Tuesday, 18 September 2012

''လမ်း''



ကျွန်မတို့တွေဟာ ဘ၀မှာ လမ်းတွေအများကြီး ကြုံဖူးခဲ့ကြသလို လမ်းလျှောက်သူတွေကိုလည်း ကြုံဖူး
ခဲ့ကြပါလိမ့်မယ်။ ဖြည်းဖြည်းလျှောက်သူ ၊ မြန်မြန်လျှောက်သူ ၊ မှန်မှန်လျှောက်သူ ၊ ပန်းဝင်သူ......အဲဒီလူတွေ အပြင် လမ်းပျောက်သူ ၊ ပန်းတိုင်ပျောက်သူ ၊ စမ်းတ၀ါးဝါးလမ်းမှားနေသူတွေကို လမ်းပေါ်မှာ၊ လမ်းဘေးမှာ၊ လမ်းရဲ့အဝေးမှာ.. နေ့တစ်ဒူဝကြုံကြရလိမ့်မယ်လို့ထင်ပါတယ်။
အခုကျွန်မတင်ပြမယ့် ဇာတ်လမ်းလေးက ပတ်ဝန်းကျင် ကျဉ်းမြောင်းလှတဲ့ ကျွန်မရဲ့ ကိုယ်တွေ့ မှတ်တမ်းလေးပါပဲ။ ကိုယ်တွေ့လေးကိုပဲ ကိုယ်ပိုင်အမြင် ၊ ကိုယ်ပိုင်ခံစားချက်တွေနဲ့ ပေါင်းစပ်တင်ပြချင်တာမို့ အတ္တဘောင်ထဲက မလွတ်ဘူးဆိုရင်လဲ အတွေ့အကြုံနည်းပါးသူ တစ်ယောက်အဖြစ် ခွင့်လွတ်ကြစေလိုပါတယ်။

( ၁ )
အဆောက်အဦ ဆောက်တဲ့အခါ ၊ ရေတွင်း ရေကန် တည်တဲ့အခါ ၊ ခောတ်မီမြို့ပြကို တည်ဆောက်
ကြတဲ့အခါ မြေနီအုတ်ကို မဖြစ်မနေ သုံးကြရပါတယ်။ မဟာပထ၀ီမြေကြီးကို တူးဆွ ရေနဲ့နှပ် ၊ စက်ထဲထည့်ကြိတ် ပြီးမှရလာတဲ့ အုတ်က စက်အုတ်ပေါ့...။ ဒါမှမဟုတ် မိရိုးဖလာနည်း ခြေထောက်တွေ၊လက်တွေအသုံးချပြီးမှ ရလာတဲ့အုတ်က လက်အုတ်ပေါ့...။ စက်ကတိုက်ရိုက် ထွက်လာတဲ့ စက်အုတ်ပဲ ဖြစ်ဖြစ် ၊ လူအားအဆင့်ဆင့်နဲ့ ကျော်ဖြတ်ပြီးမှ ထွက်လာတဲ့ လက်အုတ်ပဲဖြစ်ဖြစ် ပထမအဆင့် စိုနေရာကခြောက်သွားအောင် အရင်နေပူလှမ်း (သို့မဟုတ်) လေနဲ့အခြောက်ခံ လှမ်းကြရ တယ်...။ တကယ်လို့များ အုတ်မခြောက်ခင်...အုတ်အတွင်းပိုင်းက စိုနေသေးတဲ့အချိန်မှာ လောကြီးပြီးမီးရှို့မိတယ်ဆိုပါစို့ တစ်ဖြောက်ဖြောက်အသံတွေထွက်ပြီး အုတ်တွေကျိုးကုန်တော့တာကိုး...။
အဲဒီ အုတ်ခြောက်တွေကို မီးရှို့တဲ့အခါ သုံးတဲ့ ဖိုအမျိုးအစား နှစ်မျိုးရှိတယ်...။ကုန်ကျစရိတ်များပြီး ပထမတန်းစား အုတ်ထွက်တဲ့ ဖိုမျိုးကို ''ကျင်မနိ'' လည်း ခေါ်တယ်...''ကုလားဖို'' လည်းခေါ်တာပေါ့...။အသေလုပ်ထားတဲ့ မီးဖိုကြီးထဲအုတ်တွေ စီထည့် ၊ အပေါ်ကလည်း အပူလုံအောင်၊ အပူတွေစီးကူးပြီးအလဟသမဖြစ်ရအောင်မြေကြီးတွေနဲ့ ပြန်ဖုံး...''မီးပေါက်'' လို့ခေါ်တဲ့ ထင်းထည့်ရတဲ့ အပေါက်တွေကို သံဒယ်ပိုင်း အထူကြီးတွေနဲ့ အုပ်ထားပြီးထင်း ထည့်ရတော့မယ်ဆိုတော့မှ သံဒယ်ပိုင်းကြီးဖွင့် ထင်းပေါက်ခြမ်းတွေကို အပေါ်ကနေပစ်ထည့်ရတာပေါ့....။အဲဒီမီးဖိုကြီးက အုတ် ၃-သိန်း ၊ ၄-သိန်း ဆံ့သလောက်ထည့်လို့ရတယ်...။ ပုံစံတကျ စီထားတဲ့မီးဖိုရဲ့တစ်ဘက်ထိပ်က မီးစ ရှို့ပြီဆိုရင် နောက်တစ်ဘက်က မီးခိုးခေါင်းတိုင်ကြီးတွေ အသင့်ပြင်ထားတော့တာ...။ အားလုံးအဆင်သင့်ဖြစ်လို့မီးရှို့ပြီဆိုတာနဲ့ အုတ်ကြို၊အုတ်ကြားမှာ ခိုအောင်းနေတဲ့လေတွေကို...မီးခိုးခေါင်းတိုင်က လှမ်းဆွဲတာဆိုတော့ တဝေါဝေါအသံတွေကို ခပ်ဝေးဝေးကကြားနေရတာ ။မီးရှို့တဲ့ အလုပ်သမားတွေဆိုတာကလည်း နေပူ ၊မိုးရွာ ကျောဗလာနဲ့ ၊ အပူဒဏ်ခံနိုင်အောင် သောက်ထားတဲ့ အရက်နံ့ တထောင်းထောင်းနဲ့...။
အဲဒီမီးဖိုကြီးဘေးမှာ ကုန်တင်ကားကြီးတွေနဲ့ တိုက်ချထားတဲ့ ထင်းတုံးကြီးတွေကို အားကောင်းမောင်းသန် ယောင်္ကျားကြီးတွေက ပေါက်ဆိန်နဲ့ တစ်ခွမ်းခွမ်းခွဲရတာပေါ့..မီးပေါက်ရဲ့ထိပ်ဝက တစ်ပေလောက်ပဲရှိတာဆိုတော့ လူတစ်ဖက်လောက်ရှိတဲ့ထင်းတုံးကြီးတွေကို ပေါက်ခြမ်းလုပ်လိုက်မှ ဆံ့တော့မှာကိုး...မာကျောကျစ်လစ်တဲ့ သက်တမ်းရင့် လူတစ်ဖက်လောက်ထင်းတုံးကမှ လိုအပ်တဲ့မီးပေါင်ရမှာ၊ ထင်းကုန်သက်သာမှာ၊အုတ်အရေအသွေးကောင်းမှာဆိုတော့ ထင်းတုံးကြီးလေ ကြိုက်လေပေါ့။ အဲဒီခွဲထားတဲ့ ''ပေါက်ခြမ်း'' ဘ၀ကနေ မီးဖိုထဲက မီးကျီးခဲဘ၀ရောက်...ကားကြီးတစ်စီး စာထင်းလဲ ပြိုက်ကနဲ...နောက်တစ်စီးလဲ ပြိုက်ကနဲ...။ ထင်းထည့်တဲ့မီးပေါက်ကို အုပ်ထားတဲ့သံဒယ်ပိုင်း အထူစားတွေကိုများ သံချွန်နဲ့ မ ဖွင့်လိုက်ပြီဆိုရင် မီးညွန့်ကြီးကလူတစ်ရပ်နီးပါး ထောင်တက်လာတာ။ အဲဒီမီးပေါက်ကနေ''မီးဆရာ''က လိုချင်တဲ့အနေအထားကြည့်ပြီး ထင်းအတိုးအလျှော့ လုပ်ရတာပေါ့။ဆောင်းတွင်းဆို နည်းနည်းတော်သေး၊ နွေရာသီမှာတော့ နွေခေါင်ခေါင်အပူဒဏ်နဲ့ မီးဖိုကြီးရဲ့အပူဒဏ်ပေါင်းပြီး ညှော်နံ့တွေတောင် ထောင်းထောင်းထ နေသလားထင်ရတာ ...။ ဒီလိုဖိုမျိုးက ကုန်ကျစရိတ်ကြီးသလောက်...အုတ်ကောင်းတယ်။ တစ်ပြိုင်တည်း အုတ် ၃/၄ သိန်းထွက်တယ်၊ ကျွမ်းကျင်တဲ့ မီးဆရာဆိုရင်ရှေ့က မီးရှို့ရင်း၊ နောက်က အုတ်ဆက်စီတာ အုတ်၁၀သိန်းလောက်တစ်ဖိုတည်းနဲ့၊ တစ်ပြိုင်တည်း ရတတ်တာပေါ့...။
နောက်တစ်မျိုးက ''ဗမာဖို''လည်းခေါ်...''ဒုံးဖို'' လည်းခေါ်တာပေါ့...။ သူကမိုးတွင်းလို အချိန်လုပြီး လုပ်ရတဲ့ရာသီမှာ ဒါမှမဟုတ် ထင်းကောင်းရှားတဲ့ဒေသမှာ ဒါမှမဟုတ် အချောင်လိုက်တဲ့အခါမျိုးမှာသုံးတယ်...။ အကြီးဆုံးဆိုတဲ့ဖိုမှ အုတ်(၂)သိန်းပဲဆန့်တာကိုး ဒါပေမယ့် ကုန်ကျစရိတ်သက်သာတယ်၊ အုတ်ညံ့တယ်။ ''ကျင်မနိ''ဖိုက ထင်းကိုအပေါ်ကချပေးပြီး ဒုံးဖိုကထင်းကို အောက်ကထိုးသွင်းရတာ။ စတုရန်းပုံ၊ စတုဂံပုံ ပုံစံမျိုးစုံရှိတယ်။ အလွယ်ဆုံး ဥပမာပေးရရင် ပိရမစ်လိုပုံမျိုးပေါ့...။ အောက်ကထင်းထည့်ဖို့ တိုးယိုပေါက်ဂလိုင်ချန်ပြီး အပေါ်ကအုတ်ကိုအလပ်အဟာမရှိ ပိတ်နေအောင်စီတာ။ မီးရှို့ချိန်ဆိုရင် တစ်ပေလောက်လုံးပါတ်ရှိတဲ့ ထင်းတုံးကိုမျှင်ဝါးနဲ့ နောက်ကအားကုန်ထိုးထည့်လိုက်တော့ မီးတွေ ကိုဟုန်းဟုန်းတောက်ပေါ့....။
တစ်နှစ်...တစ်နှစ်ကို ထင်းကားတွေရာချီပြီးသုံးခဲ့ရတာ ။ ကျွန်မအဖေကခိုင်းတော့ ကျွန်မတို့ညီအစ်မက အလုပ်အကြောင်း၊ ထင်းအကြောင်း နောကျေနေတယ်ပဲပြောပါတော့...။ ဒါပေမယ့် စိတ်ထဲမှာဘယ်လိုမှမခံစားရဘူး...။ထင်းခုတ်သမားတွေ၊ ထင်းချအလုပ်သမားတွေ၊ ကားသမားတွေ၊ သက်ဆိုင်ရာကဏ္ဍအလိုက် အုတ်လုပ်ငန်းကအလုပ်သမားတွေ စေ့စေ့ပေါက်ပေါက်ရေတွက်ကြည့်ရင် လူတစ်ရာလောက်ကို အလုပ်ပေးနိုင်တဲ့ အလုပ်ရှင်...နိုင်ငံတော်ကိုအခွန်ထမ်းဆောင်နေတဲ့ အလုပ်ရှင်တစ်ဦးအဖြစ် ဂုဏ်တောင်ယူလိုက်သေးတာ၊ ငါတို့နောက်မှာငါတို့ကိုမှီခိုနေတဲ့လူတွေအများကြီးပါလား ဆိုတဲ့ပီတိက ကိုယ့်ကိုယ်ကိုယ် မဟုတ်တာမလုပ်မိအောင် ထိန်းကျောင်းပေးနေသလို၊ ကိုယ့်ကိုယ်ကိုယ်ကျေနပ်အားတက်စေတာပါ။ အဲဒါ ၁၉၉၀ ခုနှစ်ပတ်ဝန်းကျင်ပေါ့...။
ထင်းဝယ်ရင်ကားပေါ်တက်ကြည့်ရုံတင်မကသေးဘူး...ထင်းတောထဲအထိလိုက်ပြီး တောလိုက်ဈေးဖြတ်ပြီးဝယ်တာ။ ပျဉ်းကတိုးပါရဲ့လား...အင်ကြင်းပါရဲ့လား...ထောက်ကြံ့ပါရဲ့လား....ပျဉ်းမပါရဲ့လား။ ဂွေး၊ နဘဲ၊ လက်ပံ၊ ကသစ်၊ သရက်၊ ညောင်....အဲသလို အပွသားတွေများရင်သတ်မှတ်ဈေးထက်..သုံးချိုး တစ်ချိုးလျှော့ပြီးရှင်းလိုက်တာပဲ...။အဲဒါတောင်ကြီးမှာ အုတ်လုပ်တုန်းကပေါ့ ။ မန္တလေးဘက်ရောက်လာတော့ ''ဒုဌ၀တီ'' တစ်ကြောကမျှောလာတဲ့ ထင်းဖောင်တွေ၊ ထင်းမော်တော်တွေကို ဖောင်ပြတ်ဝယ်ရတာ။ ''ဒုဌ၀တီ''က တောကြီးတော့ အင်ကြင်းပဲလိုချင်တာဆိုရင် မော်တော်တစ်စီးလုံး အင်ကြင်း သားတွေချည်းပေါ့....။
ပျော့ပျောင်းနူးညံ့တဲ့မြေသားတွေကို သံဖြစ်လုနီးနီ မာကျောအောင် မီးဖုတ်ရမှတော့ ထင်းသားမာမှဖြစ်တော့မှာ ပေါ့။ လိုအပ်တဲ့ မီးပေါင်ရောက်အောင်အမာသားကမှ စံချိန်မီမယ်၊ထင်းကုန်သက်သာမယ်လေ...။ ဒုံးဖိုမှာမီးရှို့တဲ့အခါအုတ်ကို အလပ်အဟာမရှိ ပိတ်နေအောင်စီရတာ အုတ်...အုတ်ချင်းမီးကူးတဲ့ စနစ်ဆိုတော့ မီးနဲ့တိုက်ရိုက်ထိတဲ့အုတ်ခဲတွေက မီးခိုးရင့် ရောင်ပေါက်ပြီး...လေး၊ ငါး၊ ဆယ်ချပ်အတွဲလိုက် အုတ်တစ်ခဲခြင်း ပုံစံပျက်ပြီး ဒုလိုက်၊ ဒယ်လိုက်ဖြစ်ကုန်တတ်တာ...အဲဒါကို အုတ်လောကအခေါ်...သံရောင်ပေါက်တယ်၊ချော်တွဲတယ် ခေါ်တာပေါ့။ ဒုံးဖိုမှာ အဲဒီလိုသံရောင်ပေါက်အောင်၊ ချော်တွဲအောင်မီးရှို့မှ အပေါ်အုတ်တွေပထမတန်းစား စာရင်းဝင်မှာလေ။ အဆုံးသတ်ရရင် ထင်းအမာသား...မာလေကြိုက်လေပဲ၊ ထောက်ကြံ့လဲသုံးတာပဲ တစ်ခါတစ်လေပါလာတဲ့ ပျဉ်းကတိုးလဲသုံးတာပဲ။ ကျွန်းကိုတော့ မသုံးဘူး။ တိုင်းပြည်ချစ်လို့၊ တန်ဖိုးနားလည်လို့ဆိုတာထက် မှိုင်းစွဲလို့...။အုတ်ဖိုထဲကျွန်းသားထည့်လိုက်ရင် အုတ်တွေမှိုင်းစွဲပြီး မည်းကုန်ရော။အဲဒါကြောင့်မသုံးတာ...။
( ၂ )

အဲဒီလိုနဲ့အချိန်တွေက ၂၀၀၀ခုနှစ်ကိုဖြတ်သန်းသွားကြတယ်။မဂ္ဂဇင်းတွေထဲ၊ စာစောင်တွေထဲက''ပတ်ဝန်းကျင် ထိန်းသိမ်းရေး'' အကြောင်းအရာကို သတိထားမိလာတယ်...။ကျွန်မတို့အားလုံးရဲ့နေရာအတွက် ၀ိုင်းဝန်းဆွေးနွေးနေကြတာ၊ အချက်အလက်တွေတွက်ပြနေတာ၊ ရာစုနှစ် အစပိုင်းနဲ့ အဆုံးပိုင်းပတ်ဝန်းကျင်တွေကိုနှိုင်းယှဉ်ပြနေကြတာ.. . အများကြီးပါပဲ...။ ခြောက်ခန်းသွားတဲ့ ပင်လယ်ကြီး...၊ ပျောက်ဆုံးသွားတဲ့ သစ်တောကြီးတွေ...၊ သုံးဖို့မသင့်တော် လောက်အောင် ညစ်ပတ်နေတဲ့ ကမ္ဘာ့မြစ်ကြီးတွေ...၊ ကမ္ဘာကြီးပူနွေးလာတာတွေ...၊ ဖန်လုံအိမ် အာနိသင်တွေ...အိုဇုန်း လွှာကြီးရဲ့ အကြောင်းတွေ.....ဒါတွေအတွက်ြွကပ်ြွကပ်အိတ်ကလေးတစ်အိတ်တောင် မသုံးသင့်တာကိုအချက်အလက် ကိန်းဂဏန်းတွေနဲ့ ချပြနေကြတာ၊ ကမ္ဘာရွာကြီးက ၀ိုင်းပြီးဆွေးနွေးနေကြတဲ့အချိန်မှာ....ကျွန်မနဲ့ ကျွန်မတို့မိသားစုက သစ်ပင်တွေရာချီဖျက်ဆီးနေခဲ့ပါလားလို့ တွေးမိလာတယ်။ အဲဒီလိုတွေးမိတဲ့အချိန်က စ ပြီးလူမသိ သူမသိဒုက္ခရောက်တော့တာပဲ။
ဒီအမြင်၊ ဒီအတွေးနဲ့ ကျွန်မတို့အုတ်လုပ်ငန်းကြီးကို ရပ်ဆိုင်းပစ်နိုင်တဲ့သတ္တိ ကျွန်မမှာမရှိဘူး..။ဥု လို့အမည်တပ်ထားတဲ့ အုတ်လုပ်ငန်းကြီးကိုကျွန်မတို့ မိသားစုတင်မှီခိုနေတာမဟုတ်ပဲ... ရာချီတဲ့အလုပ်သမား မိသားစုတွေလည်းမှီခိုနေတယ်လေ...။ ဒီအုတ်လုပ်ငန်းကိုပဲ ဆယ်စုနှစ်တစ်ခုကျော်ကျော် အဓိကစီးပွားရေးအဖြစ်လုပ်ကိုင်ခဲ့တာ ကိုး ။ ဒုဌ၀တီမြစ်ကမ်းနဖူးမှာ...လေကလေးတဖြူးဖြူး ကျစိမ့်လေးတစ်ခွက်နဲ့ ထင်းဝယ်ရတဲ့အလုပ်မှာ အရင်လို မသာ
ယာတော့ဘူး၊ အလိုလိုနေရင်းတွန့်ဆုတ်နေမိတော့တာ...။ ဆရာမဂျူးလို ဈေးဝယ်တာကအစကြွတ်ကြွတ်အိတ်အစား အ၀တ်အိတ်တို့၊ တောင်းတို့ သုံးနိုင်လောက်အောင်ပြတ်သားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်ရှိခဲ့ရင်၊ ဒါမှမဟုတ်ဘာမှမသိခင် တုန်းက အခုလက်ရှိအုတ်ဖိုပိုင်ရှင်တွေလို..'' ဟေ့ အုတ်ထင်းဆိုရင် အင်ကြင်းမှ၊ထောက်ကြံ့မှ'' ဆိုတဲ့၊ ပြတ်သားတဲ့ ဆုံးဖြတ် ချက်ရှိရင် အခုလို ''ဗုံမဟုတ်၊ ပတ်မဟုတ်'' ဘ၀ကတော့ နေပျော်မှာပဲ...။
ကိုယ်ရွေးတဲ့လမ်းဟာ ခြေနှစ်ဖက်သွားသာရုံလား၊ လမ်းမကျယ်ကြီးလား၊ အပြန်မရှိတဲ့တစ်လမ်းသွားလား၊ အသွားအပြန်နှစ်လမ်းသွားလား၊ ချောက်နက်တွေ...တောင်ကဗ္ဘားရံတွေ ပြည့်နေတဲ့အန္တရာယ်လမ်းလား..ပန်းရောင်စုံ ဘယ်ညာဝန်းတဲ့ပျော်စရာလမ်းပေပဲလား...။
လမ်းပေါ်မရောက်ခင်တင် စဉ်းစားရမှာ၊လေ့လာရမှာ မဟုတ်ဘူး၊ လမ်းလျှောက်နေရင်းနဲ့ အချိန်ပြည့်လေ့လာ နေရမှာ...ဒါမှကိုယ်စိတ်နှလုံးသုံးပါးလုံးနဲ့ ညီညွှတ်မျှတတဲ့ ''လမ်းမှန်'' ကိုရွေးချယ်နိုင်မယ်၊လိုအပ်ရင် အသစ်ပြောင်းနိုင်မယ် မဟုတ်လား...။
နောက်ပိုင်း အုတ်လုပ်ငန်းကို အခြေအနေအကြောင်းကြောင်းကြောင့် ရပ်ဆိုင်းပစ်လိုက်တဲ့အခါကျွန်မရင်ထဲ တော်တော်ပေါ့သွားတယ်...။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအမြင်ကြောင့်ရပ်တာမဟုတ်ပဲ အကြောင်းကြောင်းကြောင့် ရပ်ရတာ ဖြစ်ပေမယ့် လိပ်ပြာသန့်သွားတဲ့အဖြစ်က ကျွန်မဘ၀ကိုစိတ်ကြည်နူးမှုနဲ့ကျေနပ်စေတယ်။ အုတ်လုပ်ငန်းကို ရပ်ပစ်လိုက်လို့လိပ်ပြာသန့်သွားရတဲ့အဖြစ်ထဲမှာ အရွယ်မရောက်သူအလုပ်လုပ်ခိုင်းတဲ့ ကလေးသူငယ်ဥပဒေကလည်း အကြောင်းတစ်ရပ်ဖြစ်နေခဲ့ပါတယ်။
( ၃ )

ကျွန်မတို့ အုတ်လုပ်ငန်းမှာအရွယ်စုံကျွမ်းကျင်အလုပ်သမား မှီခိုသူမပါ အယောက်(၇၀)လောက်သုံးရတယ်။အဲဒီကျွမ်းကျင်အလုပ်သမားတွေထဲမှာ ဖအေ၊မအေတွေက အလုပ်လုပ်တော့ ''ပေါက်ခုံ'' လို့ခေါ်တဲ့ လုပ်ငန်းခွင် အုတ်ပေါက်တဲ့ တဲကလေးမှာ နို့စို့ကလေးကိုအ၀တ်ပုခက်နဲ့ချိတ်ပြီး သိပ်ထားမယ်...။သူ့အထက်ကလေးက ဘ၀တူသူငယ်ချင်းတွေနဲ့ ပေါက်ခုံဘေး သဲပုံ၊ရွှံ့ပုံပေါ်မှာဆော့မယ်...။ အဲဒီကလေးထက်ကြီးတဲ့ကလေးက ဖအေ၊မအေကို တတ်နိုင်သမျှဝင်ကူလုပ်မယ်။ အဲဒီလိုနဲ့ မိဘနေမကောင်းဖြစ်ရင် ဆော့ရင်း၊ ကစားရင်း အလုပ်သင်ဖြစ်မှန်းမသိဖြစ်နေတဲ့ ကလေးကမိဘနေရာ အစားဝင်လုပ်ပေးမယ်...။ အတူတူတွဲလုပ်ရတဲ့အလုပ်သမားတွေကလည်း ဘ၀တူတွေဆိုတော့...ကလေးကိုညှာပြီး တွဲခေါ်မယ်....။အဲဒီလိုနဲ့ အဲဒီကလေးတွေက...အလုပ်သင်ဘ၀ကနေ အလုပ်သမားရင့်မာကြီးဖြစ်သွားရော.....။
မိဘတွေ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့လမ်းပြသွန်သင်မှုအောက်မှာပဲ အရွယ်ကလေးရလာတာနဲ့ ယောကျာ်းလေးကလည်း ဆေးလိပ်ကလေးတဖွာဖွာ၊ အရက်ကလေးတမြမြပေါ့...။ မိန်းကလေးတွေကလည်း ဗီဒီယိုရုံသွားရင်း ၊သွားရင်းက ကိုယ်တိုင်မင်းသမီးဖြစ် သိပ်မကြာခင် ကလေးတို့လို၊တွဲလောင်းပေါ့လေ...။
အဲဒီဘ၀တွေနဲ့ နေ့တိုင်းထိတွေ့ဆက်ဆံနေရတဲ့ ကျွန်မအဖို့တော့သတိမမူရင်...ဂူမမြင်ဘူး။ သတိမူလိုက်တာ နဲ့...အရာအားလုံးရဲ့ကောင်းကျိုးဆိုးပြစ်တွေကို မျက်ဝါးထင်ထင်မြင်လာရတော့တာပဲ။ အလုပ်သမားဘ၀ဆိုတာ မိသားစုစီမံကိန်းကိုမသိဘူး။ အနာဂါတ်မရှိ၊ အတိတ်မရှိ...တကယ့် ပစ္စုပ္ပန်သမားသက်သက်...။ မနေ့က မစားခဲ့ရတာကို ပြန်တွေးပြီး လွမ်းမနေသလို မနက်ဖြန် မစားရမှာကိုလည်း စိုးရိမ်မနေဘူး...။ ဒီနေ့အတွက်ထမင်းစားပြီး ဗီဒီယိုရုံပြေးနိုင်ဖို့က အရေးကြီးဆုံး...။ အဲဒီလိုဘ၀တွေမှာ ''တားဆေး'' ဆိုတာလည်းမသိဘူး... ''သားဆက်ခြား''တာလဲမသိဘူး... ''အနာလဲပျောက် နောက်တစ်ယောက်'' ဆိုတာလိုပဲ... မွေးတုန်းခဏပင်ပန်းဆင်းရဲတာလဲ ပျောက်ရော... နောက်တစ်ဗိုက်ရောက်နေပြန်ရော။ အဲဒီတော့ မိဘနဲ့သားသမီး အချိုးမညီတော့ဘူး၊ ရှာကျွေးနိုင်တဲ့ မိဘကနှစ်ယောက်တည်း...မွေးထားတဲ့ကလေးတွေက တစ်ပြုံတစ်မ ဆိုတော့...''နတ်ထွင်းတဲ့ခံတွင်းတွေ'' အချိန်မီစိုပြေနိုင်ဖို့အတွက်...အရွယ်မရောက်သေးလည်း ခိုင်းရတာပဲ။
(၁၀) နှစ်အထက်ရောက်လာရင်ငွေရှာတဲ့...ငွေဝင်တဲ့အလုပ်မှာဝိုင်းကူမယ်။ (၅)နှစ်ကျော်ရင် ငွေမ၀င်ပေ
မယ့် အရေးကြီးတဲ့...ချက်တဲ့၊ပြုတ်တဲ့အလုပ်တွေမှာ ၀ိုင်းကူမယ်...။ ဒါထုံးစံပဲ။ ၇နှစ်၊ ၈နှစ်ကလေးမလေးက တစ်မိသားစုလုံး စားမယ့်ထမင်းအိုးကြီးကို မနိုင်အင်ကာ....မ ငှဲ့မယ်၊ နောက်မီးတောက်နေတဲ့ထင်းတွေ ဘေးကပြာပုံထဲထိုးထည့်...။ မီးကျီးခဲတွေကျန်နေသေးတဲ့ဖိုခွင်ပေါ် ထမင်းအိုးပစ်ထားခဲ့ပြီးနို့စို့ကလေး ခါးထစ်ခွင်ချီ ...နို့ညှာကလေးလက်ဆွဲ ဘ၀တူကလေး
အဖေါ်တွေနဲ့ ရွှံ့တွေ၊ သဲတွေကြားဆော့မယ်၊ ပြီးရင် အုတ်စက်တွေမှာအုတ်လုပ်ဖို့မြေယူရင်း ချိုင့်သွားတဲ့ ''မြေစာကျင်း'' လို့ခေါ်တဲ့ ရေကန်ထဲရေဆင်းချိုးကြ၊ ရေဆော့ကြတာ ခေါင်းကဆံပင်တွေပြောင်းဖူးမွှေးလို နီရဲနေတဲ့အထိပေါ့...။
၁၀ နှစ်ကျော်တဲ့ကလေးတွေကိုယ်တိုင်က မိဘအလုပ်မှာ လိုလိုလားလားဝင်ကူလုပ်မယ်....။ တောင်ပြုံးပွဲ၊ ရတနာ့ဂူပွဲကတည်းက ငွေကြိုယူထားတဲ့ နေ့စဉ်တာဝန်ကျအလုပ်ကို အဲဒီသားသမီးတွေအကူအညီနဲ့ သတ်မှတ်ချိန် ထက်စောအောင်လုပ်၊ ပိုတဲ့အချိန်မှာ ပုတ်ပြတ်အလုပ်တစ်မျိုးမျိုးကို...''အုတ်စက်ပိုင်ရှင်'' ဒါမှမဟုတ် ''အလုပ်ခေါင်း''ဆီမှာတောင်းပြီး မိသားစုအားနဲ့ ၀ိုင်းလိုက်၊၀န်းလိုက်ရင်...မိသားစုအတွက်အပိုဝင်ငွေ ရလာတာပေါ့။ အပိုဝင်ငွေ ဆိုပေမယ့် မိသားစုစားအိုးကိုဖြည့်မယ့် အဓိက၀င်ငွေလည်းဖြစ်သေးတာကိုး။ ရာသီမတိုင်ခင် ကြိုသုံးယူထားတဲ့ငွေတွေက အြွေကးဟောင်းဆပ်ရတာနဲ့ အိမ်အတွက်လိုတာတို့တို့တိတိ ၀ယ်တာနဲ့ တကယ်အလုပ်လုပ်တဲ့ အချိန်မှာကုန်ပြီလေ။ အဲဒီတော့ ကြိုသုံးငွေခုနှိမ်ပြီးပိုတာက ဆန်ဖိုးပဲရှိတော့တာဆိုတော့ နေ့စဉ်အပိုဝင်ငွေမရှာနိုင်တဲ့နေ့ ဟင်းမပါတဲ့နေ့ပေါ့... အဲဒီအတွက်...သူ့မိဘက သူ့ကလေးကိုခိုင်းတာ သူတို့ရဲ့အမြင်မှာ ဘာမှမဖြစ်ဘူး...ဖြစ်နေတာကကျွန်မ...။
ကျွန်မကိုယ်တိုင်ကလည်း မသိခင်က ဘာမှမဖြစ်ဘူး...သိပြီးမှဖြစ်လာတာ ။ ၂၀၀၀ခုနှစ်နောက်ပိုင်းမှာ ''အရွယ်မရောက်သူ အလုပ်လုပ်ခိုင်းတဲ့ ပြဿနာ'' ကိုဆွေးနွေးဝေဖန်သံတွေ....သတိထားမိလာတယ်။ ကိုယ့်အလုပ်ကလည်း ကလေးအလုပ်သမားတွေနဲ့ မကင်းတဲ့အလုပ်ဆိုတော့ ထုံးစံအတိုင်းခေါင်းခဲရတော့တာပဲ။ ကလေးတွေကိုအလုပ် မလုပ်ခိုင်းရင်. သူတို့မိသားစုတွေကို တင်ကျွေးထားဖို့ပဲ ရှိတော့တာ...။ အဲလိုတင်ကျွေးထားရအောင်ကလည်း ဘဲအုပ်က တစ်ရာ၊ နှစ်ရာ....မဗေဒါက တစ်ပင်တည်းမဟုတ်လား...။
တစ်ရက်တော့....ဥပဒေနဲ့ကျောင်းပြီးတဲ့သူငယ်ချင်းဆီက ကလေးသူငယ်ဥပဒေ ကိုငှားဖတ် ဖြစ်တယ်။ အဲဒီမှာ ကလေးသူငယ်ဥပဒေပုဒ်မ ၆၅ကို ဖတ်ပြီးမှသက်ပြင်းချနိုင်တယ်...။ အစိုးရကပြဌာန်းထားတဲ့ ဥပဒေအရ ကျွန်မရဲ့လုပ်ငန်းခွင်က ကလေးတွေ၊ မိဘတွေအပြင် တာဝန်ရှိသူ ကျွန်မတို့မိသားစုပါ အပြစ်မရှိဘူး...ဥပဒေအရ သက်ပြင်းချနိုင်ပါတယ်။ လူမှုရေးကပြဌာန်းထားတဲ့ ဥပဒေအရလည်းခွင့်လွှတ်လျစ်လျူရှုနိုင်ပါတယ်...။ ရင်ထဲကခံစားချက်တွေနဲ့ ပြဌာန်းထားတဲ့ဥပဒေမှာတော့...ငြိနေတာအမှန်ပဲ...။
ဝင်ငွေကောင်းတဲ့ အုတ်လုပ်ငန်းကိုရပ်ပစ်လိုက်ရတဲ့အချိန်မှာ...စိတ်ခံစားမှုတွေ လွတ်လပ်သွားတဲ့အဖြစ်က ဘာအလုပ် လုပ်ရမှန်းမသိတဲ့ဝမ်းနည်းမှုနဲ့ အားပြိုင်နေခဲ့တယ်....။ ဒီလမ်းကိုလျှောက်ဖို့ အဆင်မပြေတော့ဘူးဆိုရင် ... နောက်တစ်လမ်းကို ရွေးချယ်ရမှာပဲ မဟုတ်လား...။
( ၄ )

နောက်ပိုင်းတော့ရန်ကုန်မြို့မှာ အခြေချဖြစ်သွားတယ်။ ကျွန်မတို့နောက်ထပ်ရွေးချယ်ခဲ့တဲ့ လမ်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက်ကော...အရွယ်မရောက်သူအလုပ်လုပ်ခိုင်းတဲ့ ပြဿနာအတွက်ကော...အမြင်၊ အကြား၊ အသိ သက်သာသွားပြီ။
အဆောက်အဦတစ်ခုအတွက် သစ်သုံးရတယ်၊ အုတ်သုံးရတယ်။ အဲဒီအဖြစ်တွေက ကိုယ်တိုင်လက်ညိုး ထိုးဝယ်ထားတဲ့ ...သစ်ပင်ကို မီးဖိုကြီးထဲထည့် မီးရှို့ရတဲ့ အဖြစ်ထက်တော့ စိတ်သက်သာမှုရစေတယ်လေ...။ နောက်ကျွန်မတို့ အလုပ်သမားတွေဟာ '၁၈နှစ်' ကျော်နေပြီဖြစ်တဲ့၊ အင်ပြည့်အားပြည့် အသက်ပြည့်သူတွေချည်းပဲ...။ အလုပ်နဲ့ပါတ်သက်တဲ့ တင်းအားတွေလျော့ကုန်ပြီ။ ကျွန်မတို့ရဲ့ ဒုတိယလမ်းမှာ...စိတ်ရောကိုယ်ပါပျော်ရွှင်ချမ်းမြေ့နိုင်ဖို့ လမ်းပေါ်မရောက်ခင်ကတည်းက ကျိုးစားရွေးချယ်သင့်တယ်မဟုတ်လား.....။
အုတ်လုပ်တုန်းက ခံစားချက်တွေမှိန်ဖျော့ငုတ်လှျိုးသွားကြပြီ။ ဒါပေမယ့်သိပ်မကြာခင်ကပဲ အဲဒီခံစားချက်တွေအသစ်ဖြစ်လာခဲ့တယ်။ အလုပ်ကိစ္စတစ်ခုရှိနေလို့ ဆူးလေကိုသွားဖို့ အလုပ်ပေါ်လာတယ်။ တောင်ဒဂုံကထွက်တဲ့ ၅၆ ဘတ်စ်ကားကိုစီးသွားရင် ဆူးလေကိုရောက်ရော၊ အဲဒါနဲ့ ၅၆ကားနဲ့လိုက်လာခဲ့တယ်။ ဂိတ်စ ပြီးနှစ်မှတ်တိုင်လောက်က စီးတာဆိုတော့ထိုင်ခုံရတာပေါ့။ တမေ့တမောစီးရမယ့်ခရီးမှာ...ထိုင်ခုံပေါ်ထိုင်ပြီး တွေးမိတွေးရာ တွေးနေမိတာ... ကျွန်မအတွက်အတွေးနဲ့ စိတ်ကူးယဉ်ခြင်းဟာ ဘာတစ်ခုနဲ့မှ ချိန်ထိုးလဲစရာမလိုပဲ ...ဖောဖောသီသီရတဲ့ပစ္စည်းမဟုတ်လား။ အဲဒီလိုတွေးကောင်းနေတုန်း...ပေါင်ပေါ်တင်ထားတဲ့အိတ်ပေါ် တစ်ခုခုလာဖိလို့ မော့ကြည့်လိုက်တော့ ၁၂နှစ်အရွယ်ကလေး တစ်ယောက် အလျင်စလိုပုံစံမျိုးနဲ့ စာရွက်တစ်ရွက်ကိုကျွန်မပေါ်လာတင်တာ၊ လွင့်သွားမှာကြောက်တာလား... ဒီမှာစာရွက်ထားခဲ့ပြီလို့ အသိပေးချင်တာလားတော့မသိဘူး။ ရိုးရိုးမတင်ဘူး၊ ဖိတင်ခဲ့တာ...ပြီးတော့ ချက်ခြင်းပဲ နောက်လူ... နောက်လူတွေဆီတိုးဝင်သွားရော...။
ကျွန်မစိတ်ထဲမှာ အမြဲကြုံနေကျလက်ကမ်းကြော်ငြာပဲအောက်မေ့မိတယ်...ဒါပေမယ့်စာရွက်ကလေး က သစ်မနေပဲ ကိုင်ပါများလို့နွမ်းနေပုံလေး။ စာရွက်ကလေးကိုအသာဖတ်ကြည့်မိတော့မှ အံ့သြတုန်လှုပ်မိတော့တယ်....။ဖြစ်မှဖြစ်ရလေ...တောင်းနည်းအသစ်တစ်မျိုးပေါ့။ အဲဒီအလုပ် လုပ်ရအောင်လည်း... ကလေးကသန့်သန့်ပြန့်ပြန့်လေး။ သန့်ပြန့်တယ်ဆိုတာ အ၀တ်အစားတင်မကဘူး၊ ရုပ်ရည်လေးကပါ ''လူရည်မွန်''ရုပ်ကလေး ထွက်နေတာ... အဲဒီ''လူရည်မွန်ကလေး''ကို ''လူရည်ချွန်ကလေး''ဖြစ်လာအောင် မပြုစု၊မစောင့်ရှောက်ဘဲ...ဒီလိုလူပေါ်၊လူညွှန့်ခူးတဲ့နည်း၊ လူ့ဂုဏ်သိက္ခာဆိုတာ မရှိအောင်မျက်နှာပြောင်တိုက်တဲ့နည်း ဘယ်သူသင်ပေးခဲ့ပါလိမ့်....။
စာထဲမှာရေးထားတာက '' သူက ဒုတိယတန်းကျောင်းသားပါ၊ သူ့ဖခင်ကြီးက ကိုယ်ရေပြားရောဂါ သည်မို့ အလုပ်မလုပ်နိုင်ပါဘူး၊ အဲဒီအတွက် ထောက်ပံ့ကြပါ '' ပေါ့၊ ကွန်ပျူတာစာစီထားတဲ့ စာရွက်ကလေးထဲမှာ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးထားပေမယ့် လိုရင်းကတော့ဒါပဲ....။ ၁၂ နှစ်သားရဲ့ ဥာဏ်ကဒီလောက်မတတ်နိုင်ဘူး။ သူ့ကိုဒီလိုလုပ်ဖို့စီစဉ်ပေးတာ ဘယ်သူလဲ...။ လက်ဦးဆရာ မည်ထိုက်စွာလို့ဆိုတဲ့ မိဘတွေပဲလား...ပတ်ဝန်းကျင်ပဲလား...။ ကိုယ့်ခွန်ကိုယ့်အား မပါပဲ သူတစ်ပါး ပိုက်ဆံကို ဘာလို့များလိုချင်ရတာပါလိမ့်...။ အပြစ်မဲ့တဲ့ကလေးတွေကို အချောင်ခိုတဲ့ စိတ်ဓါတ်အမွေ ဘာလို့ပေးခဲ့ချင်တာပါလိမ့်....။
စာရွက်ကလေးကိုင်ပြီးတွေးနေတုန်း ''စာရွက်ရှင်ကလေး'' ပြန်လှည့်လာတယ်။ လွယ်အိတ်ကလေး
လွယ်လို့၊ သနပ်ခါးပါးကွက်ကလေးကွက်လို့....ကျွန်မပြန်ပေးတဲ့စာရွက်လေးယူပြီးထွက်သွားတယ်...။ သူပေးခဲ့တဲ့လူတွေထဲက ကျွန်မလိုပဲစာရွက်ချည်းပြန်ပေးတဲ့သူ...စာရွက်နဲ့ရောပြီးငွေစက္ကူတစ်ချို့ပေးတဲ့သူ...အမျိုးမျိုးပါပဲ...။ သူကလေးကတော့ ခပ်တည်တည် '' ပေးတော့လည်းယူလိုက်မယ်မပေးတော့လည်းနေပေါ့ '' ဆိုတဲ့မျက်နှာပေးကလေးနဲ့...။ အချောင်ခိုချင်တဲ့ စိတ်ဓါတ်၊ အချောင်ခိုချင်တဲ့ အသိုင်းအ၀ိုင်းကြောင့်သာပဲ...အနေအထား၊ အရည်အသွေးကသူတောင်းစား အစစ်၊ သူတောင်းစားအဆင့်မဟုတ်ဘူး.....။
ပြောရမယ်ဆိုရင်သူတောင်းစားဆိုတာကလည်း... သူများပိုက်ဆံ ကိုယ့်ပိုက်ဆံဖြစ်အောင် လုပ်ရတာ ဆိုတော့...'' အစ်ကိုကြီး၊ အစ်မကြီးတို့ရယ်...ပိုက်ဆံကလေးနည်းနည်းလောက်သနားကြပါ '' တို့''ထမင်းကျန်၊ ဟင်းကျန် လေးများရှိရင် စွန်ကြဲကြပါ ခင်ဗျာ '' တို့....တစ်မျိုးမျိုးတော့ အသံကလေး၊ ဟန်ကလေး၊ မျက်နှာပေးကလေး ရင်းကြရတာမဟုတ်လား...။ အဲသလို သနားစိတ်ပေါ်လာအောင်ပြောဆို တောင်းရမ်းရတဲ့အတွက် ပေါ်ပေါက်လာတဲ့ သနားစိတ်ကို အရင်းခံပြီး ပေးရမယ်ဆိုရင်တောင် ပေးပျော်ပေးရဲ့.....။
အခုတော့ အေးဓါးပြတိုက်တာလိုလို၊ မိုက်ကြေးခွဲတာလိုလို......ကလေးနဲ့မလိုက်တဲ့စိတ်နေ၊စိတ်
ထား၊ အပြုအမူက ဘယ်လောက်ကြောက်စရာကောင်းလဲ...။ အနာဂါတ်မသိ၊ အတိတ်မသိ...ပစ္စုပ္ပန်တည့်တည့်ရှုတတ်တဲ့ ကျွန်မရဲ့အလုပ်သမားတွေက သူတို့သားသမီးတွေကိုအလုပ်လုပ်ခိုင်းတယ်...။ ဒါဟာ အဖေတို့၊အမေတို့ခင်းပေးတဲ့ ''လမ်း''...မင်းတို့တစ်သက်လုံးလျှောက်ပေတော့လို့ ပြောလိုက်တာပဲဟုတ်လား...။ သူ့မိဘ၊ သူ့ကလေး၊ သူ့ဖွဲ့စည်းပုံ၊ သူ့မိသားစုရေးကို ငြိုငြင်ခဲ့ဖူးတဲ့ ကျွန်မ အခုမှနားလည်လာမိတယ်....။
( ၅ )

အလုပ်နားတာနဲ့..ယောကျာ်းတွေက အရက်မူး၊ အော်ဟစ်၊ ရန်ဖြစ်...မိန်းမတွေကကော မိုးကလေးချုပ်တာနဲ့ အငယ်ဆုံးကလေးခါးထစ်ခွင်ချီ၊ ကျန်တဲ့ကလေးတွေကို နောက်ကနေ နွားကျောင်းသလို တဟဲ့ဟဲ့မောင်းပြီး ဗီဒီယိုရုံထဲသွင်း နောက်ဗီဒီယိုပြီးပြန်တော့ အိပ်ချင်မူးတူးကလေးတွေကို ဒယဥ့်တိုက်ဆွဲသင့်တဲ့ကလေး...ဒယဥ့်တိုက်ဆွဲ၊ တုတ်နဲ့ ရိုက်သင့်တဲ့ကလေး...ရိုက်ပြီး ၊ သူတို့ရဲ့တဲသာသာ ဆောင်အိမ်နန်းကို ပြန်ကြရတာ...။
အိမ်ရောက်ပြန်တော့လဲ ကလေးတွေကော၊ မအေပါခေါင်းချလိုက်တာနဲ့ အိပ်ပျော်ကြရော...။
အဲဒီလို ဗီဒီယိုကြည့်လို့များငွေပိုနေတယ်....စားကောင်းသောက်ဖွယ်စားနေရတယ်မထင်နဲ့။ ကြမ်းပေ့၊ ဈေးပေါပေ့ဆိုတဲ့.. ဆန်ကို 'ဆားငံပြာရည်ဖျော်'လို့ အလွယ်တကူ ခေါ်ကြတဲ့ ဆားရယ်၊ ငရုပ်သီးလှော်မှုန့်ရယ်ရောပြီးရေဖျော်ထားတာကို ဘောစကိုင်းညွှန့်လေးခူးပြီးပြုတ်တို့...အဲဒါသူတို့ရဲ့ ပင်တိုင်ဟင်းလျာပေါ့...။
အဲဒီလို မိဘမျိုးတွေက သားသမီးတွေကို လမ်းတစ်လမ်း ဖောက်မှန်းမသိဖောက်ပေးခဲ့တာ...။ သေချာတာတစ်ခုကတော့ ကိုယ့်ခွန်၊ကိုယ့်အားကို တန်ဘိုးထားတတ်အောင် နည်းပြခဲ့တာပဲ...။ သူတစ်ပါးပစ္စည်းအချောင်ရလို စိတ်နဲ့ ''တောင်းစား'' ဖို့ နည်းလမ်းမပြခဲ့ကြဘူး...။ ကျွန်မတို့ ပတ်ဝန်းကျင်မှာပုံစံမျိုးစုံနဲ့ တောင်းစားတဲ့လူတွေကိုတွေ့ဖူး ကြမှာပဲ..။ အဲဒီလူတွေထဲမှာ အမှန်တကယ်အကူအညီလိုအပ်လို့တောင်းတဲ့ လူရှိသလို၊ အချောင်ရလို့တောင်းတဲ့လူတွေလဲ အနမတဂ္ဂမဟုတ်လား....။ ဒီလိုလူတွေအကြောင်းတွေးရင်းနဲ့မှ မြင်လာတာက...၀ပ်ရှော့တွေမှာ စက်ဆီချေးတွေ ပေပွနေတဲ့ကလေးတွေ...ကားဂိတ်တွေမှာ ပစ္စည်းမျိုးစုံရောင်းတဲ့ကလေးတွေ...လဘက်ရည်ဆိုင်တွေ၊ ထမင်းဆိုင်တွေမှာ စားပွဲထိုးလုပ်နေတဲ့ကလေးတွေ...၊မီးပွိုင့်တွေမှာ ပန်းတို့၊သတင်းစာ၊ဂျာနယ်တို့ ရောင်းတဲ့ကလေးတွေ...အများကြီးပါပဲ..။
ငယ်ကတည်းက လုပ်အားတန်ဖိုးချစ်မြတ်နိုးတဲ့ကလေးတွေ၊ ကိုယ့်ခွန်ကိုယ့်အားကိုမှ တန်ဘိုးထား
တတ်တဲ့ကလေးတွေ၊ ကိုယ်ချွေးနည်းစာကိုမှ မက်မောတဲ့ကလေးတွေ....၊သူတစ်ပါးပစ္စည်းအချောင်ခိုဖို့ ရှက်တဲ့ကလေးတွေ၊ကိုယ့် ချွေးစက် မကျခဲ့ဘူးရင်...ဘယ်အရာကိုမှ အလကားမလိုချင်တဲ့ကလေးတွေ... ကျွန်မတို့ကမ္ဘာရွာကြီးရဲ့ အနာဂါတ် အတွက်...လိုအပ်နေတာ အဲဒီကလေးမျိုးတွေပဲမဟုတ်လား...။ အဲဒီတော့ ဒီလိုတောင်းစားတတ်တဲ့ကလေး တွေထက် ... လုပ်ငန်းခွင်က ကလေးတွေကိုကျွန်မတို့တွေက မချီးမြှောက်သင့်ဘူးလား...သူတို့ကလေးတွေအတွက် ''လမ်း'' တွေကူ ဖေါက်မပေးသင့်ဘူးလား....။ လမ်းမှားရောက်သူ၊ လမ်းပျောက်သူတွေကိုကော...လမ်းမှန်ရောက်အောင် ကြိုးစားဆွဲခေါ်မပေးသင့်ဘူးလား...။
'' စာရွက်ရှင်ကလေး '' နဲ့ကြုံလိုက်ရတဲ့တခဏမှာ...အတွေးတွေ၊ စဉ်းစားစရာတွေတင်မကဘူး၊ ဆုံးဖြတ်စရာတွေပါရလာခဲ့ပါတယ်...။ ကျွန်မကသားတွေအတွက် အတ္တမျက်နှာဖုံးကိုမခွာနိုင်ခင်က...စိတ်ဆင်းရဲခဲ့ရတယ်။ ကျွန်မတို့မရှိတဲ့နောက် သားတွေအဆင်ပြေပါ့မလား...သူတို့ရှေ့မှာမားမားမတ်မတ်ရပ်တည်တဲ့ အဖေနဲ့အမေ မရှိတော့တဲ့အခါ သူတို့ဒုက္ခရောက်ကြတော့မလားပေါ့လေ။ အခုတော့အမှန်တရားကိုမြင်တတ်လာပြီ...။ ကျွန်မသားတွေအတွက်ကော... ကျွန်မကအရာရာပြီးပြည့်စုံခြင်းကို ဖန်တီးပေးနိုင်ပါ့မလား...ဗုဒ္ဓတရားတော်နဲ့အညီ ကံ၊ ကံ၏အကျိုးပေါ့...။သူတို့တွေကံရှိသမျှ အတိတ်ကံအကျိုး ပစ္စုပ္ပန်ကံအကျိုးတွနဲ့ သူတို့ဘ၀ကိုသူတို့ဘာသာ တည်ဆောက်ကြရမှာပဲမဟုတ်လား..။ တကယ်တမ်း ကိုယ်ပိုင်ဆိုင်တာက ''၀ိရိယ''တစ်ခုတည်း။ သားတွေကိုတကယ်ချစ်ရင် ဘ၀ကိုရင်ဆိုင်တတ်ဖို့...လေ့ကျင့်သင်ကြားပေးရုံကလွဲပြီးဘာတတ်နိုင်ဦးမှာတဲ့လဲ...လမ်းမှန်ကိုလျှောက်တတ်ဖို့...''လမ်း'' ပေါ်ရောက်အောင်၊ ပန်းတိုင်မပျောက်အောင် ကူညီဖြည့်တင်းပေးနိုင်မယ့် စိတ်ခွန်အားတွေမွေးမြူဖို့ ကြိုးစားရပါဦးမယ်။ ဒါဟာ ''စာရွက်ရှင်ကလေး'' နဲ့ ကြုံခဲ့ရပြီး အသစ်တိုးလာတဲ့ဆုံးဖြတ်ချက်တစ်ခုပဲဖြစ်ပါတယ်။

( ၆ )

ဦးတည်ရာခရီးလမ်းဆုံးကိုရောက်ဖို့ တစ်မှတ်တိုင်ဝင်၊ တစ်မှတ်တိုင်ထွက် တစ်ရွေ့ရွေ့ရီးနှင်နေတဲ့ ၅၆ ဘတ်စ်ကားကြီးပေါ်မှာထိုင်ပြီး တွေးကောင်းနေဆဲမှာပဲ...ရွှေရောင်ဝင်းနေတဲ့၊ သပ္ပါယ်လှတဲ့ ဆူးလေစေတီတော်ကြီးကို ဖူးမြင်လိုက်ရပါတော့တယ်.....။ ။

အဖြူရောင်( ရွှေ )
ပိတောက်ပွင့်သစ် မဂ္ဂဇင်း
၂၀၁၂ ၊ မတ်လ ။

No comments:

Post a comment