Saturday, 8 September 2012

အိမ်ရှည်ကြီးရဲ့ နောက်ဆုံးတစ်ခန်း



ကိုကျော်ခေါင်က စက်ခေါင်း။ စက်ခေါင်းဆိုတာ 'စက်' အဖွဲ့ရဲ့ခေါင်းဆောင်ပေါ့။ စက်ဆိုတာက နာမည်မျိုးစုံ၊ တံဆိပ်မျိုးစုံရှိတဲ့ အုတ်စက်ပေါင်းများစွာထဲက ဗဗဗ ဆိုတဲ့အုတ်စက်ကိုပြောတာ။
ကိုကျော်ခေါင်က အသားညိုညို ထောင်ထောင်မောင်းမောင်း။သူ့မျက်နှာက ရုပ်ရှင်မင်းသားရှုံးအောင် ရုပ်ပြောင်းရုပ်လွဲရ တဲ့မျက်နှာမျိုး။ သူ့အလုပ်က ရှင်းရှင်းပြောရရင် ၀ါရှာသဘော။ ကြားလူပေါ့။ သူ့အထက်မှာ ဒီအုတ်စက်ကိုပိုင်တဲ့သူဌေးရှိတယ်။ အဲဒီသူဌေးကို သူတို့အုတ်စက်အခေါ်က 'သူကြီး' တဲ့။ ကိုကျော်ခေါင်ရဲ့လက်အောက်မှာ ခေါင်းထောက်လို့ လုပ်ငန်းသဘော ခေါ်တဲ့ လက်ထောက်ခေါင်းဆောင်တစ်ယောက်ရယ်၊ ကြီးလတ် ကျားမအရွယ်စုံအလုပ်သမားတွေရယ်ရှိတယ်။
ဒီတော့ကာ ကိုကျော်ခေါင်က သူကြီးနဲ့ သူ့အထက်လူကြီးမှန်သမျှကို ပြုံးပြုံးကလေးဆက်ဆံတယ်။ သူ့အပြုံးက နှစ်လို ဖွယ်ကောင်းတယ်။ သူ့အပြောတွေက ခိုင်မာတယ်။ သူပြုံးပြုံးကြီးလုပ်ပြီး အားရပါးရ ကတိပေးလိုက်တဲ့အခါများ အလုပ်အပ်တဲ့ လူစိတ်ထဲ တစ်ခါတည်း တက်ကြွလန်းဆန်းပြီး အားကိုးယုံကြည်စိတ်တွေ တဖွားဖွားပေါ်လာတော့တာကိုး။ အဲသလောက်အပြော ကောင်းတဲ့လူ။
တကယ့်ကို အလုပ်ကိုအင်တိုက်အားတိုက်လုပပြီုး အလုပ်ရှင်အပေါ် သစ္စာရှိတယ်။ ကတိပျက်မခံဘူး။ အလုပ်ကြွေးမထားဘူး။ နောက် သူ့အလုပ်အပေါ် နိုင်နင်းတယ်။ ကျွမ်းကျင်တယ်။ စက်ခေါင်းတစ်ယောက်ဖြစ်သင့်ဖြစ်ထိုက်တဲ့အရည်အချင်းတွေ အပြည့်အ၀ရှိတယ်။ အုတ်သူကြီးလောကမှာ နာမည်ကောင်းလက်မှတ်တွေနဲ့ အားကိုးစိတ်ချရတဲ့တပည့်ကောင်းပေါ့။
စက်ခေါင်းလောကမှာတော့ကော ကျော်ခေါင်ဆိုတာ ကိုယ့်ရဲ့ရပိုင်ခွင့်ကို ရအောင်ယူတတ်သူ။ ကိုယ့်အဆင့်နဲ့ညီမျှတဲ့ အခွင့်အရေးကို သူကြီးဆီက ရအောင်တောင်းတတ်သူ၊ ကိုယ့်တန်ဖိုးကို ကိုယ့်ဘာသာ ရဲရဲတင်းတင်းကြေးဖြတ်တတ်သူ၊ စက်ခေါင်းတွေရဲ့ ရှေ့ဆောင်လမ်းပြ တကယ့်ဝါရင့်စက်ခေါင်းပေါ့။
''သူကြီး ကျွန်တော် ဒီနှစ်ဆောင်းအတွက် ကြိုတင်ငွေ (၅) သိန်းလိုချင်တယ်။ တောင်ပြုန်းပွဲမှာ (၂) သိန်းယူမယ်။ နောက် နှစ်ရစ်ကတော့ ထုံးစံအတိုင်းပေါ့နော''
''မင်းကြိုက်တဲ့အချိန်လာယူ''
ဒါက ကိုကျော်ခေါင်ရဲ့ တန်ဖိုးသိတဲ့သူကြီးတွေရဲ့ ယုံယုံရဲရဲစကား။ အုတ်လောကမှာ တခြားစက်ခေါင်းတွေ အများကြီး ရှိတယ်။ အရည်အချင်းကိုလိုက်ပြီး ကြိုတင်ငွေ (၃) သိန်းရတဲ့လူ၊ (၂) သိန်းရတဲ့လူလည်း ရှိတယ်။
နောက် အုတ်လောကမှာ အလုပ်သမားထွက်ပြေးတယ်ဆိုတာ ဆန်းတဲ့ပြဿနာမဟုတ်ဘူး။ အုတ်သူကြီးလုပ်မယ်လို့ ဆုံးဖြတ်ရင် ဒီဒဏ်ကိုခံနိုင်ရည်ရှိဖို့ပြင်ထားရတယ်။ အလုပ်သမားထွက်မပြေးတဲ့ မဆုံးရှုံးတဲ့သူကြီးမရှိဘူး။ အနည်းနဲ့ အများ တော့ ခံကြရတာပဲ။
ဒီလောက,ကလည်း ခက်တော့ခက်သား။ ငွေကိုကြိုပေးရတယ်။ ငွေကြိုမပေးရင် အလုပ်သမားမရတော့ဘူး။ အလုပ် သမားတွေကလည်း ကြိုယူတယ်။ စက်ခေါင်းဆီကတစ်ဆင့်ယူတာပေါ့။ တကယ့်အလုပ်ချိန်လုပ်ငန်းရာသီလည်း ရောက်ရော လုပ်ငန်းမလုပ်တော့ဘဲ ထွက်ပြေးရော။ ဒါတွေကို စက်ခေါင်းကခံရတာကိုး။
ဒီတော့ အုတ်သူကြီးက ဘာစိတ်ပူစရာလိုလဲ။ ကြိုတင်ငွေထုတ်ပေးထားတာက စက်ခေါင်းကိုပေးတာ။ စက်ခေါင်း လက်မှတ်ထိုးနဲ့ အလုပ်သမားပြေးတာ သူ့တာဝန်။ သူကြီးဆိုတာ နေသာသပ လေညှာက။ ထုံးစံအတိုင်းဆိုရင်တော့ ဟုတ်တာပေါ့။ ဒါပေမယ့် စက်ခေါင်းဆိုတာ အလုပ်သမားပဲ။ ဒီလောက်များတဲ့ငွေကို သူဘယ်လိုစိုက်ဆပ်မလဲ။ နောက် ...မိုးလွတ်လေလွတ် ရာသီကိုမှီပြီးလုပ်ရတဲ့လုပ်ငန်းတစ်ခုမှ ရာသီချိန်အတွင်း အလုပ်သမားထပ်ရရေးတွေက သူကြီးနဲ့သွယ်ဝိုက်သက်ဆိုင်တဲ့ ပြဿနာတွေပေါ့။ အလုပ်သမားမရှိတဲ့နောက် ကိုယ်လိုချင်တဲ့အုတ်အရေအတွက် ဘယ်ရနိုင်တော့မလဲ။ အကျိုးဆက်က ကိုယ် လက်ခံထားတဲ့အော်ဒါတွေမအပ်နိုင်။ ကိုယ့ှ်ငအန အပိုင်က လက်လွှတ်ပြီး ကိုယ့်ပြိုင်ဘက်ဆီရောက်ရော။
စက်ခေါင်းဘက်ကကြည့်ပြန်တော့လည်း မတစ်ထောင်သားတွေကို ဘယ်လိုလုပ်ထိန်းနိုင်မလဲ။ လက်နဲ့ထိန်း၊ တုတ်နဲ့ ထိန်း၊ ရဲနဲ့ထိန်း။ ဒါပေမယ့် ထွက်ပြေးကြတာပဲ။ ကိုယ်မစားရတဲ့ပိုက်ဆံ ကိုယ်ကစိုက်ဆပ်ရမယ်ဆိုတော့ 'ငါလည်းသူတို့နောက် လိုက်တာကောင်းပါတယ်' ဖြစ်ကုန်ရော။ ကဲ ...စက်ခေါင်းပါထွက်ပြေးမှတော့ အဲဒီအုတ်စက်ပျက်ရုံပဲကျန်တော့တာပေါ့။
'လူလိမ် လူရှုပ် အုတ်သမားအလုပ်' တဲ့။ ဒီလိုစာချိုးတာမျိုး ကိုကျော်ခေါင်က မခံနိုင်ဘူး။ ကိုယ်ကလည်း ကိုယ့်တန်တာ တန်ကြေး ကိုယ်ကြေးဖြတ်ထားတာ။ ဒီလိုမျိုးနဲ့ နာမည်ပျက်မခံနိုင်ဘူး။ ဘယ်နေရာမှာလုပ်လုပ် ဘာကိုပဲလုပ်လုပ် အဓိကကတော့ ကိုယ့်လုပ်အားနဲ့လုပ်ဆပ်ရမှာပဲ။ အဲဒီတော့ ထွက်ပြေးတာမျိုး ကိုကျော်ခေါင် ဘယ်တော့မှမလုပ်ဘူး။
ကိုယ်ကတော့မလုပ်ဘူး။ ကိုယ့်အလုပ်သမားဆိုတာက ဘာသားနဲ့ထုထားလို့လဲ။ အဲဒီတော့ ကိုကျော်ခေါင်တို့ ကြမ်းရ တာပေါ့။ ကြိုတင်ငွေပေးတယ်။ အုတ်ပေါက် အုတ်လှမ်း အဆင့်လိုက်ပေါ့။ သူများစက်တွေ ၈၀၀၀ ကျပ်ပေးရင် ကိုကျော်ခေါင် က ၁၂၀၀၀ ကျပ်၊ ၁၅၀၀၀ ကျပ်ပေးတယ်။ ပထမအဆင့် အလုပ်သမားတွေကို ငွေနဲ့ထိန်းတယ်။ နောက် လုပ်ငန်းနဲ့ပတ် သက်ရင် တိတိကျကျကိုင်တယ်။ လူကြမ်းတွေကို ကိုင်တွယ်ရတာဆိုတော့ ကိုယ်ကလည်း ခပ်ကြမ်းကြမ်းပေါ့။ ပါးစပ်ကြမ်းကြမ်း၊ လက်ကြမ်းကြမ်း၊ ဆဲနည်းမျိုးစုံကို ထမင်းစားရေသောက်၊ ယောကျာ်း၊ မိန်းမ၊ ကလေးမချန်ဘူး။ ကျော်ခေါင့်စည်းကမ်းမလိုက် နာရင် အပျိုအအိုမခွဲဘူး။ ဆဲတယ်။ ပက်ပက်စက်စက်ဆဲတယ်။ နောက်တစ်ဆင့် လက်ပါတယ်။
လက်သီးနဲ့ထိုး၊ နားရင်းအုပ်၊ နောက် ကိုယ်က တစ်ယောက်တည်း၊ သူတို့ကအများဆိုတော့ ကြာတော့ ကိုယ့်လက်ကလေး ကိုယ်သနားလို့တဲ့။ တုတ်နဲ့ရိုက်တယ်။ စပယ်ရှယ်ကြိမ်သပ်ပြီး လက်ကိုင်နေရာမှာ အ၀တ်စည်းထားတယ်။
လူတွေကခက်တယ်။ ကျော်ခေါင်ကြမ်းတာကိုပြောကြတယ်။ ကိုယ်တိုင်ပြုပြင်ဖို့ မကြိုးစားဘူး။ သူများငွေယူထားရင် ဆပ်ရမယ်။ အလုပ်လုပပြီုးဆပ်ရမယ်။ အခုတော့ လုပ်ငန်းဟေ့ဆိုရင် 'အမြီးမြှောက်လိုက် အီးပေါက်လိုက်' ယူထားတဲ့ငွေ ဘယ်ကြေမလဲ။
ဒါတွေက ကိုကျော်ခေါင်ရဲ့ မူပိုင်လက်သုံးစကားတွေပေါ့။ လက်ကြောမတင်းတဲ့၊ စာရိတ္တပျက်နေတဲ့ 'လုပ်မစား' တွေက ထွက်ပြေးတယ်။ အဲဒီလိုမျိုးစိန်ခေါ်လို့ကတော့ ကျော်ခေါင်က တိမ်ပေးအထိလိုက်တယ်။
ပြေးစမ်း ...ဘယ်အထိပြေးမလဲ။ ကျော်ခေါင် လိုက်ဖမ်းတယ်။
အဲဒီနေရာမှာပြောစရာတစ်ခုရှိသေးတယ်။ ကိုကျော်ခေါင်မှာ တဲတန်းလျားနှစ်ခုနဲ့ တဲတန်းလျားပုံ အိမ်ရှည်ကြီးတစ်ခု ရှိတယ်။ တန်းလျားတစ်ခုက သာမန်အလုပ်သမားတွေနေတာပေါ့။ ဒုတိယတန်းလျားကို ခြံစည်းရိုးခတ်ထားတယ်။ အထဲမှာ ရေတွင်းရှိတယ်။ အိမ်သာရှိတယ်။
လိုက်ဖမ်းလို့မိလာတဲ့ကောင်တွေကို ဒုတိယတန်းလျားလက်ညှိုးထိုးပြပြီး
''ဟေ့ကောင်တွေ ...မင်းတို့ ရဲအချုပ်နေမှာလား။ ငါ့အချုပ်မှာနေမှာလား။ ကြိုက်တာရွေး''
''အစ်ကိုကြီးအချုပ်မှာပဲနေပါ့မယ်။ ရဲလက်တော့မအပ်ပါနဲ့။ ကျွန်တော်တို့တစ်ခါမိုက်မိတာ အကြွေးကျေအောင်ဆပ်ပါ့ မယ်''
အဲဒီလူတွေကို တန်းလျားထဲထည့်ထားတယ်။ လုပ်ငန်းချိန်ဆိုရင် ဖွင့်ပေးတယ်။ လုပ်ငန်းသိမ်းရင် ပြန်ဝင်နေ။ ဈေးဝယ် ချင်ရင် မိသားစုထဲကတစ်ယောက်သွား။ ကိုကျော်ခေါင် ကိုယ်တိုင်သော့ခတ်တယ်။ သူတို့အကြွေးကျေလုနီးပြီ။ နောင်တရပြီ ထင်တဲ့တစ်နေ့မှာ အပြင်တန်းလျားမှာ ပြန်နေခွင့်ပြုတယ်။
နောက် အိမ်ရှည်ကြီး၊ အိမ်ရှည်ကြီးက မူလပထမ နှစ်ခန်းထဲ။ ဂိုဒေါင်နဲ့ စက်ခေါင်းတွဲထားတာပေါ့။ နောက်တော့ စက်ခေါင်းရဲ့ဘက်က တစ်ခန်းတိုးရင်း တိုးရင်းနဲ့ အိမ်ရှည်ကြီးဖြစ်သွားတော့တာ။ အဲဒီလိုနဲ့ အိမ်ရှည်ကြီးတစ်အိမ်ရဲ့ဇာတ်လမ်း စ,လာတော့တာ။ အိမ်ရှည်ကြီးက မူလပထမ နှစ်ခန်းတွဲ။ ဂိုဒေါင်နဲ့ ကိုကျော်ခေါင့်အခန်းတွဲထား တာပေါ့။ နောက်တော့ကြွေးသိမ်း မယားတွေအတွက် ချဲ့ရင်း ..ချဲ့ရင်း ...တဖြည်းဖြည်း အိမ်ရှည်ကြီးဖြစ်သွားတော့တာ။
အဲဒီကိုကျော်ခေါင်ရဲ့ အိမ်ရှည်ကြီးမှာ မိန်းမ (၇) ယောက်တိတိနေတယ်။ အဲဒီမိန်းမတွေက သနားစရာကောင်းတဲ့ လင်ပစ်မတွေပေါ့။ ဒီလင်ပစ်မတွေက တော်ကြပါတယ်။ မိန်းမနဲ့ ကလေးတွေကို အြွေကးတွေနဲ့ထားခဲ့ပြီး ထွက်ပြေးတဲ့သူတို့ ယောကျာ်းတွေကို မေ့ထားပြီး သူတို့ရှေ့မှာ တံတိုင်းကြီးလိုရပ်တည်ပေးတဲ့ ကိုကျော်ခေါင်ကို အားကိုးကြတယ်။
မိသားစုလိုက်ထွက်ပြေးတဲ့လူက ဖမ်းရလွယ်တယ်။ ဝေးဝေးမပြေးနိုင်ခင်မိတော့တာ။ ကလေးသံယောဇဉ်၊ မယား သံယောဇဉ် နားမလည်တဲ့ ခွေးလိုကောင်တွေက ကလေးတွေ၊ မိန်းမတွေထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးတယ်။ အဲလိုကောင်မျိုး တွေက မြန်မာပြည်အကျယ်ကြီး ဘယ်ပြေးမှန်းမသိဘူး။ သိရင်လည်း တကူးတကလိုက်နေစရာမလိုဘူး။ ကျန်ခဲ့တဲ့သူ့မိန်းမ အသာသိမ်းထားလိုက်ရုံပါပဲ။ အဲဒီလိုနဲ့ အိမ်ရှည်ကြီးက တဖြည်းဖြည်းရှည်ရှည်လာခဲ့တာပေါ့။
ကိုကျော်ခေါင်ရဲ့ အိမ်ရှည်ကြီးက အချိန်မရွေးအသက်ဝင်နေတယ်။ ကလေးငိုသံ၊ မိန်းမတွေရဲ့စကားပြောသံ၊ ကိုကျော်ခေါင်ရဲ့ ဆဲဆိုကြိမ်းမောင်းသံတွေနဲ့ ဆူညံဝေစည်လို့ပေါ့။ ကိုကျော်ခေါင်ရဲ့အိမ်ရှည်ကြီးမှာ တစ်နပ်ကို ဆန်နှစပြုည်ကျော် ချက်ရတယ်။ ကိုကျော်ခေါင်ရဲ့ မူရင်းမိသားစုက (၅) ယောက်၊ ကြွေးသိမ်းမယား (၆) ယောက်၊ မယားပါသားသမီးတွေကချည်း (၁၁) ယောက်၊ နောက် ကိုကျော်ခေါင်နဲ့ရတဲ့ကလေးတွေ အားလုံး ကလေးလူကြီး အယောက် (၃၀) လောက်ရှိတဲ့စားအိုးပါပဲ။
ဒါပေမယ့်ကိုကျော်ခေါင်ကတော်တယ်။ အဲဒီလူတွေကို ငြိမ်နေအောင်ထိန်းထားနိုင်တယ်။ ကလေးငိုသံကလွဲရင်ပေါ့။ မိန်းမတွေဆိုတာ ကိုကျော်ခေါင်များရှိနေရင် အပိုးကိုကျိုးလို့။ ကိုကျော်ခေါင်မရှိတဲ့အချိန်တွေသာ ကလိရဲ၊ ရိရဲ၊ ငြိရဲကြတာကိုး။
ကိုကျော်ခေါင်က စာတတ်တယ်ဆိုရုံပဲ။ လုပ်ငန်းသုံး ပေါင်း၊ နုတ်၊ မြောက်၊ စား အရေးအဖတ်တတ်ရုံပဲပေါ့။ စီမံခန့်ခွဲ ပညာတို့၊ စာရင်းအင်းပညာတို့၊ ဘောဂဗေဒတို့ ကြားတောင်မကြားဖူးခဲ့ဘူး။ အဲဒါတွေမကြားဖူးပေမယ့် သူ့လုပ်ငန်းကို အောက် သက်ကြေတယ်။ အဓိကကတော့ မြင်တတ်တာပေါ့။ ချက်ဆို နားခွက်က မီးတောက်တယ်ဆိုတာ ကိုကျော်ခေါင်လိုလူမျိုး။
ကိုကျော်ခေါင် အမြဲပြောတဲ့အဖြစ်ကလေးနှစ်ခုရှိတယ်။ သူ ခပ်ငယ်ငယ် အုတ်တင်ချအလုပ်သမားဘ၀တုန်းကပေါ့။ အုတ်သွားချတယ်။ အိမ်ရှင်ပေါက်ဖော်ကြီးက တော်တော်စိစစ်တယ်။ အုတ်ကားထုံးစံက တင်ချ နှစ်ဆိုင်းထားတယ်။ ကားတစ်စီး အုတ် ၅၀၀၀ ချပ်ကို တင်ချနှစ်ဆိုင်းဆိုရင် နာရီဝက်ကျော်ကျော်နဲ့ပြီးတာပေါ့။ အဲဒါကို ပေါက်ဖော်ကြီးက သူတစ်ယောက်တည်း ရေရမှာမို့ တစ်ဆိုင်းပဲချပါတဲ့။ ထုံးစံက ကားပေါ်မှာစစ်ရင်စစ်၊ မဟုတ်ရင် အောက်ရောက်မှစစ်။ စီရင်းလပ်မှာ ဟာမှာစိုးရင် အုတ်စီတဲ့ဘေးကနေ ရပ်စစ်။ ဒီလောက်ပဲပေါ့။ ဒါပေမယ့် ပေါက်ဖော်ကြီးက လက်မခံဘူး။ ချနေတုန်း လိုက်ရေမယ်။ တစ်ဆိုင်း ထဲချပေးပါတဲ့။ အချိန်ကြာလို့ပါ။ ခေါက်ရေရမှ နေ့တွက်ကိုက်မှာ။ ဘယ်လိုမှပြောမရဘူး။ ၀ယ်သူကို ကလန်ကဆန်မလုပ်ချင်တဲ့ စာရေးကလည်း လုပ်ပေးလိုက်ပါတဲ့။ ဘယ်သူမှမကျေနပ်ကြဘူး။
အဲဒီလိုနဲ့ ကားပေါ်အုတ်တွေအောက်ကိုချတယ်။ အောက်စီတဲ့နားမှာ ပေါက်ဖော်ကြီးက ထီးတစ်ချောင်းနဲ့ထိုင်စောင့်ပြီး ရေတယ်။ နှစ် ..လေး ..ခြောက် ..ရှစ်။
ကိုကျော်ခေါင်က ကားပေါ်ကကောက်ပေးတယ်။ လူမလဲဘူး။ သူတစ်ယောက်တည်းကောက်တယ်။ အုတ်ကောက်တယ် ဆိုတာ အလယ်လူထက်စာရင် ပင်ပန်းတယ်လေ။ ကုန်းကောက်လိုက်၊ ခါးဆန့်မော့ပြီးပစ်ပေးလိုက်ဆိုတော့ သာမာန်အချိန် ဆိုရင် လူလဲပြီးကောက်ပေးတတ်ကြတာ။ ၃၅၀၀ လောက်ချပြီးသွားတော့ ပေါက်ဖော်ကြီးမောလာပြီ။ ညောင်းလာပြီ။ အဲဒီ အချိန်ကျမှ ကိုကျော်ခေါင်က ပညာပြတယ်။ နှစ်ခဲပုံမှန်ချနေရာက သုံးခဲချလိုက်၊ လေးခဲချလိုက်၊ အုတ် ၄၀၀၀ တောင်မပြည့် သေးဘူး။ ပေါက်ဖော်ကြီး လက်မြှောက်သွားတယ်။
အဲဒီလိုမောသွားအောင် တမင် ၃၅၀၀ လောက် စိတ်ရှည်လက်ရှည်နှစ်ခဲပုံမှန်ချပေးခဲ့တာတဲ့။
နောက်တစ်ခါက အုတ်ကျိုးလုံးဝလက်မခံဘူးတဲ့။ အုတ်ကောင်းဝယ်တာ အုတ်ကျိုးဝယ်တာမဟုတ်ဘူးပေါ့။ ကားဆောင့် လို့ အနည်းအကျဉ်းပါတာလက်မခံဘူး။ ရတယ်။ ထုံးစံအတိုင်း ကိုကျော်ခေါင်က ကားပေါ်ကနေတယ်။ သူနဲ့အပေးအယူမျှတဲ့ လူကို မျက်ရိပပြုပြီး အကျိုးပါလာရင် အကျိုးကို ကွဲထွက်မသွားအောင် နှစ်ခြမ်းဖြစ်မသွားအောင် မသိလိုက်ရင် အကောင်းနှစ်ချပ် ပစ်လိုက်တယ်ထင်အောင် ပိပိရိရိပစ်ပေးတယ်။ အောက်ကဖမ်းတဲ့လူကို အကျိုးပါတယ် သတိထားဖမ်းဟေ့လို့ အချက်ပေး တယ်။ အကျိုဆိုရင် ရိပ်မိမှာစိုးလို့။
''ကျော်မြင့် လာပြီဟေ့''
''တင်မောင် လာပြီဟေ့'' တဲ့။
ဒါဆိုဖမ်းတဲ့လူကလည်း နားလည်တယ်။ နားလည်ဆို ကျော်မြင့်တို့။ တင်မောင်တို့ဆိုတာ အုတ်စက်ပတ်ဝန်းကျင်က ခြေကျိုးနေတဲ့သူတွေကိုး။ ကိုကျော်ခေါင်ဆိုတာ ဒီလိုလူစားမျိုး။ မြင်တတ်တယ်။ ခွင်တွေ့အောင်ရှာပြီး ရအောင်ရိုက်တယ်။ သူ့မိသားစုကြီးအပါအ၀င် လူ (၇၀) လောက်ကိုထိန်းထားနိုင်တာ ဒီလိုအရည်အချင်းတွေနဲ့ပေါ့။
ကိုကျော်ခေါင်တို့မိသားစုမှာ ကိုကျော်ခေါင်ရဲ့ မူရင်းမိန်းမနဲ့ သမီးနှစ်ယောက်က မိသားစုထမင်းအိုးကိုချက်ရတယ်။ ဈေးဝယ်တာလည်း ဒီမိန်းမကြီးပဲ။ ကျန်တဲ့ကြွေးသိမ်းမယားတွေကို လုပ်ငန်းမှာခိုင်းတယ်။ မယားတင်မကဘူး။ မယားပါ သားသမီးနဲ့ သူ့ကိုယ်ပိုင်သားသမီးတွေထဲက ၁၃ နှစ်ကျော်ရင် မြေသယ်ထဲထည့်တော့တာပဲ။ မြေသယ်က အုတ်စက်လုပ်ငန်း မှာ ပညာမလိုဘဲ မရှိမဖြစ်တဲ့လူတန်းစားတစ်ရပ်ပေါ့။
ကိုကျော်ခေါင် တစ်ခုကောင်းတာက ဘယ်သူ့မှမျက်နှာမလိုက်ဘူး။ အားလုံးကို တန်းတူဆက်ဆံတယ်။ လုံချည်တစ်ထည် ဟေ့ဆိုရင် ၇ ယောက်လုံးတစ်ထည်စီ။ နောက် ၀က်သားနှစ်တုံးဆိုရင် အားလုံးနှစ်တုံးစီပဲ။ သူ့စည်းကမ်းမလိုက်နာရင်လည်း ရက်ရက်စက်စက်ပညာပေးတာ။ တစ်ခါတုန်းက အားလုံးထဲကတစ်ယောက်ပေါ့။ ဘယ်သူမှန်းမသိဘူး။ ကလစ်ဝယ်တယ်။ သူ့မိန်းမတွေကို ကိုကျော်ခေါင်က ပိုက်ဆံပေးမကိုင်ဘူး။ လိုတာအားလုံးဝယ်ပေးတယ်။ ကုန်ကုန်ပြောရရင် အတွင်းခံတစ်ထည် ဆိုရင် အားလုံးတစ်ယောက်တစ်ထည်၊ နေမကောင်းရင် ဆေးကုပေးတယ်။
အဲဒီမိန်းမက ညဘက်သူများအလုပ်ကူလုပ်ပေးပြီး ကလစ်ဝယ်ထားတယ်။ သူတို့အချင်းချင်းမြင်တော့ ဆူညံဆူညံဖြစ် ကုန်ရော။ ကိုကျော်ခေါင့်နားထဲလည်းရောက်သွားရော အားလုံးတန်းစီပြီးမေးတယ်။ ကလစ်ကိစ္စမှန်းလည်းသိရော ဆူတဲ့ ရန်ဖြစ်တဲ့ မိန်းမတွေကို ခေါင်းတုံးတုံးပစ်တာ။ နောက်နေ့လုပ်ငန်းလုပ်တော့ တလင်းထဲမှာ ခေါင်းတုံးပြောင်ကလေးတွေကို တန်းစီလို့။
ကိုကျော်ခေါင်ရဲ့သူကြီးကလည်း လုံးဝလှည့်ကြည့်စရာမလိုတဲ့ စိတ်ချရတဲ့တပည့်ကောင်းကို ရထားတော့ ကျေနပ်တယ်။ ကိုကျော်ခေါင်လိုတာကို ကူညီပံ့ပိုးတယ်။ နယ်မြေခံရဲနဲ့ တာဝန်ရှိသူတွေဆိုတာ ကိုကျော်ခေါင့်သူကြီးနဲ့ လည်ပင်းဖက်ပေါင်း တာကိုး။ ကိုကျော်ခေါင့်သူကြီးကလည်း ပံ့ပိုးပေးကမ်းတဲ့နေရာမှာ ရက်ရောသလောက် သူကုန်တာနဲ့တန်အောင် ပြန်ယူတဲ့နေရာ မှာ နာမည်ကြီးတယ်။ အဲဒါကြောင့် လိုက်လည်းလိုက်ဖက်တဲ့ဆရာတပည့်လို့ မှတ်ချက်ချခံရတယ်။
အုတ်ကားတင်ချဆိုရင် အုတ်ပစ်တဲ့လူနဲ့ ဖမ်းတဲ့လူ တိုင်ပင်ကိုက်မှ၊ အပေးအယူမျှမှ နို့မို့ဆိုရင် ပစ်တာကို မဖမ်းရဲ လို့ဖြစ်ဖြစ်၊ မဖမ်းနိုင်လို့ဖြစ်ဖြစ် လက်ကအုတ်လွတ်ကျလို့ လူကိုခိုက်မိတာတွေ၊ အုတ်ကျိုးတာတွေ ရှိတတ်တယ်။ ဒီသူကြီးရှေ့ များ ဒီလိုဖြစ်ရင် ..
''ဟေ့ ..ဟေ့ ..အလုပ်ကို အလုပ်နဲ့တူအောင်လုပ်စမ်း။ လူကျိုးတာ ဆက်လို့ရတယ်။ အုတ်ကျိုးတာဆက်လို့မရဘူး'' တဲ့။ ကိုကျော်ခေါင့်ဆရာပဲနော့။ ဘယ်ခေလိမ့်မလဲ။
ကိုကျော်ခေါင်က ကြိုတင်ငွေအတောင်းကြမ်းသလို တကယ့်ရပိုင်ခွင့်ဖြစ်တဲ့ အုတ်တစ်ချပ်ချင်းရဲ့ဈေးကိုလည်း ကိုင် ထားတယ်။ အကျမခံဘူး။ ဒါပေမယ့် သူများအုတ်ထက်သာတယ်။ အရည်အသွေးကောင်းအောင် အမြဲဂရုစိုက်တယ်။ ရာခိုင်နှုန်း နဲ့ရတဲ့အတွက် သူကြီးအကျိုးရှိသလောက် သူလည်းအကျိုးရှိတယ်။ ဒီတော့ လုပ်ငန်းသဘောနဲ့ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်ရေးအရပဲ ဖြစ်ဖြစ် သူတို့ဆရာတပည့်က မခွဲဖြစ်ဘူး။
ကိုကျော်ခေါင်က တာဝန်အတွက်၊ ကိုယ်ကျိုးစီးပွားအတွက်၊ နာမည်အတွက်၊ သူကြီးကျေနပ်အောင် စိတ်ချရအောင် လုပပြုနိုင်တယ်။ အဲဒီတော့ ကိုကျော်ခေါင်မှာ ကိစ္စကြီးငယ်ရှိလာရင် ကိုကျော်ခေါင့်ဘက်က မားမားမတ်မတ်ရပ်တည်ပေးတယ်။
တစ်ရက်တော့ ကိုကျော်ခေါင် ဘုရားတရမယ့်အဖြစ်မျိုးပေါ်လာတယ်။ အရင်လို ဆရာတလို့မရနိုင်တဲ့ဆရာမနိုင် အဖြစ်မျိုးပေါ့။
ပြဿနာက ကိုကျော်ခေါင်ရဲ့ အထွေးဆုံးလေးပြဿနာ။ အဲဒီအထွေးဆုံးလေးက ငယ်တယ်။ ရုပ်ရည်သန့်တယ်။ အုတ်လောကကမဟုတ်ဘူး။ မြို့ပေါ်က။ အသက်ကြီးလို့ ရာထူးကြီးလာတဲ့ ရဲတပ်ကြပ်အဘိုးကြီးရဲ့သမီး။ သူတို့နေတဲ့ရဲစခန်း မျက်နှာစာမှာ ဆိုင်ခန်းတွေဆောက်တော့ အဲဒီက ပန်းရန်သံလျက်ကိုင်နဲ့ငြိပြီးခိုးပြေးလာကြတာ။ ထွက်ပြေးတာဆိုတော့ အရင် အလုပ်မျိုးပြန်မရနိုင်တော့ဘူး။ ဆောက်လုပ်ရေးအဖွဲ့တွေကလည်း လူပေါပြီး လုပ်ငန်းရှားနေတဲ့အချိန်ကိုး။ ကိုကျော်ခေါင့် လက်ထောက်နဲ့ ကောင်လေးကရင်းနှီးတော့ ကိုကျော်ခေါင့်ဆီရောက်လာပါရော။ ပန်းရန်ဆိုတော့ အုတ်တင်ချတော့ဖြစ် တယ်လေ။
ရောက်ခါစကတော့ မျက်နှာလေးတွေ တပြုံးပြုံးနဲ့ပေါ့။ ဒါပေမယ့် ကောင်လေးက လက်ကြောမတင်းဘူး။ ရောကပြီုး သုံးလလောက်ကြာတဲ့တစ်ညမှာ ကောင်လေးပျောက်သွားတယ်။ ကောင်မလေးကို ထားခဲ့တယ်။ ကောင်မလေးကိုယ်ပေါ်မှာ ကိုကျော်ခေါင်ဆီကယူထားတဲ့ငွေတွေနဲ့ဝယ်ထားတဲ့ အ၀တ်အစားလေးရယ်၊ စားအိုးစားခွက်ကလေးတွေရယ်၊ နောက် သူတို့ နှစ်ယောက် သုံးလလောက်သုံးထားတဲ့အကြွေးတွေရယ်။
အဲဒီလိုနဲ့ အသက်ကြီးကြီးရဲတပ်ကြပ်တစ်ယောက်ရဲ့ နွားအိုနောက်ကျသမီး ကောင်မလေးက မျက်စိစုံမှိတ်ပြီး ကိုကျော်ခေါင့်ရင်ခွင်ထဲရောက်ရတော့တာ။ ကောင်မလေးက သတ္တိရှိတယ်ပြောရမှာပေါ့။ တစ်ခါတလေ တိတ်တိတ်ကလေး မျက်ရည်ကျတတ်တာကလွဲပြီး အားတင်းထားတဲ့မျက်နှာပေးနဲ့ ...
နောက် ...မိုးလယ်လောက်မှာ ကောင်မလေးကလေးမွေးတယ်။ ကိုကျော်ခေါင်ကတော့ သူ့ကလေး ဟုတ်မဟုတ် တွက်ကြည့်ဖို့တောင် ရက်မမှတ်မိတော့ဘူး။ ဒါပေမယ့် ဒါကအရေးမကြီးဘူးလေ။ သူ့ကလေးမဟုတ်ခဲ့လည်း ဒီကလေးရှေ့မှာ မယားပါသားသမီးတွေအများကြီးရှိနေခဲ့တာ။ သူ့ကလေးဆိုတော့ကော။ ဒါဆိုလည်း အစ်ကိုတွေအစ်မတွေကြားထဲက အထွေးဆုံး ကလေးပေါ့။ ဘာပဲဖြစ်ဖြစ်လေ။ ထုံးစံအတိုင်း ကိုကျော်ခေါင်ရဲ့တဲတန်းမှာ ကြီးလာမယ်။ လုပ်နိုင်တဲ့အရွယ်ရောက်ရင် ရတဲ့ အလုပ်ဝင်မယ်။ ပြီးတော့ အရွယ်ရောက်ရင် ယောကျာ်း၊ မိန်းမ ယူကြမယ်။ ကလေးတွေထပ်မွေးမယ်။ အဖေဘယ်သူလဲဆိုတာ ဒီကလေးကိုယ်တိုင်တင်မကဘူး။ ကိုကျော်ခေါင်ကော၊ သူ့အဖေကော၊ ပတ်ဝန်းကျင်အတွက်ရော အရေးတကြီးမဟုတ်ဘူးရယ်။
ဒါပေမယ့် အဲလိုအရေးမကြီးဘူးထင်ထားတဲ့ကိစ္စက အရေးကြီးလာခဲ့တယ်။ ကောင်လေးက အင်မတန်ဒေါသကြီးတဲ့ ရဲတပ်ကြပ်အဘိုးကြီးကို ဘယ်လိုနူးနှပ်စည်းရုံးပူးပေါင်းတယ်မသိရဘူး။ ကောင်လေးနဲ့အဘိုးကြီးပူးပေါင်းပြီး ကိုကျော်ခေါင်ကို မယားခိုးမှုနဲ့ အမှုဖွင့်တော့တာပဲ။
ရဲတပ်ကြပ်တစ်ယောက်ရဲ့သမီးကောင်မလေးက လက်ထပ်စာချုပ်လုပ်ဖို့မမေ့ခဲ့သလို အဲဒီစာချုပ်ကို ကိုကျော်ခေါင် မတွေ့အောင်သိမ်းထားဖို့လည်း မမေ့ခဲ့ဘူး။
အင်မတန်ပိုင်နိုင်တဲ့၊ ကျွမ်းကျင်တဲ့၊ လူရည်လည်တဲ့ကိုကျော်ခေါင်တစ်ယောက် သူ့အထွေးဆုံးလေးဆီမှာ သူ့ကို အန္တရာယ်ပေးနိုင်တဲ့ တစ်စုံတစ်ရာရှိနေခဲ့တာကို လတော်တော်ကြာကြာပေါင်းသင်းလာခဲ့ပြီး မရိပ်မိနိုင်ခဲ့ဘူး။
ဆရာဖြစ်ချင်တာကို သူကခေါင်းညိတ်၊ သူဖြစ်ချင်တာကို ဆရာကခေါင်းညိတ်၊ ဆရာနဲ့တွေ့ရင် နှစ်လိုဖွယ်၊ ကျေနပ် အားတက်ဖွယ် အားရပါးရပြုံးတတ်တဲ့ကိုကျော်ခေါင်ရဲ့အပြုံးဟာ သံတိုင်တွေရဲ့နောက်မှာတော့ မဲ့တဲ့တဲ့ဖြစ်နေတယ်လို့ သူ့ ဆရာက ထင်တယ်။ အကွာအဝေးကြောင့်လား၊ အလင်းအမှောင်ကြောင့်လား၊ ဆရာက မျက်လုံးကို သေသေချာချာပွတ်ကြည့် ပေမယ့် ကိုကျော်ခေါင်ရဲ့အပြုံးက အရင်လို နှစ်လိုဖွယ်၊ ကျေနပ်အားတက်ဖွယ်ဖြစ်မနေတော့တာ သေချာနေခဲ့ပါတယ် ....။ ။

အဖြူရောင် (ရွှေ)
မဟေသီ ရုပ်စုံ မဂ္ဂဇင်း ၊
အမှတ်( )၊ဒီဇင်ဘာလ၊၂၀၀၈ခုနှစ်။

No comments:

Post a comment