Sunday 25 September 2011

မီးသတ်ပွဲ


(၁)

`ရေနံတွင်း မီးလောင်လို့´ ဆိုတဲ့စကား အုတ်ဖို၊ ၀ဲလောင်၊ ရှောက်ပင်၊ တဲယာ…. ရွာစဉ်တစ်လျှောက် ဟိုးဟိုးကျော်နေပြီ။ မြောက်လေနဲ့ပါလာတဲ့ စကားသံတွေက တောင်လေနဲ့အတူ…. တောင်လေနဲ့အတူ ပါလာတဲ့ စကားသံတွေက မြောက်လေနဲ့အတူ… အဲလို……… အဲလို ပျံ့နှံ့နေလိုက်တာ ရေနံချောင်းက ရေနံတွင်းမီးလောင်တဲ့ သတင်းက ကျုပ်တို့ တောင်သာနယ်၊ အုတ်ဖိုရွာအထိ ရောက်လာတော့တာပဲ။

ကျုပ်တို့ရွာတင်ပဲလား…. တစ်နယ်လုံးလားတော့ မပြောတတ်ဘူး။ သတင်းကြားတာနဲ့တင် အလုပ်ပျက် အကိုင်ပျက် စိတ်ဝင်စားနေလိုက်ကြတာ..။ ထန်းတောထဲက ထန်းပင်အောက်လည်း ဒီစကား ဒီအကြောင်း၊ ဆင်တဲဝချောင်းထဲက စိုက်ခင်းတွေပေါ်လည်း ဒီစကား.. ဒီအကြောင်း၊ ယာခင်းထဲတွေမှာလည်း ဒီစကား ဒီအကြောင်း၊ ချောင်းထဲက လက်ယက်တွင်းတွေမှာလည်း ဒီစကား ဒီအကြောင်း၊ ကုန်ကုန်ပြောရရင် အုတ်ဖို၊ ရှောက်ပင်၊ တဲယာ ရွာသုံးရွာက ဘုန်းကြီးကျောင်းတွေပါ စုရပ်ဖြစ်ကုန်ရော…

သံဃာ၊ ဗိုလ်ပါအကုန် စိတ်ဝင်စားမယ် ဆိုတာလည်း စိတ်ဝင်စားစရာပဲလေ…။ အင်္ဂလိပ်မင်းများကိုယ်တိုင်က ရေနံတွင်း `မီးငြှိမ်းနိုင်တဲ့သူကို ဆုပေးမယ် မီးငြှိမ်းနိုင်သူမျာ ကြွရောက်ကြပါ´ ကြေညာထားတာကိုး။

(၂)

သတင်းကြားနာသူ တောသူတောင်သားတို့ရဲ့ သဘာဝ……… သတင်းကို နားစွင့်မယ်၊ မသေချာဘူးထင်ရင် ပိုသိတဲ့လူကို လက်တို့မေးမယ်။ ဖောက်သည်ချမယ်။ ဒီထက် ပိုကဲလာရင် ကိုယ်ထင်ရာ မြင်ရာ ဆုပ်ကိုင်ပြီး စုံကန်ငြင်းကြမယ်။ ဒီလောက်ပဲ မှုတ်လား ကြာလှ… တစ်ရက် နှစ်ရက်ပေါ့။ 

ဒီလောက်နဲ့ မကတဲ့သူက ကိုရင်တိုက်စည်း။ ကိုရင်တိုက်စည်းက နားထောင်ရုံ၊ ပြန်ဖောက်သည်ချရုံ၊ ငြင်းရုံနဲ့ ကျေနပ်တဲ့ လူစားမဟုတ်ဘူး။ ဒီပြဿနာကို အဖြေရှာမယ်ဆိုပြီး အဖြေရှာတော့တာပဲ။ နဂိုကတည်းက `လက်ညှိုးထောင်.. ခေါင်းညိတ်… ဟုတ်ကဲ့…. ထောက်ခံ´ လူစားတွေထက် နှာတစ်ဖျားမက သာတဲ့လူဆိုတော့လည်း သတင်းပေးရုံ သတင်းယူရုံနဲ့ အားမရတော့ဘူး… ကိုယ်တိုင် ၀င်လှုပ်ရှားချင်တော့တာပေါ့။

တစ်ခါတုန်းက ရွာထဲကို အင်္ဂလိပ်တွေရယ်…….. စကားပြန်လုပ်တဲ့သူရယ် လာကြပါရောလား။ အဲဒီတုန်းက ကိုရင်တိုက်စည်းက ကိုရင်ဝတ်ကြီးနဲ့ပေါ့။ ဟိုးရှေးရှေးဇာတ်က ဘုရားတွေ အကြောင်း သိချင်ကြလို့တဲ့။ ကျောင်းသားလေး လွှတ်ခေါ်ခိုင်းလို့ သူကြီးနဲ့ ရွာထဲက သက်ကြီးရွယ်အိုတွေ ဘုန်းကြီးကြောင်းလိုက်သွားကြတယ်။ ဟိုရောက်တော့ အင်္ဂလိပ်တွေက စက္ကူချပ်အကြီးကြီးကို ဖြန့်ကြည့်လို့… ဘေးမှာက ဆရာတော်ရယ်၊ ဆရာတော်ရဲ့ လက်စွဲ ကိုရင်တိုက်စည်းရယ်ပေါ့။ သူကြီးတို့အဖွဲ့လည်း ရောက်ရော အင်္ဂလိပ်ကြီးက စက္ကူချပ်ကြီးထဲ လက်ညှိုးနဲ့ ထောက်… ထောက်ပြီး အသံသြသြကြီးနဲ့…
`မောင်မင်းတို့ရွာကလေး ဒီမှာ ရှိတာကို ဒီမရောက်ခင် အင်္ဂလန်မှာကတည်းက ကြိုသိတယ်´ တဲ့။

အင်္ဂလိပ်ကြီးရဲ့ လျှာလိပ်အာလိပ် မြန်မာစကားပြောသံကို အထူးအဆန်းဖြစ်နေတဲ့ ရွာသားတွေ ငြိမ်နေတုန်း ကိုရင်တိုက်စည်းက …

`ကျုပ်တို့ကလည်း ဒကာကြီးတို့နဲ့ ဒီလိုနေရာ ဒီလိုအချိန်မှာ ဒီလိုတွေ့ရမယ်ဆိုတာကို ဟိုးအရင်ကတည်းက သိတယ်´

အင်္ဂလိပ်ကြီးက မျက်လုံးပြူးသွားပြီး တဟားဟား အော်ရယ်ပါလေရော။ ပြီးတော့ သူနဲ့ ပါလာတဲ့သူတွေကို ဘာပြောတယ် မသိဘူး အားလုံးဝိုင်းရယ်ကြပြီးမှ စကားပြန်က

`မဟုတ်ဘူးဗျ မင်းကြီးက မြေပုံထဲမှာ ခင်ဗျားတို့ရွာ ပေါ်နေတယ်… မြေပုံကိုကြည့်ပြီး ဒီကိုလာတာ… ဒီဘုရားကြီးနဲ့ ပတ်သက်တာ ခင်ဗျားတို့ သိသမျှ ပြောပြပါလို့ ပြောချင်တာ´

ဆိုတော့မှ ကိုရင်တိုက်စည်း ငြိမ်ကျသွားတာ၊ ရွာထဲမှာတော့ စကားအတင် မခံတတ်တဲ့ ကိုရင်တိုက်စည်း အကြောင်းက ရယ်စရာကို ဖြစ်လို့ပေါ့။

ကိုရင်တိုက်စည်းက ကိုရင်လူထွက်ပီပီ နှံ့စပ်တယ်။ ရွာဦးကျောင်းက ဆရာတော်နဲ့ မန်းလေး(မန္တလေး)ထိ ရောက်ထူးတာကိုက ရွာထဲက လူတွေထက် ပိုသာတယ် ပြောရမှာပေါ့။ တောရွာသဘာဝ သွားရေးလာရေး ခက်ခဲကြတာ တောင်သာမြို့ပေါ်တောင် ဟုတ်ဟုတ်ငြားငြား မရောက်ဖူးကြတဲ့ တောရွာမှာ မန်းလေးထိ ရောက်ဖူးတဲ့ ကိုရင်တိုက်စည်းက လူစွာဖြစ်နေတာပေါ့… နောက် ကိုရင်တိုက်စည်းက အပြောကောင်း၊ အဟောကောင်း၊ ဥပမာ. ဥပမေယျကလေးတွေနဲ့များ ပြောလိုက်ရင် ကျုပ်တို့တောရွာကလေးက လူတွေမှာ မဟုတ်နိုးနိုး ဟုတ်နိုးနိုး ယောင်ပေါင် ခေါင်းညိတ်ရတော့တာ။ အခုလည်း ကြည့်လေ…

`ဒီမယ်ကိုရင်တို့ ရေနံတွန်း(တွင်း)ဆိုတော့ ရွာလယ်ဘကြီးခက် ရေတွန်းထက်တော့ သေး မဖြစ်ဘူး… အဲဒီတော့ ငတို့ လူအင်အား များများတောင်းမှ ရမယ်၊ လူအားနဲ့ဆို ရမှာပဲ… အဓိကက လူညီပြီး ကိုယ့်တောင်မြောက် ကိုယ်တည့်ဖို့ လိုတာပဲ… ကိုရင်တို့ ကျုပ်စကားသာ နားထောင် ကျုပ်အကြံအောင်စေရမယ်… အကြံများအောင်လိုက်လို့ကတော့ မန်းလေးက မဟာမုနိဖူးပြီးမှ ရွာပြန်မယ်၊ ကိုရင်တို့အားလုံး မန်းလေးမှာ ဘုရားဖူး အင်္ဂလိပ်မင်းပေးတဲ့ ဆုငွေနဲ့ နွားဝယ်မလား… လှည်ယဉ်ကျော့ ၀ယ်ဦးမလား လိုချင်တာအားလုံး ရမှာပဲ´

ကျုပ်တို့ အုပ်ဖိုရွာက ဆင်တဲဝချောင်းဘေးတင်၊ ရွာထဲက လူတော်တော်များများ နွေတွင်း၊ ဆောင်းတွင်းမှာ ဆင်တဲဝ ချောင်းသဲပြင်ကြီးကို လက်ကလေးနဲ့ ဘေးကော်ယက်ပြီး ထွက်လာတဲ့ ရေကြည်လာအောင် ခဏထား… အဲဒီရေကိုမှ သောက်ကြတာလေ။ မန်ကျည်းပင်ရိပ်ကြီးနဲ့ ရွာလယ်က ဘကြီးခက်တွင်းက ယောက်ျားကြီး တစ်လံမက ကျယ်တယ်… နွေလယ်ခေါင်ဖျားဆို စိမ့်အေးနေတာပဲပေါ့… ဒါပေမယ့် ဘယ်ရွာသားကမှ ဘကြီးခက်တွင်းက မငင်ဘူး။ မိရိုးဖလာ ဓလေ့ ချောင်းထဲပြေး ကိုယ်တိုင် ယက်ကော်ပြီးမှ ရတဲ့ရေပဲ သောက်ကြတာကိုး။

တွင်းကျယ်ကျယ် နက်နက်ဆိုလို့ ရွာလယ် ရေတွင်းလောက်ပဲ မြင်ဖူးတဲ့ ကျုပ်တို့ရွာသားတွေမှာ ရေနံတွင်းဆိုတာ ကိုရင်တိုက်စည်းပြောသလိုပဲ ဘကြီးခက် တွင်းလောက်လား ဒီထက်ကျယ်သလား ဘာမှကို မသိတာ မစဉ်းစားတတ်တာ။

`မီးကိုနိုင်တာ ရေပဲ။ ဒါ လူတကာ သိမှတော့ အင်္ဂလိပ်မင်းများလည်း သိမှာပဲ ဒါပေသိ ရေနံဆိုတာ ဒီလောက်ပူတာ ရေနံထွက်တဲ့ နေရာမှာဆိုတော့ ရေရှားရောပေါ့။ ဒါကြောင့် အင်္ဂလိပ်မင်းများလည်း မနိုင်တော့တာနေမှာ ကျုပ်စဉ်းစားတာကတော့ ရေနံတွင်းကြီးလည်း ပိတ်မှ မီးကိုနိုင်မှာ…

ဒီတော့ တွင်းပိတ်သွားအောင် ရေချည်းပဲမသုံးဘဲ ရေနဲ့ရွှံ့ရောပြီး ရွှံ့လုံးတွေကို ကိုင်ပစ်ပေါက်လိုက်ရင် ပြီးကရောပေါ့ ဟုတ်ဖူးလား ကိုရင်တို့ရာ´

`ကိုရင်ပြောတာတော့ ဟုတ်ပါပြီ… လူက အတော်လိုမှာ´

`အိုး… ကိုရင့်နှယ် အင်္ဂလိပ်မင်းများဆီက တောင်းမှာပေါ့ နော ကိုရင်တိုက်စည်း´

`လူတွေ တစ်ပြိုင်တည်း ပစ်နိုင်ဖို့လည်း လိုမှာ´

`လူဘယ်နှယောက်လောက် လိုသလဲ´

`ရွှံ့က လေးတော့ ထန်းသီးလောက် ကိုင်မှ ဝေးဝေးပြေးမှာ´

`ကိုရင်ရာ ယောက်ျားတွေချည်းပဲဟာ သပိတ်လုံးလောက်တော့ ကိုင်မှာပေါ့´

`ဟ… သန်ချင်သလောက် သန်ပစေ၊ သပိတ်လုံး ရွှံ့အလကား ဝေးဝေးပစ်နိုင်ပါ့မလား… အုန်းသီးလောက်ဆို ဟုတ်သေး´

ကိုရင်တိုက်စည်း ဖောက်လိုက်တဲ့ လမ်းပေါ်မှာ စိတ်ဝင်စားလာတဲ့ ရွာသားတွေအသံက ကျွက်ကျွက်ကို ညံလို့ပေါ့။ နောက်တော့ ရွာဦးကျောင်း ဆရာတော်ပါ ပါလာပြီး မသွားခင် ကန်တော့ပွဲတင်ဖို့ နယ်ရှင် ပယ်ရှင်တွေကို အရိုအသေပေးဖို့ပါ သတိပေးသွားလေရဲ့။

တကယ်တမ်းဆုံးဖြတ်ချက်ချတဲ့အခါ ယာသမား၊ ထန်းသမားတွေက လုပ်လက်စတွေနဲ့ လိုက်လို့မဖြစ်၊ မီးဆိုတာကလည်း အချိန်စောင့်လို့မရဆိုတော့ ကိုရင်တိုက်စည်းနဲ့ စိတ်တူကိုယ်တူ (၅)ယောက်က ရေနံချောင်းသွား အစိုးရမင်းများကို တွေ့ပြီး မီးငြှိမ်းဖို့ လူတစ်ထောင်တောင်းမယ်… အဲဒီလူတွေကို ကိုရင်တိုက်စည်းတို့အဖွဲ့က သေချာသင်ပြပေးမယ်ပေါ့။ အုန်းသီးလုံးလောက် ရွှံ့လုံးတွေကိုင်ပြီး လူတစ်ထောင်အားနဲ့ ပစ်ပေါက်ငြှိမ်းလိုက်ရင် ဘယ်မီးက ခံနိုင်လိမ့်မတုန်းပေါ့လေ။

တစ်သုတ် လူတစ်ရာဆိုရင် နည်းမလား… လူနှစ်ရာဆိုရင် များမလား… တစ်သုတ်ပြီး တစ်သုတ်၊ ပထမအသုတ်က ပစ်ပြီး ဖွင့်ထားတဲ့လမ်းက အမြန်ပြေး… နောက်တစ်သုတ်က အပြေးတက်၊ အမြန်ပစ်၊ အပြေးဆင်း၊ အဲလို… အဲလိုနဲ့ စီစဉ်အကွက်ချလို့ တက်ကြွလို့ပေါ့။ တစ်ယောက်တစ်ပေါက် စည်းဝေးလိုက်ကြတာ အရင်က မတည့်တဲ့ လူအချင်းချင်းတောင် မတည့်တာမေ့ပြီး သဘောတွေညီလို့.. တစ်ရွာလုံး တက်ကြွညီညာလို့ပေါ့။

အဲဒီလိုနဲ့ မနက်လင်းရင် နယ်တော်ရှင်၊ ရွာတော်ရှင်တွေကို ဦးတိုက်ဖို့နဲ့ ကိုရင်တိုက်စည်းတို့ သွားဖို့ တာဝန်ကိုယ်စီခွဲပြီး လူစုကွဲသွားကြတယ်။

(၃)

မိုးမလင်းခင်… ပြောရမယ်ဆိုရင် ညလုံးပေါက်လိုလိုပါပဲ၊ ကောက်ညှင်းပေါင်းတဲ့သူက ပေါင်း၊ ကန်တော့ပွဲ ပြင်တဲ့သူက ပြင်၊ အကြော်ကြော်တဲ့သူက ကြော်လို့၊ လက်တွေ့မှာ မလိုက်နိုင်တောင် သဒ္ဒါတရားထက်သန်တဲ့ တောသူတောင်သားတို့ သဘာဝရယ်… အင်္ဂလိပ်မင်းများရဲ့ ဆုငွေတွေကို မျှော်ကိုးပြီးတော့ရယ် ဒါမှမဟုတ်ဘဲ အပြန်လက်ဆောင် ပါလေနိုးနဲ့ ပို့တဲ့လူတွေရဲ့ မုန့်တွေက ကိုရင်တိုက်စည်း တစ်အိမ်လုံး ကြိုင်လှောက်နေတော့တယ်။ ကာယကံရှင် မိသားစုတွေကလည်း ယူသွားမယ့် ပစ္စည်းတွေ ထည့်သိုရင်း မှာတမ်းခြွေလို့မပြီး။

ရောင်နီလာတာနဲ့ အားလုံး ပြင်ဆင်ပြီးသား၊ ကိုရင်တိုက်စည်းအိမ်မှာ ကလေးလူကြီး ဒင်းကြမ်းပြည့်လို့။ ပွဲပြင်ထားတာတွေ ကြည့်လိုက် အချင်းချင်း စကားပြောလိုက်၊ ကလေးတွေက ငိုလိုက်နဲ့ ကိုရင်တိုက်စည်းအိမ်မှာ မကြုံစဖူး အဖြစ်ထူးပေါ့။

အိမ်ထဲက ကိုရင်တိုက်စည်းတို့အဖွဲ့ ဆင်းလာတာလည်း မြင်ရော အားလုံးငြိမ်ကျသွားတာပဲ။ ကိုရင်တိုက်စည်းက ခေါင်းဆောင်ပီပီ ဟန်ပါပါ ဘုရားပွဲအရင်ကန်တော့လိုက်တယ်… နောက် ကန်တော့ပွဲတစ်ခုရှေ့မှာ ထိုင်ချ လက်အုပ်ချီပြီး ချောင်းဟန့်လိုက်သေးတာ… ပြီးမှ ကျကျနန ဦးသုံးကြိမ်ချပြီး

`အရှေ့ နေထွက်၊ အနောက်နေ၀င်၊ တောင်တံငါ့ကွန်၊ မြောက် ဓူဝံ… နယ်စွန်သတ်မှတ် လေးရပ်အတွင်း မှီတင်းနေထိုင်ကြကုန်သော နတ်မြတ်နတ်ကောင်း နတ်အပေါင်းတို့ ကျွန်တော်မျိုးတို့ မီးသတ်ပွဲကြီးကို ကူညီဝိုင်းလို့ မှိုင်းမတော်မူကြပါ´

အချိန်လုပြီး လုပ်နေရတဲ့သူပီပီ တိုတိုတုတ်တုတ် ဆုတောင်းအပြီး ဦးသုံးကြိမ်ချ နောက်ပရိသတ်ကို နှုတ်ဆက်တော့ ပရိသတ်ကြီးကလည်း တစ်ယောက်တစ်ပေါက်မှာလို့ကို မဆုံးနိုင်ဘူး။

ကိုရင်တိုက်စည်းတို့ ၀ိုင်းပေါက်ကထွက်မှ ကပ္ပိယကြီးက အပြေးအလွှားလိုက်လာပြီး ရွာဦးကျောင်းမှာ ပူဇော်ဖို့ မန်းလေးဘုရားကြီးမှာ ဆင်းတုတစ်ဆူ ကြည့်ခဲ့ပါဦးတဲ့။ ကိုရင်တိုက်စည်းခမျာ အထူးတလည်ကို မျက်နှာပွင့်လို့။
ရွာသားတွေကလည်း လက်တပြပြနဲ့ ကျန်ရစ်ခဲ့တာပေါ့။

(၄)

ရေနံတွင်း သတင်းကြားပြီးကတည်းက သတင်းဖလှယ်ကြ၊ သတင်းလက်ဆင့်ကမ်းကြ၊ ကိုရင်တိုက်စည်းတို့နဲ့အတူ `နတ်ကရာကြည့်မော´ လုပ်လိုက်ကြနဲ့ အုတ်ဖို ရွာကလေးဟာ ကိုရင်တိုက်စည်းတို့ သွားပြန်တော့လည်း တိုင်ပင်လို့မပြီး၊ ထင်ကြေးပေးလို့ မပြီး… နောက်ရက်ကျမှပဲ အကင်းသေတယ် ပြောရမယ်။
အခုမှ ပုံမှန်လုပ်လက်စတွေ နွားငေါက်သံ၊ ထန်းပင်ပေါ်က သီချင်းဟစ်သံ၊ ထန်းရည် မူးသံတွေ၊ ရက်ကန်းခတ်သံတွေနဲ့ ရပ်သံရွာသံ ပြန်ပေါက်လာတော့တယ်။

အဲလို ပုံမှန်လည်ပတ်နေတုန်းမှာပဲ ကိုရင်တိုက်စည်းတို့အဖွဲ့က ပုံမမှန်တဲ့ ပုံသဏ္ဍာန်တွေနဲ့ ရွာထဲ ၀င်လာပါတော့တယ်။တစ်ယောက်က စလို့ ဗျိုးဟစ်လိုက်သံတွေအောက်မှာ ကိုရင်တိုက်စည်းခေါင်းက ခါတိုင်းထက် ပိုငုံ့ကိုင်းနေသလိုပဲ…။

ပြန်ပြောပြနေတဲ့ သွားတူလာဖက် ရဲဘော်တွေကြားထဲမှာ ကိုရင်တိုက်စည်း မှိုင်တွေချနေရင်းက..

`အုန်းသီးလုံးလောက် ရွှံ့တုံးနဲ့ပေါက်ပြီး မီးငြှိမ်းဖို့ နေနေသာသာ… ရေနံတွန်း မီးလောင်တယ်ဆိုတာ ဆရာတော်ပြောတဲ့ ငရဲခန်းဆိုတာမျိုးနေမှာ ငရဲသားတွေ ရှိ မရှိ သေချာကြည့်ဦးမလို့.. ဒါပေမယ့် ကြည့်ဖို့ ဝေးလို့ အနားတောင် မကပ်နိုင်ဘူး တိုင်ဝက်လောက်က ကြည့်ပြီး ပြန်ခဲ့ရတယ်…´

ကိုရင်တိုက်စည်းအပြော အဆုံးမှာ ငေးကြောင်နေကြတဲ့ ရွာသားတွေ အသက်မဲ့သွားလိုက်ကြတာ သက်ပြင်းရှိုက်သံတောင် မကြားရဘူး။ သူတို့ရဲ့ မျက်ဝန်းတွေကတော့ ဆုံးရှုံးသွားတဲ့ အိပ်မက်တွေနဲ့ ရီဝေညှိုးမှိန်လို့ပေါ့…။

…….
အဖြူရောင်(ရွှေ)
ကလျာ အောက်တိုဘာ ၂၀၀၉

No comments:

Post a Comment