Monday 26 September 2011

ကိုဘကောင်းရဲ့လမ်း

အရက်မူးလာပြီဆိုရင် `မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ´လို့ အသံဝါကြီးနဲ့ အော်အော်ဆိုတတ်တဲ့ ကိုဘကောင်း တစ်ယောက် လေဖြတ်သွားပြီလေ။ ကိုဘကောင်းကို ပတ်ဝန်းကျင်က မတွေ့ကြတာ သုံးလေးရက်ရှိပြီ။ အရင်ကလည်း ရုံးသွားလိုက် တစ်ခါတစ်ခါ ရုံးမှာအိပ်လိုက် သူငယ်ချင်းတွေအိမ်မှာ လိုက်အိပ်လိုက်ဆိုတော့ ပတ်ဝန်းကျင်က သတိမထားမိတာလည်း မဆန်းဘူးရယ်။

အဲဒီနေ့ကတော့ ကိုဘကောင်း မိဘတွေနဲ့ ကျေးဇူးမကင်းတဲ့ မသန်းဝင်းဆီကို ကိုဘကောင်း ၀ိညာဉ်လွင့်သွားတယ် ပြောရမှာပဲ။

`ဟဲ့ ချစ်စမ်းမောင် ထစမ်း ထစမ်း၊ ကိုကောင်းရယ် ငါ့ကို လာခေါ်နေတာ´

`မိသန်းဝင်း မိုးတောင် မလင်းသေးဘူး။ အိမ်မက်ယောင်တာလား´

`မဟုတ်ဘူး မဟုတ်ဘူး။ ဗိုက်ထဲအောင့်တောင့်တောင့် ရှိတာနဲ့ နိုးနေတာ ကြာပြီ။ ခြံဝက လှမ်းခေါ်လို့ ငါသွားကြည့်တာ မရှိဘူး။ လင်းရင်တော့ အိမ်သွားကြည့်လိုက်ဦး။ အိမ်မှာမရှိရင် ရုံးလိုက်သွား။ ဆရာမကြီးတို့လည်း ရှိတာမဟုတ်ဘူး´

ရွှေနှင်းဆီ ဆေးလိပ်ကို ထောင်းထောင်းထ ဖွာနေတဲ့ မသန်းဝင်းက တစ်ခုခုတော့ တစ်ခုခုပဲ တွေးနေ မိတယ်တဲ့။ ချစ်စမ်းမောင်လည်း မနက်လင်းတာနဲ့ ထမင်းကြမ်းခဲလေး ပဲပြုတ်နဲ့နယ်၊ ကပျာကသီစားပြီး အိမ်သွားကြည့်တယ်။

အိမ်က သော့ခတ်ထားတော့ ရုံးလိုက်ရှာတယ်။ ရုံးကလူတွေကလည်း ဂရုစိုက်ပုံများ ပြောပါတယ်။ ဘယ်သွားမှန်းလဲမသိဘူး။ အဲဒါနဲ့ ကိုဘကောင်းသွားတတ်တဲ့ နေရာတွေ၊ ဘုံဆိုင်ပါ မကျန်ပေါ့။ ချစ်စမ်းမောင်က လိုက်ရှာတယ်။ ဘယ်မှာမှ မတွေ့ဘူး။ ကိုဘကောင်းဆိုတဲ့ ကိုဘကောင်းက ခပ်ရွတ်ရွတ်။ ရုံးမှာ အိုတီ ဆင်းရမယ်ဆိုလည်း ဘယ်တော့မှ မဆင်းဘူး။ အိုတီမပြောနဲ့ သာမန်ရုံးချိန်မှာကိုပဲ သူတက်ချင်မှ တက်တာ။ ရုံးက အရာရှိကလည်း သူ့အမေရဲ့ တပည့်ဖြစ်တာရယ်၊ ကိုဘကောင်းနမတွေ မျက်နှာနဲ့ ကိုဘကောင်း ဘာလုပ်လုပ် ဘာမှ မပြောဘူး။ တစ်ခါတစ်ရံ သိပ်အရေးကြီးတဲ့ ကိစ္စဆိုရင်တော့ အိမ်ကို လိုက်ခေါ်တတ်တယ်။ အဲလိုဆိုရင် ကိုဘကောင်းက နှစ်ဆောင်ပြိုင် အိမ်ကြီးကို အိမ်ရှေ့တံခါးသာ့ ခတ်ပြီး နောက်ပေါက်က ၀င်ထွက်လုပ်တာ။

ကိုဘကောင်း အကျင့်ကို သိတဲ့ ချစ်စမ်းမောင်က အိမ်ကို ပြန်သွားပြီး အိမ်နောက်ပေါက်က တံခါးခါက် တယ်။ ဘာသံမှ မကြားရတော့ အိမ်ပတ်ပတ်လည် လျှောက်နားထောင်ရင်း အိမ်ထဲက ညည်းသံသဲ့သဲ့ကို ကြားရတော့တာပဲ။ အဲဒီမှာတင် ရပ်ကွက်လူကြီး အိမ်ပြေး၊ ရပ်ကွက်လူကြီးကလည်း အိမ်ချင်းကပ်လျက် ပဲကိုး။

ဘေးအိမ်တွေပါ အကူအညီတောင်းပြီး တံခါးဖျက်ဝင်တော့ ကိုဘကောင်းကို ခွေခွေကလေး လဲနေတာ တွေ့ရတော့တာပဲ။ ဒွာရကိုးပေါက် စလုံးက ထွက်ထားတဲ့ အညစ်အကြေးတွေနဲ့ ပုပ်ဟောင်နေ တဲ့ ကိုဘကောင်းကို တွေ့လိုက်တာနဲ့…

`အမလေး… ကယ်ကြပါဦးဗျာ။ ကျွန်တော့်အစ်ကိုတော့ သေပါပြီ။ အမလေး… လုပ်ကြပါဦးဗျာ´

အမေပေးနာမည် စမ်းမောင်ကို ကိုယ့်သဘောနဲ့ ကိုယ် `ချစ်´တစ်လုံး တိုးထားတဲ့ ချစ်စမ်းမောင် ကလည်း ခေတ်စကားနဲ့ ပြောရရင် ပဲက ခပ်များများရယ်။ ပျာယာခတ် ခုန်ပေါက်နေတဲ့ ချစ်စမ်းမောင်ကို ဖယ်ပြီး ကိုဘကောင်းကို အ၀တ်လဲပေး၊ ချက်ချင်း ဆေးရုံပို့ကြတယ်။

တိုက်နယ်ဆေးရုံကလေးကနေ ပြည်နယ်ဆေးရုံကြီးကို ဒရစ်ပိုက် ချိတ်ပြီး ပြောင်းတော့လည်း သတိ မရ၊ ဆေးရုံရောက်ပြီး သုံးရက်လောက်နေမှ သတိရလာတယ်တဲ့။ ကိုဘကောင်း သတိရလာတော့ ဘာကိုမှ သတိမရတော့ဘူး။ သမီးတွေနဲ့ လိုက်နေတဲ့ အမေပြန်လာတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ကြည့်နေတဲ့ ကိုဘကောင်းကို ခုတင်ပေါ်မှာ ပက်လက်ကလေး တွေ့ရတော့တာပဲ။ နာရီဝက် တစ်နာရီ နောက်ကျရင် အသက်ဆုံးပြီလို့ ဆိုတဲ့ ကိုဘကောင်း စကားမပြောနိုင်တော့ဘူး။ ညာဘက် တစ်ခြမ်း မလှုပ်နိုင်တော့ဘူး။

`မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ´လို့ ဆိုတတ်တဲ့ ကိုဘကောင်း သူ့အမေရဲ့ လက်ပေါ်မှာ ဒုတိယမ္ပိ ကလေးပြန်ဖြစ်သွားတယ်။
အမေက ကိုဘကောင်းကို ထမင်းခွံ့ကျွေးတယ်။ ရေတိုက်တယ်။ လက်ဖက် ရည်တိုက် တယ်။ ဆေးတိုက်တယ်။ ဆေးလိမ်းပေးတယ်။ လက်လေ့ကျင့်ခန်း လုပ်ပေးတယ်။ နောက် အငြိမ်း စား ကျောင်းဆရာမကြီး အမေက ကိုဘကောင်းကို စာရေးသင်ပေးတယ်။ စာဖတ်သင်လို့ မရတော့ ဘူး။ ကိုဘကောင်းက စကားမှ မပြောနိုင်ဘဲကိုး။

ဆေးရုံက ဆင်းပြီးတော့ အိမ်မှာ ဆက်ကုတယ်။ အင်္ဂလိပ်ဆေးနဲ့လည်း ကုတယ်။ မြန်မာဆေးနဲ့လည်း ကုတယ်။ အဲဒီလိုနဲ့ ကိုဘကောင်း နာလံထလာတယ်။ အရင်က ဝေေ၀၀ါးဝါး ဖြစ်ခဲ့တာတွေ ပီပီပြင်ပြင် ဖြစ် လာပြီ။ ထုံထုံမှိုင်းမှိုင်း ဖြစ်ခဲ့တာတွေ ကြည်ကြည်လင်လင် ဖြစ်လာပြီ။

စကားပြောချင်ဇောနဲ့ ပြောတော့ `ကျွန်တော်´ တဲ့။ `ဆေး´တဲ့။ သူပြောတတ်တဲ့ စကားလေ။

အဲဒါပဲ ပြောတတ်တော့ ဘာကိုပဲ ပြောချင် ပြောချင် `ကျွန်တော်၊ ဆေး´ ပဲ။

အသံကို နိမ့်မြင့် ပြောင်းလဲပြောတတ်တယ်။ ဆေးရုံမှာတုန်းက `ကျွန်တော်။ ဆေး´ ဆိုတော့ ဂျူတီကျတဲ့ ဆရာမလေးက
`ဆေး… တိုက်မယ်၊ တိုက်မယ်´ တဲ့။

ဆေးတောင်းတယ် မှတ်နေတာလေ။ နောက်သုံးလလောက် ကြာတော့ စကားတစ်ခွန်းတိုးလာတယ်။ `စေတော့၊ စေတော့´တဲ့။ သူပြောချင်တဲ့ အဓိပ္ပာယ်ကို လက်ဟန်ခြေဟန်နဲ့ ရှင်းပြတယ်။

ဘာအကြောင်းအရာကိုပဲ ပြောပြော ပါးစပ်က `ကျွန်တော်၊ ဆေး၊ စေတော့´ ဒါပဲ ပြောတတ်တော့တယ်။

သူ ဒေါသထွက်ပြီဆိုရင် လေဖြတ်လို့ ရွဲ့နေတဲ့ နှုတ်ခမ်းတွေ ပိုရွဲ့သွားအောင် မဲ့… မဲ့ပြီး
`စေ…ဒေါ့´ `စေ.. ဒေါ့´ နဲ့ အားရပါးရ အော်တော့တာပဲ။

လေဖြတ်တဲ့ လူတွေက စိတ်တိုတတ်လာတယ်။ ဒါကို မိဘ၊ မောင်နှမတွေက သည်းခံပါတဲ့ ဆရာဝန်ကြီးနဲ့ ပတ်ဝန်းကျင်က နှစ်သိမ့်ဖျောင်းဖျတဲ့ စကားတွေပေါ့။ ငြိမ်းချမ်း အေးမြလွန်းတဲ့ အမေနဲ့ နားပူမခံနိုင်တဲ့ ညီမတွေက ထွေထူးပြီး သည်းခံစရာမလိုအောင် သည်းခံတတ်ကြပြီးသား။

အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဖြစ်ရလေဆိုတဲ့ ကိုယ်ချင်းစာစိတ်၊ သနားစိတ်၊ သွေးရင်းသားရင်း၊ အစ်ကိုရင်း တစ်ယောက် အပေါ် ထုလိုက် ထည်လိုက် ထားတဲ့ မေတ္တာ၊ ငွေကြေးဆိုတာ ကိုယ်အလိုရှိရာ ပစ္စည်းတွေအတွက် လဲလှယ်စရာ ကြားခံပစ္စည်းလောက် သဘောထား သတ်မှတ်ကြတဲ့ ညီမတွေက ကိုဘကောင်းကို ငွေအကုန်ခံပြီး ကုတယ်။ မငြိုငြင်ဘူး။ မငြူစူဘူး။ အနှမြော အတွန့်တို မရှိဘူး။ ကိုယ့်ငွေ သူ့ငွေ မခွဲခြားဘူး။ တရုတ်အပ်စိုက်ဆိုလည်း စိုက်လိုက်တာပဲ။ အကြောပြင်ဆိုလည်း ပြင်လိုက်တာပဲ။ အနှိပ်သည်ဆိုလည်း နှိပ်လိုက်တာပဲ။ ဓာတ်မှန်ရိုက်တာ၊ သွေးစစ်တာ၊ CT scan ရိုက်တာတွေကတော့ ရိုးနေပေါ့။ ဦးနှောက်နဲ့ အာရုံကြော အထူးကုကိုပဲ နှစ်ယောက်တပြိုင်တည်း ပြတာ။ အယူဆအမျိုးမျိုး ကို သိချင်လို့တဲ့။

ကိုဘကောင်းဆိုတာ အဲဒီလို မိသားစုထဲမှာ ရှင်သန်နေတာလေ။ ကိုဘကောင်းကို ရိုင်းတယ်လို့ပြောရင် ပတ်ဝန်းကျင်က ရယ်ကြမှာ။ ကိုယ့်အိမ်ကလွဲရင် ကိုဘကောင်းက လူကောင်း၊ လူယဉ်ကျေး လူလိမ္မာ။ ကိုယ့်အိမ်မှာတော့ မရဘူး။ အိမ်ထောင်ပျက် မိသားစုရဲ့ အကြီးဆုံး သားဘ၀မှာ အိမ်ကို မငဲ့ဘူး။ အမေကို မငဲ့ဘူး။ ကိုဘကောင်းရဲ့ အဘွားဆိုရင် ဆုံးသာသွားရော ကိုဘကောင်းလုပ်စာ တစ်ပြားမှ မစားလိုက်ရဘူး။

အမေက မနက်ပိုင်း ကျူရှင်သင်၊ နေ့လည်ပိုင်း ကျောင်းသွား၊ ပြန်လာရင် ညနေပိုင်း ကျူရှင်သင်။ ကျောင်း နဲ့ ကျူရှင်ကြားမှာ နားချိန်မရှိဘူး။

ကိုဘကောင်းတို့ မောင်နှမတွေကို ပြုစုစောင့်ရှောက်ရတာက ကိုဘကောင်းတို့ အဘွားလေ။

တစ်နေ့ထက်တစ်နေ့ အရွယ်ရောက် ကြီးပြင်းလာတဲ့ ကိုဘကောင်းတို့ မောင်နှမတွေရဲ့ ကုန်ကျစရိတ်တွေအတွက် အမေက ကျူရှင်တွေ တစ်ချိန်ပြီးတစ်ချိန် တိုးပြရင်း ကိုဘကောင်းတို့ မောင်နှမတွေကို ဂရုစိုက်ချိန် နည်းလာခဲ့တယ်။ အရွယ်ရလာတဲ့ ကိုဘကောင်းက အမေ့စကားလည်း နားမထောင်ဘူး။ အဘွားစကားလည်းး နားမထောင်ဘူး။

မိဘတွေအိမ်ထောင်ပျက်တဲ့ ဒဏ်က ကိုဘကောင်းရင်ထဲအထိ ၀င်သွားတယ်။ သူတို့မောင်နှမတွေ ဒီလိုဒုက္ခခံရတာ မိဘတွေ အိမ်ထောင်ကွဲလို့ သူတို့အပြစ် မဟုတ်ဘူး ဆိုတဲ့ ခံယူချက်က ကိုဘကောင်းရဲ့ ကာဗာဖြစ်လာတယ်။ မီးလောင်ရာ လေပင့်လို့ ပြောရလောက်အောင် ကိုဘကောင်း ဖတ်တဲ့ အပြင်စာတွေ က ကွန်မြူနစ်စာအုပ်တွေလေ။

စာရွေးဖတ်ရမယ့် အရွယ်မှာ ကိုဘကောင်းကို ညွှန်ပြမယ့်လူ မရှိဘူး။ လမ်းညွှန်မယ့်သူ မရှိဘူး။ ကိုယ်ခံစိတ်ဓာတ် ညံ့ဖျင်းတဲ့ လူတစ်ယောက်အတွက် `မီးလောင်ရာ လေပင့်´ ဆိုတဲ့ စကားပုံလိုပေါ့။ စာတွေဆွဲခေါ်တဲ့နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတော့တာ။ အဆင်မပြေတဲ့ မိသားစုထဲက ကိုဘကောင်း၊ သူဖတ်တဲ့စာအုပ်တွေက ကွန်မြူနစ်စာအုပ်..။

အဲသလိုနဲ့ ကျောင်းပြဌာန်းစာအုပ်တွေနဲ့ ဝေးလာတယ်။ ဆယ်တန်းကျတယ်။ သူ့အတွေးအခေါ်တွေကို လွှမ်းမိုးထားတဲ့ အယူအဆတွေကို လက်တွေ့ကျင့်သုံးတယ်။ အမေနဲ့အဘွား ဆုံးမစကားကို နားမထောင်တော့ဘူး။

`မွေးထားရင် ကျွေးထားရမှာပဲ´တဲ့။

`ကျုပ်တို့က ခင်ဗျားတို့ ခေါ်လာလို့ လူ့လောကထဲကို ရောက်လာတာ´တဲ့။

`ကျုပ်တို့မှာ အပြစ်မရှိဘူး´ တဲ့။

အမေနဲ့ အဘွားက ကိုဘကောင်းရဲ့ ခင်ဗျားလုံးရိုက်ချက်အောက်မှာ မျက်ရည်နဲ့ မျက်ခွက်ပေါ့။ နောက်တော့ ကိုဘကောင်း အဝေးကြီးကို ထွက်သွားတယ်။ အမေ အဘွားနဲ့ ညီမလေးတွေကို ထားခဲ့ပြီးတော့လေ။ အဝေးရောက် ကိုဘကောင်းရဲ့ သတင်းတွေထဲမှာ အရက်က ပင်တိုင် ဇာတ်လိုက်ဖြစ်နေတယ်။

ဂျူတီပြီးပြီ ဆိုတာနဲ့ အရက်သောက် ဂစ်တာတီး မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေ ဆိုပြီး ငိုတော့တာပဲတဲ့။ ဖြစ်ပုံများ ပြောပါတယ်။

သီချင်းကလည်း ခေါင်းစဉ်သာပြောင်းသွားမယ်။ အကြောင်းအရာကတော့ အမေပဲ။ ဂစ်တာတီး သီချင်းဆိုကောင်းတဲ့ ကိုဘကောင်းက ထူးအိမ်သင်ရဲ့ အမေ၊ ခင်ဝမ်းရဲ့အမေ…. အမေကို အရက်နဲ့မြည်းရင်း ပါးစပ်က ကျေးဇူးဆပ်နေခဲ့တာ ၇နှစ်လောက် ကြာသွားတယ်။

ကိုဘကောင်းတို့ မြို့ကလေးမှာ ရုံးခွဲလာဖွင့်တော့ မြို့ခံဆိုပြီး လူကြီးတွေက ကိုဘကောင်းကို သူ့မြို့ပြန်ပို့လိုက်တယ်။ ကိုဘကောင်း အမေနဲ့ အဘွားကိုလည်း ကြည့်ရှုစောင့်ရှောက်ဖို့ပေါ့လေ။ ဒါပေမယ့် လူကြီးတွေရဲ့ စေတနာက ဝေဒနာဖြစ်သွားတယ်။

ကိုဘကောင်းက အချိုးမှ မပြင်ဘဲကိုး။ ရုံးကပေးတဲ့ လိုင်းခန်းမှာ မနေဘူး။ အိမ်မှာပဲ နေတယ်။ ညဆိုရင် အရက်မူးပြီး ပြန်လာတယ်။ အိပ်နေတဲ့ အမေကို နှိုးပြီး ထမင်းခူးကျွေးခိုင်းတယ်။ သူရတဲ့ လခကလည်း သူသောက်တာနဲ့ ကုန်တာပဲ။

ကိုဘကောင်း ထွက်သွားတဲ့ နှစ်တွေအတွင်းမှာ ကိုဘကောင်း ညီမတွေက အသီးအနှံတွေ ပွဲစားလုပ်ရင်းက အခု ပွဲရုံလုပ်ငန်း အောင်မြင်နေပြီ။ အမေနဲ့ အဘွားကို စိတ်တိုင်းကျ ပြုစုနိုင်ပြီ။ ကိုဘကောင်း လခ မတောင်းရုံတင်မကဘူး ကိုဘကောင်းအတွက် အ၀တ်အစား မုန့်ဖိုးတောင် ညီမတွေက ပေးလိုက်သေးတယ်။ အမေ အဘွားနဲ့ ညီမ နှစ်ယောက်နေတဲ့ အိမ်က ကိုဘကောင်း ပြန်လာမှ ဆူညံလာတော့တယ်။ အရက်မူးလာရင် ထမင်းခူးပေးရုံတင်မကဘူး ကိုဘကောင်း စားတာ ဘေးက ငုတ်တုတ်ထိုင်စောင့်ရသေးတယ်။ ကိုဘကောင်း ရစ်သမျှ ခံပေတော့။

`အဲဒီကောင်တွေ လူပါးဝတာ ဘကောင်းအကြောင်း သိမယ်´ စကားတစ်ခွန်းကို ထပ်တလဲလဲပြော၊ ထမင်းစားမပြီးမချင်း စားပြီးတော့လည်း မအိပ်မချင်း တစ်နေ့လည်းမဟုတ် ညတိုင်း။ ပြောလည်း မပြောရဲဘူး။ ပတ်ဝန်းကျင်ကို ရှက်လို့လေ။ ကိုဘကောင်းကတော့ `ဘာလို့ မွေးထားသေးလဲ´ ပြန်ပြောမှာ သိနေတာကိုး။ နောက် ညီမတွေ လုပ်တဲ့ ပွဲရုံလုပ်ငန်းမှာ ၀င်စွက်ဖက် ပထမပိုင်းတော့ ညီမတွေကလည်း ပွဲရုံလုပ်ငန်းမှာ အစ်ကိုကြီး ယောက်ျားသားရှိရင် ကောင်းတယ်ဆိုပြီး အလုပ်ထွက်ခိုင်းမလို့။ နောက်တော့ ကိုဘကောင်း ဒဏ်ကို မခံနိုင်ကြတော့ဘူး။

ပွဲရုံလာတဲ့ ကုန်သည်နဲ့ အရက်သောက် မူးရင် ရန်ဖြစ် အလုပ်သမားနဲ့ဖြစ် ညီမအကြီးနဲ့ ရန်ဖြစ် ညီမအငယ်နဲ့ ရန်ဖြစ် အမေ့ကို နှိပ်စက် အဘွားကို နှိပ်စက်။ အဲဒီလိုနဲ့ အချိန်တွေကုန်သွားတယ်။ ကိုဘကောင်း အဘွားဆုံးသွားတယ်။ ညီမတွေကလည်း ပွဲရုံလုပ်ငန်းကို မန္တလေးရွှေ့ သွားတယ်။ ကိုဘကောင်း ဒဏ်မခံနိုင်တဲ့ အမေက ကိုဘကောင်းကို အိမ်တစ်လုံးနဲ့ ပစ်ထားခဲ့ပြီး ညီမတွေနောက် လိုက်သွားတယ်။

အဲဒီမှာ ကိုဘကောင်းအရက်တွေ နေ့ရော ညရောသောက် သွေးတိုးရှိမှန်းလည်း ကိုယ့်ဘာသာကိုယ် မသိ။ ဘယ်သူမှ မသိဘဲ အိမ်ထဲမှာ သုံးရက်လောက်လဲနေပြီး ဒီအဆင့်ကို ရောက်လာတော့တာပဲ။ အခုဆိုရင် လူကောင်းတစ်ယောက်လောက် နီးနီး ကောင်းနေပြီ။ စကားမပြောနိုင်တာက လွဲပြီးပေါ့။ ငယ်ငယ်ကတည်းက ဂစ်တာအတီးကောင်း သီချင်းအဆိုကောင်းတဲ့ ကိုဘကောင်းကို ညီမတွေက နားကြပ်ကက်ဆက် ၀ယ်ပေးတယ်။ ကာရာအိုကေ ၀ယ်ပေးထားတယ်။ စက်ဖွင့်နည်း တစ်ခါပဲ သင်ရတယ်။ မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေတို့ အမေ့ရဲ့ ဒုက္ခအိုးလေးတို့ အော်တော့တာပဲ။ ကိုဘကောင်း ၀ဋ်ကြီးပုံများ ပြောပါတယ်။ ခင်မောင်တိုး သီချင်းများဆိုနေရင် မသိတဲ့လူက လူကောင်းပဲ ထင်တာ။

ပြောပြရင် အံ့သြတကြီးတွေ ဖြစ်လို့။ အကြောင်းသိ ဓာတ်သိတွေကတော့ `၀ဇီဗေဒ ထိတိုင်းရှ´ ဆိုတာ ဒါမျိုးနေမှာ။ အမေ အဘွားကို ခင်ဗျားချင်းထပ်အောင် အော်ခဲ့တာတွေလေလို့ မှတ်ချက်ချတတ်ကြတယ်။ သူပြောချင်တာလည်း ပြောမရဘူး။ သူလိုချင်တာလည်း တောင်းမရဘူး။ သူလုပ်ချင်တာလည်း တစ်ဖက်လူ နားလည်အောင် မပြောနိုင်ဘူး။ ဘယ်လက်နဲ့ စာရေးပြီး ပြောရအောင်လည်း စကားလုံးတွေ စာလုံးတွေကို သတိမရတော့ဘူး။ ပြောမရလေ ဒေါသအကြီးအကျယ် ထွက်လေပဲ။

အဲ… သူ သတိရတဲ့ အထဲမှာ မိဘဆိုတာ အစစအရာရာမှာ တာဝန်ရှိတဲ့သူ သားသမီးက ဖန်တီးခံဘ၀ မတတ်နိုင်ဘူး ဆိုတဲ့ အတွေးအခေါ်မျိုးကိုတော့ မှတ်မှတ်သားသားကြီးကို သတိရနေတာ။ ကျန်တာသာ မေ့ချင်မေ့မှာ။ လူကောင်း ပကတိ ဘ၀တုန်းကတောင် အမေကို တန်ဖိုးထားရမှန်း မသိတဲ့ ကိုဘကောင်းက လူမမာဘ၀မှာ ပိုဆိုးနေတော့တယ်။ စိတ်တိုင်းမကျတိုင်း အော်နေတော့တာပဲ။ ငြိမ်းချမ်းအေးမြလွန်းတဲ့ အမေက တစ်ခါတစ်ရံ စိတ်မရှည်လို့ ဆူပြီဆိုရင် ကိုဘကောင်းက ကောင်းတဲ့လက်နဲ့ ဗိုက်ရှေ့ကို ၀ိုက်ပြတယ်။ ပြီးတော့ လက်ကို ရှေ့တိုး တိုးပြတယ်။ ပါးစပ်ကလည်း…

`စေတော့… စေတော့… စေတော့… စေတော့… စေတော့´ ဆိုတာကို နိမ့်မြင့်တိုးကျယ် ရွတ်ပြတယ်။ သဘောကတော့ ဗိုက်တဖြည်းဖြည်း ကြီးလာတယ်ပေါ့။ ကောင်းတုန်းက ပြောခဲ့သလို

`မွေးထားရင် ကျွေးထားရမှာပဲ´ ပေါ့။ အခု ကိုဘကောင်း စကားမပြောနိုင် ကိုယ်တစ်ခြမ်းသေ လူစဉ်မမီ ဖြစ်နေတော့ကော နောင်တရမယ် ထင်သလား။ ကိုဘကောင်းကတော့ အေးဆေးပဲ။ အမေကဆေးကုပေး ထမင်း လက်ဖက်ရည် အချိန်မှန်ကျွေး ရေချိုးတာက အစ အမေပါမှ။

ညီမတွေကကော ဆေးကုလို့ ကုန်ကျစရိတ် မှန်သမျှ မညည်းမညူပေး ကိုဘကောင်း လေဖြတ်တဲ့ အဖြစ်မှာ ပင်ပန်းတာက အမေနဲ့ ညီမတွေ။ ဘယ်သူ့ကိုမှ မစာနာတဲ့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ အတ္တသမား ကိုဘကောင်းက အရက်သောက်တုန်း။ ဘယ်သူကမှ အရက်ဝယ်မပေးတော့ သူကိုယ်တိုင် ဘုံဆိုင်သွားတယ်။ ကောင်းတဲ့လက်နဲ့ မကောင်းတဲ့ ခြေလက်တွေကို စုန်ဆန်သပ်ပြပြီး….

`ကျွန်တော်…. ဆေး´ တဲ့။

ဘုံဆိုင်ပိုင်ရှင်ကလည်း သြော်.. ဆေးဖော်ဖို့ လာဝယ်တာပဲပေါ့လေ။ အဲသလို ဥာဏ်များတဲ့ ကိုဘကောင်းပါ။

အခုအချိန်မှာ ကိုဘကောင်း ခန္ဓကိုယ်က အရက်ကို လက်မခံတော့ဘူး။ ချက်ချင်းတုံ့ပြန်တာ။ သောက်ပြီးရင် မကြာဘူး တက်တာပဲ။ တက်ပြီဟေ့ဆိုရင် ရပ်နေရာက ဗိုင်းခနဲ လဲသွားတာ။ အဲလိုဖြစ်ပြီဆိုရင်လည်း ပြေးပေဦးတော့ ဆေးရုံကို။

မိုးကလေးများ အေးလာပြီဆိုရင် ဒါမှမဟုတ် အရက်သမား ပေါင်းဟောင်း သင်းဟောင်းကလေးတွေကများ အရက်သောက်ပြီး သတင်းမေး လာခဲ့ပြီဆိုရင် ကိုဘကောင်း ဖောက်ဖောက်လာတာပဲ။

`မင်းက ခွေးလိုကောင်၊ အနံ့ကလေး ရတာနဲ့ ပျာယာခတ်နေတော့တာ´ ဘယ်လိုပဲ နာအောင် ပြောပြော ကိုဘကောင်းက မမှုတော့ဘူး။

`လေဖြတ်တဲ့လူဆိုတာ သွေးကြောပိတ်လို့ ဖြတ်တာ။ သွေးလေညီညွတ်အောင် အရက်ကလေးနည်း နည်းဖြစ်ဖြစ် သောက်ပေး ရတယ်´
အဲဒီလိုများ အချွန်နဲ့ မတဲ့ လူမမာ သတင်းမေးတွေ လာပြီဆိုရင် မျက်လုံးကြီးပြူးလို့ `အေးအေး´ ဆိုပြီး ၀မ်းခေါင်းသံကြီးနြ့ ၀မ်းသာအားရ ထောက်ခံတော့တာပဲ။
မိုးတွေရွာတဲ့ တစ်နေ့ ရာသီဥတုကလည်း ကိုဘကောင်းဘက် ပါတဲ့နေ့မျိုးပေါ့။ ညနေပိုင်းလောက်ကတည်းက သောက်တဲ့အရက် ညဦးပိုင်းအထိ မနားတမ်းပဲ။

ဘုရားရှိခိုးနေတဲ့ အမေကို ခေါ်ပြီး အရက်နဲ့ မြည်းသေးတာ။ ကောင်းတဲ့ လက်တစ်ဖက်နဲ့ ဗိုက်ရှေ့ဝိုင်းပြ အမေ့မျက်နှာရှေ့ လက်ညှိုးတထောင်ထောင်နဲ့ ပါးစပ်ကလည်း ထုံးစံအတိုင်း `စေတော့… စေတော့… စေတော့… စေတော့… စေတော့´ ပေါ့။

အမေမွေးလာလို့ သူ ဒုက္ခရောက်ရတယ်ပေါ့လေ။

သူသောက်လို့ ၀တော့ အိပ်ရာထဲဝင် အမေက စောင်ခြုံ ခြင်ထောင်ချ မီးမှိတ်ပေးပြီးမှ သူ့အခန်းထဲ က ပြန်ထွက်လာခဲ့တယ်။
အမေသိတာ ဒါပဲ။
မနက်မိုးလင်းတော့ မိုးကလည်း သည်းကြီးမည်းကြီး ရွာတုန်း။ ခြံထောင့် အိမ်သာရှေ့မှာ ကွေးကွေးကလေး လဲနေတဲ့ ကိုဘကောင်းကို တွေ့ရတော့တာပဲ။ လက်တွေကလည်း ကောက်ကွေးတွန့်လိမ်လို့။ ပါးစပ်က အမြှုပ်တွေ ထနေလိုက်တာ မြင်မကောင်း၊ ရှုမကောင်း။ အသားတွေ အေးစက်နေတဲ့ ကိုဘကောင်းကို ဆေးရုံအမြန် ပို့လိုက်ကြတယ်။
အခုတော့ မွေးမေကျေးဇူး ဆပ်ဖူးချင်တယ်လေလို့လည်း မအော်နိုင်တော့ဘူး။ ဗိုက်ရှေ့လည်း လက်နဲ့ ၀ိုင်းဝိုင်း မပြနိုင်တော့ဘူး။
`မင်းငယ်ငယ်တုန်းက အမေမြှူလို့များ မင်းက ရယ်ရယ်ပြရင် အမေ့မှာ ၀မ်းသာလွန်းလို့၊ ပျော်လွန်းလို့၊ မင်းမျက်နှာပဲ ထိုင်ထိုင်ကြည့်နေမိတယ်။ အချိန်ကုန်လို့ ကုန်မှန်း မသိဘူး။ မင်းအဘွားကဆို `မခင်အေး ရူးပုံကတော့ လွန်ပါတယ်´ နဲ့ ခဏ ခဏပြောတာ။ သုံးလသားလောက်နဲ့ သိတတ်လွန်းလို့ လူဝင်စားလား ထင်ခဲ့မိတယ်။
အမေကများ `ဘယ်သူလဲ ဘယ်ကလာသလဲ´ မေးရင် မင်းက ပြန်ပြီး ၀ူးဝါးနဲ့ ပြောသေးတာ။
အခုအမေမေးရင် မင်းမဖြေနိုင်တော့ဘူး။ `ဘယ်သွားမလဲ အခု မင်းဘယ်သွားမလဲ ဖြေပါဦး သားကြီးရယ်´ အမေကတော့ `ဘယ်သွားမလဲ´ လို့ တတွတ်တွတ်မေးရင်း သားအလိမ္မာတုံးကြီးအတွက် ငိုလို့ကောင်းတုန်းပေါ့။
………
အဖြူရောင် 
ရွှေအမြုတေမဂ္ဂဇင်း အောက်တိုဘာ ၂၀၀၇

2 comments:

  1. how to read? very lousy background

    ReplyDelete
  2. အမေကိုစော်ကားတဲ့ သားတစ်ယောက်ရဲ့လမ်း... အဆုံးသတ်မှာ ဘယ်သွားမလဲဆိုတာ ရှင်းနေအောင် အစအဆုံး ဆွဲခေါ်သွားတယ်.. ကောင်းလိုက်တဲ့လက်ရာလေး အမအဖြူရောင်ရေ.. :)

    ခင်မင်လျက်
    Junemoe

    ReplyDelete