးတက်ရေးကို နှစ်ယောက်လုံး တက်ညီလက်ညီ လုပ်ကိုင်ကြပေမယ့် အမြင် မတူတာလေးတွေမှာ ငြင်းကြ၊ ခုံကြရော။
အဖြစ်အပျက်(ခ)အတွက် သူက ယောက်ျားအမြင်နဲ့ ဧည့်ခံရေးလုပ်ချင်တယ်၊ ကျွန်မက မိန်းမအမြင်နဲ့ ဧည့်ခံမယ့်ပိုက်ဆံ အိမ်ကို ပို့ပေးချင်တယ်။ ကော်ဖီဖျော်စက်၊  သစ်သီးဖျော်စက်ကအစ…ကလေးအတွက်၊ မိန်းမအတွက် စဉ်းစားပေး၊ အိမ်ကိုသွားပို့ပေးပြီး ရင်းနှီးမှု တည်ဆောက်ချင်တယ်။
အဖြစ်အပျက်(ဂ)မှာ သူက လုပ်ငန်းကို အခိုင်အမာပစ္စည်း ကောင်းသုံးပြီး ထူထောင်ချင်တယ်၊ ကျွန်မက ကိုယ့်ရဲ့ဝင်ငွေပေါ်မူတည်ပြီး ဖြစ်နိုင်ခြေနဲ့ လုပ်ချင်တယ်။ လုပ် ငန်း တိုးတက်ရေးဆိုတဲ့မူ၊ ဘောင်အောက်မှာပဲ ခံယူချက်ချင်း မတူကြတော့ဘူး။ အနောက်နိုင်ငံက မာစီဒီးနဲ့ ဂျပန်တိုယိုတာ အားပြိုင်သလို သူနဲ့ကျွန်မ ခဏခဏ အားပြိုင် ကြရတယ်။ တရုတ်ကြီး ပါးစပ်ထဲက လျှာနဲ့သွားပေါ့….။
နောက် သူငယ်ချင်းလင်မယားတွေနဲ့ မတူကြတဲ့အချက်တွေ ရှိသေးတာ၊ အဓိကကတော့ အသေးသုံးငွေကြေးနဲ့ ဈေးဖိုးပေါ့။ ကျွန်မတို့ အိမ်ထောင်ရေးမှာ သူ့ပိုက်ဆံ၊ ကိုယ့်ပိုက်ဆံ ခွဲမထားဘူး။ ဈေးဖိုးထဲက ခွဲစုထားတယ်ဆိုတာ မရှိဘူး။
လုံလောက်ပြည့်စုံတဲ့ အရင်းအနှီး မရှိတာရယ်၊ ထူထောင်ခါစ  လုပ်ငန်းဖြစ်တာရယ်က ကျွန်မတို့ ဘဏ္ဍာရေးကို ခဏခဏ မျက်ဖြူဆိုက်စေတယ်လေ။ မရှိဘူးဆိုရင် ဈေး သုံးဖို့တောင် မရှိတဲ့ အဖြစ်မျိုးကြုံရတဲ့အခါ ကျွန်မ သူငယ်ချင်းတွေက ကျွန်မကိုအကြံပေး ကြတယ်။
”မင်းကလည်းကွာ…ဈေးသွားရင် ခွဲစုထားလေ ဈေးတစ်ခါ သွား အနည်းဆုံး နှစ်ထောင်စုထား အနည်းဆုံး တစ်လငါးသောင်း စုမိမှာပဲ….အဲဒီစုငွေကို ဘယ်မှာမှ မသုံးနဲ့ ငါးသိန်းလောက် ရှိပြီဆိုမှ ကိုယ်လုပ်ချင်တာလုပ် … ငါက အဲဒီလိုလုပ်တာ အခု ရေခဲထုတ်လုပ် ရောင်းတဲ့ ရေခဲသေတ္တာတွေ အဲဒီလို ဈေးဖိုးထဲက တစ်လုံးချင်း ဝယ်သွား တာ အခု ရေခဲသေတ္တာ ငါးလုံးရှိပြီ”တဲ့။
သူ့အဖြစ်နဲ့ သူ့အပြောက ချောလို့…သူက လစာ၊ ဝင်ငွေ ကောင်းတဲ့ အရာရှိရဲ့မိန်းမ၊ သူ့ ယောက်ျားအပ်တဲ့ ဝင်ငွေကအတိုး၊  အလျော့ရှိတာလွဲလို့ ပုံမှန်သေချာပြီးသား။ လကုန်လို့ အပ်ငွေနည်းတဲ့အခါ ရန်ဖြစ်ကြတာ တခြိမ်းခြိမ်းပေါ့…နှစ်နပ်ဝါးတဲ့သွားလို ခဏခဏ ကိုက်မိကြတာပေါ့။
ကျွန်မတို့အတွက် အဲဒီလို နည်းကလည်း မဖြစ်နိုင်ပြန်ဘူး။ အိမ်အတွက်တင်မက လုပ်ငန်း အတွက်ပါ ဘဏ္ဍာရေးတာဝန်ယူ ထားတဲ့ ကျွန်မအတွက်တော့ တကယ်အရေးကြီးလာရင် ဈေးဖိုးလည်း ခွဲမထားနိုင်ဘူး၊ သုံးရတာပဲ …ကျွန်မတို့မှာ လုံလောက် ပြည့်စုံတဲ့ အရင်းအနှီး မရှိဘူးမဟုတ်လား။
သီးသန့်ခွဲထားတဲ့ စုငွေရှိတယ်ပဲ ထားပါဦး အလုပ်သမားရှင်း ဖို့လိုရင်၊ ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်ဖိုး အကြွေးတောင်းလာရင်၊ သစ်ဖိုးအရေးကြီးရင်၊ အရစ်လိုက် ထုတ်ရတဲ့ငွေ မထုတ်ရသေးရင်… အဲဒီသီးသန့်ထားငွေကိုပဲ သုံးလိုက်ရတာ မဟုတ်လား။ ဖွက် ထားတယ်ဆိုပြီး ကိုယ်ဖွက်ထားတဲ့ နေရာ ကိုယ်သိနေမှတော့ စိတ်ရှုပ် ခံမနေဘူး ယူသုံးလိုက်တာပဲ။
အဲဒီလို ငွေလိုတဲ့၊ ငွေပြတ်တဲ့ ….အခါမျိုးမှာ ကျွန်မအဘွား ပြောလေ့ရှိတဲ့ စကားကိုအမှတ်ရမိတယ် မန္တလေးသူအငြိမ့် ဝါသနာအိုးအဘွားက သူငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ အငြိမ့်လူပျက်တွေ အကြောင်းပြောရင်း…
”လူပြက်နှစ်ယောက် ပြက်ကြတော့ တစ်ယောက်က အရေးပိုင်မင်း လုပ်တာပေါ့ အဲဒီတော့ သူ့ကိုယ်သူ ‘သခင်ကြီး’ပေါ့…သခင်ကြီးမှာ အခြွေအရံတွေများတာကိုး ကားမောင်းတဲ့သူရှိမယ်၊ ထမင်းချက်တဲ့ သူရှိမယ်၊ မာလီရှိမယ်၊ အိမ်ထိန်းရတဲ့သူရှိမယ် ဘာတဲ့အေး သူတို့ခေါ်တာရှိပါတယ် ‘ဘတ္တလာ’ဆိုလား နောက်ညည်းတို့ အခု ပြောနေတဲ့  ‘ပီအေ’လား အေးအေးအဲဒါလည်း ရှိမယ် ပြောရမယ်ဆိုရင် ဝန်ထမ်းတွေ အများကြီးပေါ့အေ …သူကလည်း စင်ပေါ်မှာ သခင်ကြီးချင်း မိုးမွှန်အောင် ပြောနေတာပေါ့ သူ့ကို  ထောက်ရတဲ့သူကလည်း သခင်ကြီး ..သခင်ကြီးပေါ့။ အောက်က ပရိသတ်ကလည်း တဝါးဝါးပေါ့….ဘာမှမပြက်ရသေးဘဲ မျက်နှာပေးနဲ့ တင်ပွဲကျနေတာ …သခင်ကြီးက သူ့မှာခိုင်းတဲ့လူတွေ ပေါတဲ့အကြောင်း ကြွားပြောလေး ပြောပြနေတာပေါ့…နောက်လခပေးတဲ့ အကြောင်းရောက် သွားရော သူ့ကို ထောက်ရတဲ့သူက ”သခင်ကြီး လခ တွေ ထုတ်ပြီးပြီလား” ”သခင်ကြီးရဲ့ လူတွေကိုကော လခတွေ ထုတ်ပေးပြီးပြီလားပေါ့” အဲဒီတော့ သခင်ကြီးကဖြေ တယ် အားလုံးထုတ်ပေး ပြီးပြီပေါ့….ဆက်ကြွားတာပေါ့ အေ ဘယ်သူ့ကိုဘယ်လောက် ပေးရတယ်…ဘယ်သူ့ကို ဘယ်လောက်ပေးရတယ်…အဲဒီတော့ လက်ချိုးပြီး လိုက်မှတ်နေတဲ့ ဘေးကလူပြက်က ”ဟင် သခင်ကြီးရတဲ့လခနဲ့ သခင်ကြီးပြန်ပေးလိုက်ရတဲ့ လခအတူတူဖြစ်နေပြီ …သခင်ကြီးက ဘာနဲ့စားလဲ” ဆိုတော့ သခင်ကြီး လုပ်တဲ့သူက ”သခင်ကြီးလား….သခင်ကြီးက အိမ်ကြို အိမ်ကြား လှည့်စားတာပေါ့” လို့ လည်း ပြောလိုက်ရော…ပရိသတ်တွေ ရယ်ကြတာ တကယ့်ကို ပတ်တုတ်လို့ မနိုင်ဘူး”
အခုကျွန်မတို့အဖြစ်ကလည်း သခင်ကြီးလို အိမ်ကြိုအိမ်ကြား လှည့်စားရမယ့်ကိန်းလေ။ အလုပ် သာလုပ်နေရတာ ငွေထုတ်ပြီဟေ့ ဆိုရင် တန်းစီနေတဲ့ ပေးစရာတွေကြား မှာ အိမ်စရိတ်ကို မနည်းချန် နေရတာကိုး။ ပေးစရာရှိတာတွေက မပေးလို့မှမဖြစ်တာ အခွန်အခတွေ ရှိမယ်၊ လစာတွေရှိမယ်၊ ဧည့်ခံစရိတ်တွေရှိမယ်၊ စောင်မကြည့်ရှုခဲ့ သူတွေကို သိတတ်ဂါရဝ ကန်တော့ခြင်းတွေရှိမယ်၊ လုပ်ငန်းရှင်ဆိုပြီး အလှူပါဝင်ရတာတွေရှိမယ်၊ ကုန်ပစ္စည်းကြွေးတွေရှိမယ်…အမည်မတပ်နိုင် လောက်အောင် များပြားလှတဲ့ ထွက်ငွေတွေကြားထဲမှာ ကလေးစရိတ်၊ အိမ်စရိတ်က ခေါင်းမဖော်နိုင်တော့ဘူး။ အဲဒီတော့ ”လုပ်ငန်းရှင်ကြီး” လို့ ပတ်ဝန်းကျင်က အထင်ကြီးကြတဲ့ ကျွန်မ တို့မှာ ဘယ်တော့မှ လက်ထဲငွေမရှိဘူး…အဲဒါပုံပြင်မဟုတ်ပါဘူး။
(၃)
”ဟေ့ကောင် …အလုပ်လုပ်နေပြီး လက်ထဲငွေတစ်ပြားမှ မရှိဘူးဆိုတာ မင်းညံ့လို့ပေါ့ကွ။ ငွေဆိုတာ စီမံခန့်ခွဲတတ်မှ ငါက တော့ မရဘူး။ သူ့ပိုက်ဆံလည်း ငါ မတောင်းဘူး ….ငါ့ပိုက်ဆံလည်း မထိနဲ့ …လကုန်ရင် ငါ့ကို ငါးသိန်းပေးတယ်။ သမီးတွေ ကျောင်းစရိတ်၊ အိမ်စရိတ်က သုံးသိန်းလောက်ပဲ ကုန်တာ… အဲဒီလောက်ပဲကုန်အောင် ငါချွေ တာတယ်..ကျန်တဲ့၊ ပိုတဲ့ပိုက်ဆံက ငါ့ပိုက်ဆံပဲ အိမ်အတွက်လိုတာ မရှိအောင် ငါ့ပိုက်ဆံထဲက ဝယ်တာ…သူ့တာဝန်က ငါ့ကိုတစ်လ ငါးသိန်းပေး တစ်နှစ်ကုန်ရင် ကားဖြစ်ဖြစ်၊ မြေကွက်ဖြစ်ဖြစ် တစ်ခုခုဝယ်ပေး …ဒါဆို ကျေနပ်ပြီ။ ကျန်တာ သူ့ဘာသာ ဘာသုံးသုံး….လကုန်လို့ ငါးသိန်းမအပ်ရင် ပြဿနာရှာမှာပဲ..”
လိုင်းကားငါးစီးပိုင်တဲ့ အုံနာကတော်လေ။ ကျွန်မငွေလိုတိုင်း သူ့ဆီက ချေးနေကျ သဘောကောင်းတဲ့၊ စေတနာကောင်းတဲ့ သူငယ်ချင်းပေါ့။ တစ်အိမ်လုံး ဖိတ်ဖိတ်တောက် နေအောင် သန့်ရှင်းတဲ့၊ စနစ်ကျတဲ့ အိမ်ထောင်ရှင်မ ကောင်းတစ်ယောက်…အဲသလို ပစ္စည်းကောင်းသုံးပြီး နေနိုင်အောင်  မိဘနောက်ခံအင်အားရော၊ လက်ရှိ အိမ်ထောင်ရေးမှာရော ငွေကြေးတောင့်တင်းသူ… ဒါပေမဲ့ သူတို့ အိမ်ထောင်ရေးက ”အညာသား ပါးစပ်လိုပါပဲ” သူ့ယောက်ျားက အရက်သောက်တတ် တယ်၊ နောက်ဆက်တွဲ ပန်းကုံးစွပ် ဝါသနာပါတယ်….နောက် နေ့နဲ့ည မှားနေတတ်တဲ့လူ။ မနက်ဆိုရင် မနက်ဆိုတာထက် နေ့ခင်းပိုင်းမှ အိပ်ရာ ထရေချိုး၊ ထမင်းစားပြီး ကားတွေ ငွေသိမ်းဖို့ ထွက်သွားလိုက်တာ ည (၁) နာရီဆိုတာ အစောဆုံး ….ဧည့်ခံပွဲတွေဆိုတာလည်း မပြီးဆုံးသေးတဲ့ ပန်းချီကား ဆိုတာလိုပဲ။
သူငယ်ချင်းရဲ့ သန့်ရှင်းမှု၊ စနစ်ကြီးမှုကို မခံနိုင်တဲ့ အိမ်ဖော်တွေနဲ့ အိမ်ဖော်မမြဲတော့ သူငယ်ချင်းက ပင်ပန်းရရော…အိမ်အလုပ်တွေ သိမ်းကျုံးလုပ်ပြီး နားချင်၊ အိပ်ချင်တဲ့ အချိန် ယောက်ျားကပြန်လာ ညမိုးချုပ်မှ ထမင်းခူးကျွေးရ၊ ကလေးကျောင်းပို့ဖို့ မနက်အစောကြီးထရ ပင်ပန်းတဲ့အခါ လျှာနဲ့သွား ကိုက်ကြလေသတည်းပေါ့။
ကျွန်မတို့ အိမ်ထောင်ရေးမှာ သူ့ငွေ၊ ကိုယ့်ငွေ ခွဲမထားဘူး၊ အလုပ်တူနေမှတော့ ထွက်ငွေလည်း သိ၊ ဝင်ငွေလည်းသိကိုး ကျွန်မကလည်း သူမသိဘဲ ဘာမှမသုံးဘူး၊ သူကလည်းသူသုံးသမျှ ကျွန်မကို စာရင်းတင်တာပဲ….အပေါင်းအသင်းနဲ့ ညဘက်ဆိုင်ထိုင်တာမျိုးကို ကျွန်မကလည်း ကျေကျေနပ်နပ် ခွင့်ပြုတယ်၊ သူကလည်း တစ် လနှစ်ခါထက် ပိုမသွားဖြစ်အောင် ဆင်ခြင်တယ်…ကျွန်မတို့နှစ် ယောက်က လင်မယားဆိုတာထက် ရဲဘော်ရဲဘက်တွေလို ဘဝကိုရင်ဆိုင် တိုက်ပွဲဝင်နေကြတာ မဟုတ် လား…. ငြိမ်းချမ်းစွာ ကွဲလွဲကြတဲ့ ခဏတိုင်းမှာတော့ တရုတ်ကြီးရဲ့ လျှာနဲ့သွားလို ကိုက်မိကြတာပဲ။ ဒါပေမဲ့ အဲဒီရန်ပွဲတွေက စကားလုံးတွေနဲ့ပဲ ပြီးသွားတတ်တာမျိုး နာရီ ပိုင်းနဲ့ ပြီးသွားတတ်တာမျိုးပေါ့။
ဖြစ်နိုင်ခြေဆိုတဲ့ ဘောင်ထဲက တွက်ကြည့်တဲ့အခါ ဝါးတဲ့အကြိမ် ရေများလေ…ကိုက်မိတဲ့ အကြိမ်ရေ ပိုလေဖြစ်သလိုပေါ့။ အလုပ်ကိစ္စနဲ့ နာရီတော်တော်များများ အတူ ရှိလေ၊ အတူတိုင်ပင်လေ… အယူအဆ မတူတဲ့ တိုက်ပွဲများလေပေါ့။
နောက် ကျွန်မသူငယ်ချင်း တစ်ယောက်ရဲ့ အိမ်ထောင်ရေးကတော့ ဝါနုတဲ့သူတော်စင် တစ်ယောက် အတွေးများများနဲ့ဝါးတဲ့ လျှာနဲ့သွားလိုပါပဲ။
”စံပယ်ရေ…ငါတော့ ဘာမှမပြောချင်တော့ဘူး။ သားတွေ မျက်နှာရှိသေးတယ် မဟုတ်လား သားတွေမှာ အဖေဆိုတာရှိရင် ပြီးတာပဲ..ငါ့ဘဝကို ငါ့အကြောင်းပဲပေါ့၊     သားတွေ အတွက်တော့ စိတ်မကောင်းဖြစ်ရတာပေါ့”
ယောက်ျားကပွဲစား၊ အိမ်မှာနေတယ်၊ မိသားစုသုခကို အပြည့်အဝ ယူတယ်၊ ဒါပေမဲ့ ငွေတစ်ပြားမှ မအပ်ဘူး…
”ငါလေ…ရယ်ချင်တယ်သိလား…မနေ့ညက ငါနဲ့သားနှစ်ယောက်ကို အဝတ်လဲခိုင်းပြီး ‘အကင်’ ဆိုင်အတင်း ခေါ်သွားတယ်။ သူပွဲတည့်လာလို့ ဒကာခံတာတဲ့ နင်စဉ်းစား ကြည့်စမ်း အိမ်မှာ ခရမ်းသီးဟင်းချက်ရင် မစားနိုင်လို့ ဝက်ခေါင်းသုပ် ဝယ်စားတယ်။ ငွေရလာရင် ငါတို့ကို ဒကာခံတယ်…ငါလည်း သူ့ကို ဧည့်သည်လိုပဲ သဘောထား လိုက်တော့တယ်”
”ဒါပေမဲ့ဟာ အခုလိုလုပ်နေတာထက် သားတွေမှာ အဖေမရှိဘူးဆိုတာကမှ ခံသာဦးမယ်…အခု သူကတော့ ဘောလုံးပွဲလောင်းလိုက်၊ အရက်သောက်လိုက် အဆင်ကိုပြေ လို့…တစ်ခါတစ်ခါတော့လည်း မောင်းထုတ်ပစ်ချင်တာ.. ဘာလုပ်ရမှန်းကို မသိတော့ဘူး”
သူတော်စင်တစ်ယောက်လို သဘောထားမြင့်မြတ်၊ သည်းခံ၊ ခွင့်လွှတ်နိုင်လွန်းလို့ ခဏခဏ မကိုက်မိကြပေမယ့်…အတွေးကို မလွန်ဆန်နိုင်သေးတဲ့၊ ဝါနုတဲ့သူတော်စင် ရဲ့လျှာနဲ့သွားလို သူတို့ လင်မယားမှာလည်း ပြဿနာရှိတာပါပဲ။
လျှာနဲ့သွားလို့ တင်စားကြတဲ့ လင်နဲ့မယားပေါင်းစပ်ထားတဲ့ အိမ်ထောင်ရေးဆိုတာ အဆုံးမရှိတဲ့ ပင်လယ်ကြီးလား…အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လား…အောက်ကို မမြင်ရ တဲ့ ချောက်နက်ကြီးလား… အားလုံးသိကြတဲ့အတိုင်း ”လင်နဲ့မယား…လျှာနဲ့သွား”ဆိုရိုးရှိတယ် မဟုတ်လား။ ကျွန်မကတော့ လျှာနဲ့သွားအကြောင်း စဉ်းစားမိလေလေ အိမ်ထောင်ရေးဆိုတာကို ခပ်ရေးရေး သဘောပေါက် လာလေလေပါပဲ။ အရင်တုန်းက ကျွန်မတို့ရဲ့ လုပ်ငန်းကို ခက်ခဲလှပြီထင်ခဲ့တာပါ…တကယ်တမ်း’အိမ်ထောင်ရေး’ ဆိုတာနဲ့ ချိန်ထိုးကြည့်မိတော့မှ ကျွန်မတို့လုပ်ငန်း ဘယ်လောက် လွယ်လဲသိရတာ။
(၄)
ကျွန်မတို့အလုပ်က အဆောက်အဦး ဆောက်တာပါ။ အိမ်ရှင်တွေ၊ ဌာနဆိုင်ရာအရာရှိတွေ၊ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ၊ ဆောက်လုပ်ရေး ပစ္စည်းဆိုင်တွေ၊ အုတ်၊ သဲ ကျောက်ပို့တဲ့သူတွေ၊ နောက် မဖြစ်မနေ ပတ်သက်ရသူတွေ… အဲဒီလူတွေကြားထဲမှာ အချိန်မီအလုပ်အပ်နိုင်ဖို့ အကောင်းက အရူးဖြစ်ရမတတ် စိတ်ညစ်ခဲ့ဖူးပေမယ့် အိမ်ထောင်ရေးနဲ့ ယှဉ်တွေးမိတော့မှ အဆောက်အဦး ဆောက်ရတာများ ဘာခက်လို့လဲဆိုတော့ အတွေးဝင်လာတယ်။ သက်ဆိုင်ရာ အင်ဂျင်နီယာက တွက်ပေးတဲ့ပုံစံ စာရွက်ရှိ မယ်…လိုအပ်ရင် Structure လို့ခေါ်တဲ့ အထူးတွက်ချက်ထားတဲ့ တွက်ချက်မှုရှိမယ်… ဒါဆိုရင် အိုကေပြီပေါ့။ သက်ဆိုင်ရာ ကြီးကြပ်တဲ့ အင်ဂျင်နီယာရဲ့ လမ်းညွှန်မှုနဲ့ လိုအပ်တဲ့ပစ္စည်းတွေရှိရင် တစ်ထပ်ပြီးတစ်တပ် တက်သွားရုံပဲပေါ့။ (၈)ထပ်မြင့်မလား…(၁ဝ)ထိ မြှင့်ချင်သေးသလား…အဓိကကတော့ သီအိုရီနိုင် မယ်၊ ငွေ ရှိမယ်ဆိုရင် အတွေ့အကြုံရှိပြီးသား လူတစ်ယောက်အတွက် မီးစိမ်းပြီးသား…နောက်ဆောက်လုပ်ရေးမှာ ကြုံရတတ်တဲ့ ”မမြင်နိုင်တဲ့ အနှောင့်အယှက်” ဆိုတာ တကယ် တမ်းတော့ စာမဖွဲ့လောက်ပါလား ဆိုတာ သိရတော့ အိမ်ထောင်ရေးရဲ့ အရေးကြီးပုံကိုပါ တစ်ခါတည်း တွေးမိပြီး ကြက်သီးမွေညင်း ထလာခဲ့ပါတယ်။
သီအိုရီ မရှိဘူး၊ ပုံစံနဲ့ တွက်ချက်မှုမရှိသလို လိုအပ်ရင် ထပ်ကူပေးရတဲ့  Structure တွက်ချက်မှုမရှိဘူး၊ ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်မရှိဘူး၊ ဘယ် ပစ္စည်းနဲ့ ဘယ်ပစ္စည်းကို ဘယ်အချိုးအစား အတိုင်းရောရင် ဘာရမယ်ဆိုတဲ့ အချိုးချမှုမရှိဘူး။ ကျွန်မတို့နဲ့ ပထမဦးဆုံး လက်တွဲခဲ့တဲ့ အင်ဂျင်နီယာ အဘိုးကြီးပြောလေ့ရှိ သလို ”မှားသွားရင် မှောက်ထေလိုက်”လို့ မရနိုင်ဘူး..”တစ်ဘဝလုံးစာအတွက် တစ်ဘဝလုံးကို” လောင်းကြေးထပ်ထားပြီးသား မဟုတ်လား …နောက် အတွေ့ အကြုံကို အားကိုးလို့မရနိုင်ဘူး။ အိမ်ထောင်ရေးဆိုတာ တစ်ကြိုမေးခွန်း မသိရတဲ့ စာမေးပွဲပါပဲ။
ပတ်ဝန်းကျင်ရဲ့ သွေးထိုးစကားတွေနဲ့ ကျွန်မတို့တွေ ဝေးကွာသွား နိုင်သလို…မလိုတမာစကားတွေ အောက်မှာ ကျွန်မတို့ရဲ့ချစ်ခြင်းတွေ အေးခဲသွားနိုင်တာပဲ မဟုတ် လား။ အဲဒီလိုပဲ ဒေါသ၊ နာကြည်းမှု၊ မာန၊ အာဃာတတွေက ကျွန်မတို့ရဲ့ဘဝတွေကို အချိန်မရွေးနင်းခြေ ပစ်လိုက်နိုင်တာပဲ။ အနာရှိရင် ဆေးသိရမယ်လို့များ ဆိုခဲ့ကြ ရင်တော့ အဲဒီဆေးက ”အချစ်၊ ယုံကြည်မှုနဲ့ နားလည်ခြင်း” ကလွဲပြီး ဘာမှမဖြစ်နိုင်ဘူးလို့ တွေးမိတဲ့အခါ ပြီးပြည့်စုံတဲ့ ဝါရင့်သူတော်စင်တစ်ပါး ရဲ့ လျှာနဲ့သွားလို ငြိမ်း ချမ်းအေးမြတဲ့ အိမ်ထောင်ရေးမျိုး မြင်ဖူးချင်၊ ကြုံဖူးချင်လာခဲ့ပါတယ်။
အားလုံးသိကြတဲ့အတိုင်း ”လင်နဲ့မယား လျှာနဲ့သွား” ဆိုရိုးရှိတယ်မဟုတ်လား။     ။
အဖြူရောင်(ရွှေ)
yatimagazine  (March,2012)

1 comment:

  1. သွားကလေးကတော့ ခရီးထွက်သွားတယ်အစ်မရေ. ။ လွမ်းနေတဲ့ လျှာကလေးတစ်ချောင်း ပြုံးစေ့စေ့နဲ့လာဖတ်သွားတယ်.။ ဟိဟိ

    ReplyDelete