Saturday, 8 September 2012

မိစ္ဆာတို့၏ကျိန်စာ



၂၀၁၁
'' မမရေ...မနက်ဖြန်အားလား''
'' အင်း ... အားပါတယ်...ဘာလုပ်စရာရှိလို့လဲ''
အိမ်ထဲကအိမ့်ပြင်ထွက်လေ့မရှိဘဲအရေးကြီးကိစ္စရှိ၍အပြင်ထွက်ရတော့မည်ဆိုလျှင်ဖြင့် အဖော်လိုက်ရှာလေ့ရှိသူ ညီမက ''အားလား'' ဆိုသည်နှင့် ကျွန်မကသိပြီးသားပင်...။ သူ့မှာအပြင်ထွက်ရမည့်အလုပ် တစ်ခုခုရှိနေပါပြီ။
''ဟိုလေ...ဟို...ဟိုဟာလေ...ဒီလိုမမရဲ့မနေ့က မမကြီး ဖုန်းဆက်တာလေ... ရဲရဲစာမေးပွဲအောင်တဲ့ကိစ္စလေ''
''အဲဒါ...ဘာဖြစ်လဲ''
'' မလတ် မကြိုက်မှန်းတော့သိသားပဲ... ဒါပေမယ့် ညီမက,ကတိပေးထားတာ''
''ငါ..မကြိုက်တာ...သြော်..သြော်...ဖြစ်ရလေ ဘာတွေဆက်ပါ့မယ်လို့ ကတိတော်ထားခဲ့သလဲ''
''ဟိုလေ...ပွဲလေးလုပ်ပေးပါ့မယ် ပြောခဲ့တာ''
''ဘုရားရေ.... အဲဒါဘယ်လောက်ကုန်မှာတုန်း''
''အကြမ်းဖျင်း...နှစ်သိန်းလောက်ပါပဲ''
'' ဟား... နင်တို့တော့အရူးကြီးရူးပြီ... အဲဒီပိုက်ဆံ ဘိုးဘွားရိပ်သာသွားလှူတာကမှ အဓိပ္ပါယ်ရှိဦးမယ်...လုပ်မပေးနဲ့၊ ငါသဘောလည်းမတူဘူး။ အဲဒီကိစ္စဆိုရင်...လိုက်လဲမလိုက်နိုင်ဘူး။
ငါ့ကို အဲဒီကိစ္စတွေ လာမပတ်သက်နဲ့ ပြောထားရဲ့သားနဲ့ ...''
''ညီမသူငယ်ချင်းတွေက ခရီးထွက်တဲ့သူနဲ့၊ နေမကောင်းတဲ့သူနဲ့ Jyapကျတဲ့သူနဲ့ ဂျမ်းဖြစ်နေလို့ပါ...'' မျက်နှာငယ်နှင့် မော့ကြည့်ပြောပြနေသော အငယ်မကိုကြည့်ကာ တကယ်ကိုစိတ်ကုန်မိပါသည်။ သူ့ကိုကြည့်ရင်း လွန်ခဲ့သောဆယ်နှစ်ကအဖြစ်တစ်ခုကို ပြန်သတိရမိသည်။

၂၀၀၁

''သမီးရေ...အဖေ မန္တလေးသွားမယ်၊ မိုးချုပ်မှ ပြန်ရောက်မယ်နော်''
''ဟင် အဖေကလည်း ဘာကိစ္စရှိလို့တုန်း ချက်ချင်းကြီးပဲ''
'' အင်း...ကိစ္စကတော့ အရေးကြီးကိစ္စပဲ ညည်းညီမက ကျောက်ချောကအဖွဲ့တွေနဲ့ ပွဲတင်ချင်လို့တဲ့ အဖေ့ကိုလာပြောတော့...အဖေ ရှောင်နေမှဖြစ်တော့မှာပေါ့''
''ဟင်...ဒါဆိုသမီးလဲလိုက်မယ် ဟာ မဖြစ်သေးပါဘူးမနက်ဖြန် စာရင်းအကုန်ရှင်းပေးမယ်လို့ပြောထားတာ လိုက်လို့မဖြစ်သေးပါဘူး......စာရင်းတွေတွက်ရဦးမှာ ဒါဆိုချောင်ပိတ်မိနေပြီပေါ့''
'' ငါ့သမီးက သရက်ပင်အောက်သွား စာရင်းတွက်နေလိုက်လေ အဖေကတော့လစ်ပြီ''
အ၀တ်အစား ခက်သွက်သွက်လဲပြီး ထွက်သွားသည့်အဖေ့ကိုကြည့်ကာ အဖေ့လိုရှောင်ထွက်လို့မရသည့် ကျွန်မက ဒေါသဖြစ်ကျန်ရစ်ရသည်။ ကြီးမားအုံ့ဆိုင်းနေသော သရက်ပင်ကြီးအောက်ကို ကျွန်မထိုင်မည့်ခုံနှင့်စားပွဲရွှေ့၊ စာရင်းစာအုပ်၊ ဂဏန်းပေါင်းစက် ပြင်ဆင်ပြီးချိန်မှာပဲ အငယ်မတို့အဖွဲ့ဆူညံဆူညံနှင့် ရောက်လာပါတော့သည်။ အုန်းသီး၊ ငှက်ပျောသီး၊ သပြေပန်း၊ အမွှေးတိုင်တို့နှင့်အတူ အခြားတိုလီမိုလီထည့်ထားသည့် ဆွဲခြင်းများကိုင်ထားသော ယောင်္ကျားကြီး တစ်ယောက်နှင့် မိန်းမလေးယောက်ကိုဦးဆောင်လာသည့် အငယ်မကကျွန်မကို လှည့်ကြည့်,လှည့်ကြည့်လုပ်ကာ...
''မနော်ရေ...အဖေကော''
'' အန်ကယ်ကြီး မန္တလေးကိုသွားတယ်''
''နင်တို့ကိုကြောက်လို့ ရှောင်သွားတာဟေ့...မရှောင်နိုင်တဲ့ငါပဲ ကျန်ခဲ့တာ''
စိတ်ဆိုးတဲ့အရှိန်နှင့် ကျွန်မက အော်တော့ ကုတ်ကုတ်,ကုတ်ကုတ်ဖြင့် အိမ်ထဲဝင်သွားတော့သည်။ မကြာပါ... ပြင်ဆင်သံတွေ၊ မန်းသံ၊ မှုတ်သံ၊ တိုင်တည်သံတွေ...ကျွန်မကလည်းစာရင်းတွေထဲစီးမျောရင်း သူတို့ကို ခေတ္တ မေ့သွားချိန်.. '' မမလေး...မမလေး...ကြည့်လုပ်ဦး ''
''ဟင်...မနော်...ဘာဖြစ်လို့လဲ''
''ဟိုမှာ... ဟိုလူကြီးက မငယ်လေးကို ပေးမထွက်ဘူး''
''ဘာ မထွက်တာတုန်း''
''ဟိုလေ... မငယ်လေးက ဟိုဘက်ဘ၀က အစ်ကိုကြီးတဲ့၊ သူ့သမီးနှစ်ယောက်က
ညီမတွေတဲ့...ညီမတော်တွေတဲ့...အဲဒါ ညီမအကြီးက အိမ်ထောင်ပြုတော့မှာမို့ ခွင့်တောင်းတာတဲ့..
အဲဒါ မငယ်ကိုစီးထားတဲ့ အစ်ကိုတော်က အေး...အေးလို့ပြောလိုက်တော့.အဲဒါလက်ဖွဲ့ သိန်းတစ်ထောင်ဆုပေါက်အောင်လုပ်ပေးမှ ထွက်ရမယ်တဲ့ အဲဒါမငယ်လေးက ကြမ်းပေါ်မှာ လူးလှိမ့်နေတာပဲ...ကြာနေပြီ လာကြည့်ပါဦး''
ဆတ်ကနဲထ,လိုက်သွားမိတော့ အငယ်မကကြမ်းပေါ်မှာ လူးလိမ့်ရင်း 'တအင်းအင်း' အော်နေသည်။ ချွေးတွေကလည်း ရွှဲလို့ မြင်မကောင်း ရှုမကောင်း၊ ဓါတ်ဆရာဆိုသည့် ဘိုးတော်က...
''ကိုယ့်နှမတော်လေး ကိုယ်,မချစ်ဖူးလား ကတိပေးလိုက်လေ...ကတိပေးလိုက်''
''မောင်ကြီးရေ...ကိုယ့်နှမတော်လေးမင်္ဂလာဆောင်မှာလက်ဖွဲ့ပါ မောင်ကြီးရဲ့...သိန်းတစ်ထောင်ဆုကြီး ရပါစေလို့ ကတိပေးလိုက်ပါ မောင်ကြီးရဲ့...''
ကြမ်းပေါ်လူးလှိမ့်နေသည့်အငယ်မနားမှာ နတ်ဆရာနှင့်သူ့သမီးက ဘာတွေမှန်းမသိတတွတ်တွတ်ပြောကာ အငယ်မကတော့ မျက်လုံးစုံမှိတ်ပြီး လူးလိမ့်နေရင်း တအင်းအင်းညည်းနေလိုက်သည်က အံ့သြစရာ...။ဓါတ်ဆရာပြော သမျှငုံ့ခံကာ ဘာမှမသိသလိုပုံမျိုးဖြင့် ကြမ်းပြင်ပေါ်လှိမ့်နေသည့် အငယ်မကိုလုံးလုံးနားမလည်နိုင်ပေ။ နဂိုကတည်းကစိတ်တိုနေသည့် အရှိန်နှင့် ဒီလောက်တောင်အရူးထ,ရလားဆိုသော ဒေါသလေအပင့်မှာ မငြှိမ်းနိုင်သည့်မီးနှယ် ၀ုန်းကနဲထ,လောင်ပါတော့သည်....
''အဲဒါက ဘာဖြစ်နေတာလဲ... နင်ကကော ဘာဖြစ်နေတာတုန်း... ထ,စမ်း''
လူးလှိမ့်နေသည့် အငယ်မကိုဆွဲထူလိုက်တော့ ဆံပင်ဖို့ရို့ဖားရား၊ ချွေးတွေကရေချိုးထားသကဲ့သို့ စက်စက်နစ်နေကာ...မာရသွန်ပြေးလာခဲ့သူလို၊ ကုန်းပေါ်ရောက်နေသည့် ငါးပါးဟက်နှင့်အသက်ရှုနေသည့်တိုင် မလုံလောက်သေးသလို တဟောဟော မောနေလိုက်ပုံက အသည်းယားဖွယ်ရာပင်။
''မနော် ရေတစ်ခွက်ယူခဲ့... ဘာအစ်ကိုကြီးတုန်း၊ ဘာမောင်တော်တုန်း ပြောစမ်း...ဘာနှမတော်တုန်း..ဟင်'' ''ရော့...မနော် သူ့ကို ချွေးသုတ်ပေးလိုက် ကဲ ကျွန်မဗုဒ္ဓဟူးသမီး ၀င်ခိုင်းလိုက်၊ ရှင့်အစ်ကိုကြီးဆိုတာ ၀င်ခိုင်း...''
ကျွန်မက,အငယ်မကို မနော်လက်ထဲလွှဲပေးလိုက်ကာ သူတို့ပြင်ဆင်ထားသော အုန်းပွဲ၊ ငှက်ပျောပွဲတွေရှေ့ ရွှေ့ပြောင်း တင်ပလ္လင်ခွေထိုင်ပြီး နတ်ဆရာကို စိန်ခေါ်လိုက်တော့ ကြောင်ကြည့်နေကြသည့် နတ်ဆရာ သားအဖတွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။ သို့သော်လည်း ဟန်ကိုယ်ဖို့သဘောနှင့် ကျွန်မရှေ့ရောက်အောင် တိုးထိုင်လိုက်ရင်း ချောင်းတစ်ချက်ဟန့်လိုက်ကာ...
''ဘ၀အဆက်ဆက်...မပျက်မကွက်၊ မလွှဲမသွေ မဆုံ,ဆုံအောင် မကြုံ,ကြုံအောင် သံယောဇဉ်
ကြီးခဲ့ကြတဲ့ မောင်ကြီးရေ...နှမတော်လေးတို့နဲ့ တွေ့ကြရအောင်...ဒီဗုဒ္ဓဟူးသမီးဆီ မောင်ကြီးလိပ်ပြာ နားခိုပါတော့ ...မောင်နှမတွေ အတူဆုံပြီးဆုတောင်းရအောင်၊ သံသရာအဆက်ဆက် မောင်ကြီးနဲ့နှမလေးတွေ မလွဲမသွေပြန်တွေ့ရဖို့ ဆုတောင်းရအောင်...ဒီလိပ်ပြာရှင်ဆီ...''
ကျွန်မကလည်း ဒေါသနှင့် ဆတ်ဆတ်တုန်နေပါပြီ။ ဒီလိုပွဲမျိုး ဘယ်သောအခါကမှ မကြည့်ဖူး၊ မမြင်ဖူးလေတော့ သူတို့လုပ်နေတာ ဘာမှန်းမသိ၊ နတ်ကနားပေးတာကတော့ ခဏတဖြုတ်ရပ်ကြည့်ဖူးပါသည်။ ''ဒီလိုအ၀တ်အစားတွေ ၀တ်ပြီး ဒီလိုဆိုင်းကွက်နဲ့ က,တာမျိုးတော့...ငါတောင်ကလိုက်ချင်သေး၊ ကြက်ကြော်လည်းစားရ၊ ပိုက်ဆံတွေလည်းရ၊ ဇိမ်ကျလိုက်တဲ့ဘ၀''လို့ ဟာသလုပ်တွေးဖူးသည်။ သို့သော်ငြား ထိုခဏတစ်ဖြုတ်က တစ်ခါလား၊ နှစ်ခါလား...ဒါ့ထက်မပို။
ကျွန်မတို့မိသားစုမှာ အဖွားတို့၊ အမေတို့ ရိုးရာတင်ကြတာကလွဲပြီး မည်သူမှယခုကဲ့သို့ ရှုပ်ရှုပ်ယှက်ယှက် မလုပ်ဖူးကြ။ အဖေကဆိုဝေးရော ဒီလိုမိသားစုမှာ အငယ်မ,ကျကာမှ ဘယ်ကရောဂါကူးစက်လာသည်မသိ... နတ်ဆရာကလည်း ပွတ်တွတ် ပွတ်တွတ် ရွတ်ကောင်းဆဲ...ကျွန်မကလည်း တောင့်တောင့်ကြီးထိုင်ပြီးတွေးကောင်းဆဲ... မိနစ်တို့တစ်မိနစ်ပြီး တစ်မိနစ်ကူးပြောင်းဆဲ...မျက်ဝန်းဒေါင့်မှာ ရိပ်ကနဲလှုပ်ရှားမှုတစ်ခုတွေ့လိုက်ရပြီး...
''ဟေ့...ဟေ့..ငါကိုယ်တော်ကလိပ်ပြာမလှရင်မ၀င်ဘူးကွ...လိပ်ပြာလှတဲ့သူမှငါက၀င်ချင်တာ... ဟားဟားဟားဟား...နှမလေးတို့..မောင်ကြီးက နှမလေးတို့ကိုရှာလိုက်ရတာ...တို့မောင်နှမတွေ...''
လှည့်ကြည့်လိုက်သောအခါ ဓါတ်ဆရာသမီးအငယ်မက စုစည်းထားသော ဆံပင်တွေ ဆွဲဖြုတ်ကာ တစ်ကိုယ်လုံး လှုပ်ရမ်းယိမ်းထိုးရင်း ကန်တော့ပွဲနားတိုးကပ်လာပါသည်... ''တိတ်စမ်း...ဘာလိပ်ပြာလှတာတုန်း...လူလိမ်တွေမို့လို့လိပ်ပြာလှတာပေါ့...ရှင်တို့တွေကို မကောင်းတတ် လို့ကြည့်နေတာ....ဘာမောင်ကြီးတုန်း ..ဟင်...ထီပေါက်ချင်တယ် ဟုတ်လား... ချမ်းသာချင်တယ် ဟုတ်လား...ချမ်းသာချင်ရင်အလုပ်ကြိုးစားပေါ့ဟဲ့ထီပေါက်ဖို့များ ဆုတောင်းရတယ်လို့...အချောင်သမားတွေ
အခုချက်ချင်းထွက်၊ ဒီအိမ်ထဲက အခုချက်ချင်းထွက်...ရှင်တို့ တစ်သက်လုံးမှတ်ထား...
ထီပေါက်ဖို့ဆုတောင်းတယ်ဆိုတာအချောင်သမားတွေအလုပ်...အတိတ်ကံပါလာရင် ထီပေါက်မှာပဲ... အလုပ်,မလုပ်ဘဲကြီးပွားချင်ရင် ဓားပြသွားတိုက် လူလိမ်တွေ ဘာလိပ်ပြာလှတာလည်း''
ကျွန်မ,အကျင့်ကလည်း အရှိန်ရလာရင်ဆက်သွားတတ်လေတော့ ပြောရင်းပြောရင်း နှုတ်လွန်ကုန်သည်။ ကျွန်မအပြောမှာမျောနေကြသူများက ဟိုပစ္စည်းကောက်ကိုင်ရနိုးနိုး ...ဒီပစ္စည်းကောက်ကိုင်ရနိုးနိုး...ကန်တော့ ပွဲတွေပဲယူပြေးရနိုးနိုး ဗျာများနေချိန်အငယ်မက မနော်လက်ထဲမှလူးလဲရုန်းထပြီး ကန်တော့ပွဲတွေရှေ့ ငုတ်ထိုင်ကလေးထိုင်ကာ....
'' အမိုက်အမဲလေးပါဘုရား...ဗွေမယူပါနဲ့ဘုရား အမိုက်အမဲလေးပါ...ဗုဒ္ဓဟူးသမီးက အမိုက်အမဲလေးမို့ပါ''
ကန်တော့ပွဲများကို အကြိမ်ကြိမ်ဦးကုန်းချရင်း ပါးစပ်ကတတွတ်တွတ်ရွတ်နေသည့် အငယ်မကိုကြည့်ကာ ''ဘာသာကိုစွန့်နိုင်တယ်...၀ါသနာကို မစွန့်နိုင်ဘူး'' ဟူသောရှေးစကားတစ်ခွန်း ကျွန်မရင်ထဲ ရောက်လာပါသည်...။

၂၀၁၁

ထိုစကားလေးက ယခုချိန်ထိမှတ်မိခိုင်မြဲနေဆဲ...အငယ်မက ဘာသာကိုစွန့်ချင်စွန့်လိမ့်မည်...၀ါသနာကို ဘယ်သောအခါမှ စွန့်မည့်သူမဟုတ်၊ သူကမရှောင်လျှင်၊ ကိုယ်ကရှောင်လေမှ ထိပ်တိုက်မတိုးမည်မှန်းသိနေသည့် ကျွန်မကပဲရှောင်လာခဲ့သည်က...၁၀နှစ်ကျော်ခဲ့ပါပြီ။
တွေးလက်စ အတွေးများက မမကြီးအကြောင်းရောက်သွားပြန်တော့ ပြုံးချင်လာပြန်သည်။ မည်သို့မှန်းမသိ သော်လည်း ကျွန်မတို့ညီအစ်မသုံးယောက်က တစ်ယောက်နှင့်တစ်ယောက်မတူညီကြ။ အဓိက,ကွဲပြားချက်က စာဖတ်ခြင်း ဓလေ့ဆိုသည်ကိုတော့ ကျွန်သဘောပေါက်စ,ပြုပြီ။ ကျွန်မ၏၀ါသနာက စာဖတ်ခြင်း...အားလျှင်စာအုပ်ကောက်ကိုင်ပြီး စာဖတ်နေမြဲ။ စာဖတ်ခြင်းဆိုသည်က အစပိုင်းမှာ ပျင်းရိဖွယ်ဖြစ်ချင်ဖြစ်နိုင်သော်လည်း နောက်တော့စွဲမှန်းမသိစွဲကာ စာအုပ်နှင့်မျက်နှာမခွာချင်တော့..။ ဖြစ်လေ့ရှိသည်က အကြိုက်ဆုံး၊အဖတ်ချင်ဆုံးစာအုပ်နှစ်အုပ်ကို ဘယ်၊ညာလက်နှစ်ဖက်နှင့်ကောက်ကိုင်မိလျှင်ဘယ်လက်ကိုလွှတ်ချလိုက်ရမှာလား.. ညာလက်ကို လွှတ်ချလိုက်ရမှာလား... 'ဘယ်၊ညာ'တိုက်ပွဲ ဆင်နွှဲရတတ်ပါသေးသည်။

၂၀၀၁

''နင်တို့အားရင် ထိုင်နေတာပဲ၊ စာအုပ်ဖတ်ပါပြောလည်းမရဘူး''
''ဟာ...ပျင်းစရာကြီး မလတ်,စာအုပ်တွေက ဖတ်လဲ,ဖတ်ရသေး ဖတ်ပြီးတာနဲ့မပြီးသေးဘူး တွေးရသေး... မလတ်ဖတ်ပြီးပြန်ပြောတာပဲ နားထောင်တော့မယ်''
''ဘယ်အရာမဆို အရင်းတော့ နည်းနည်းစိုက်ရမှာပေါ့ဟဲ့...စာအုပ်ကလေးလက်ထဲကိုင်ထားတော့ အိနြေ္ဒလည်းရတယ်...ကားစောင့်ရင်းဖြစ်ဖြစ်၊ လူစောင့်ရင်းဖြစ်ဖြစ်..ဒီအတိုင်းထိုင်နေမယ့်အစား စာအုပ်ကလေးဖတ်နေတော့ အိနြေ္ဒလည်းမပျက်ဘူး၊ မကြောင်ဘူးပေါ့...အားနေတော့ဟိုကြည့် ဒီကြည့်နဲ့လျှောက်ကြည့်မိ...အမြင်မတော်တာတွေ့တော့ အတင်းပြော...အကုသိုလ်ပွားတယ်... စာအုပ်ကလေးဖတ်နေတော့ အဲဒီ,အကုသိုလ်တွေလည်း ရှောင်ပြီးသားဖြစ်ရော''
''အမလေး ဆရာမကြီးရယ်...ကိုယ့်တရား ကိုယ်ပဲကျင့်ပါ''
အဲဒီလို သူတို့တရားနှင့်သူတို့နေကြသည့်အထဲမှာ မမကြီးအကျင့်ကတစ်မျိုးတစ်ဘာသာပင်။ ကျွန်မတို့ကို ဦးဆောင်ပြီး စီးပွားရှာကျွေးနေရလေတော့အဖေနှင့်နီးစပ်မှုပိုများသည်။အဖေနှင့်နီးနီးကပ်ကပ်နေရင်းကပင် အဖေ့ဒေါသများ နှင့် ရင်ဆိုင်နပန်းလုံးချိန်များလာကာ သူ့မှာရှိသောအကျင့်တစ်ခုက ခိုင်မြဲအားကောင်းလာပါတော့သည်။
အဲဒါက လိမ်ပြောတတ်ခြင်း...။
အဖေ၏ချီးမွမ်းအထင်ကြီးမှုကိုပဲခံချင်ကာ အဖေ့ဒေါသကို ရင်မဆိုင်ချင်သော မမကြီးကကိစ္စအတော်များများမှာ လိမ်ပြောတော့သည်။ အဲလိုလိမ်ပြောခြင်းက တဖြည်းဖြည်းနှင့်အကျင့်ကြီးတစ်ခုလို စွဲကပ်လာတော့တာပင်။
''အမှန်အတိုင်းပြောလိုက်လေ...နင်ကဘာဖြစ်လို့လိမ်ပြောရတာလဲ''
''အဖေစိတ်ဆင်းရဲသွားမှာစိုးလို့''
''အမှန်အတိုင်းပြောပါ...ရင်ဆိုင်ပါပြောထားရက်နဲ့''
''အေးတစ်ခါလိမ်၊နှစ်ခါလိမ်...အမြဲတမ်းလိမ်ပြောနေ၊ဘယ်ဟာကအမှန်လဲ ဘယ်ဟာကလိမ်ထားတာလဲ..
မမေ့အောင်၊ရော,မသွားအောင်နေရ၊ ဖြေရှင်းရ တော်တော့်ကို ကိုယ့်ဒုက္ခကိုယ်ရှာတာပဲ''
''နင်မသိဘဲ လျှောက်ပြောမနေနဲ့...အဖေက အိမ်ထဲမှာနေရင်းအလုပ်ကိစ္စစီစဉ်ရတာ...ငါကအပြင်ထွက် လှုပ်ရှားရတာ...အပြင်ကကိစ္စတွေ၊အပြောင်းအလဲတွေအဖေကနားလည်တာမဟုတ်ဘူး... အမှန်အတိုင်း ပြောလိုက်ရင်..မိုးမီးလောင်ကုန်လိမ့်မယ်...မှန်တာပြောရင် ရွာပြင်ထုတ်ခံရတယ်ဆိုတာမကြားဖူးဘူးလား''
လိမ်ပြောလိုက်တာက ခဏကလေး...လိမ်ပြောပြီးသည့်နောက်တွင် ထိုလုပ်ဇာတ်ကို ဖုံးရ၊ဖိရ၊ဇာတ်လမ်း ဆက်တန်...ဆက်ရ၊ ဇာတ်ညွှန်းကမပီပြင်ခဲ့လျှင် ပီပြင်သောဇာတ်ညွှန်းဖြစ်အောင်ဆက်ရေးရ။ ပထမဇာတ်လမ်းမပြီသေးခင် ဒုတိယဇာတ်လမ်းကစ,လာပြီ ။ ဟောပထမဇာတ်လမ်းနှင့် တတိယဇာတ်လမ်း အံမ၀င်လေတော့ ဦးနှောက်ကိုအရေးပေါ်အသုံးချပြီး စတုတ္ထဇာတ်လမ်းတစ်ပုဒ် ဖြစ်သွားပြန်ရော။ လိပ်ပတ်လည်နေသောသူ၏လိမ်ဆင်ဇာတ်လမ်းတွဲကြီးမှာ သူကမှင်မောင်းကောင်းကောင်းနှင့် ဒါရိုက်တာလုပ်နေသော်လည်း ကျွန်မတို့ကဘေးမှ အသည်းတယားယားဖြစ်ရသည်မှာ အကြိမ်ပေါင်းများစွာ။
''အဖေဒေါသဖြစ်လည်း ခဏပဲ နင် ရင်ဆိုင်ဖြေရှင်းရမှာ ငါကတော့ နင့်လိုဇာတ်မရှုပ်နိုင်ဘူး''
''အေး..အေး..နင်ကသတ္တိရှိတာကိုး၊ သူရဲကောင်းကြီးကိုး၊ အဆူခံရတော့ မျိုး,ချီပြီးအဆူခံရ၊ ဟိုးပဝေသဏီကဇာတ်လမ်းတွေ ပြန်လှန်အပြောခံရ၊ အအော်ခံရ...ငါက,အဲဒီဒဏ်တွေမခံနိုင်တော့ဘူး၊ နားညီးတယ်၊ စိတ်ညစ်တယ်၊ အဲဒီတော့ လိမ်လိုက်...ပြီးရော...နားအေးရော''
တကယ်တော့ ထိုအဖြစ်အပျက်များက ကျွန်မတို့အဖေ ဒေါသကြီးရာကစ,ခဲ့သည့်အဖြစ်များပင်။ အဖေက အလုပကြိုးစားသည်၊ ဒေါသကြီးသည်၊ ဖြစ်ချင်ဇောကြီးသည်...သူ့နောက်ကလူတွေလိုက်နိုင်၏ မလိုက်နိုင်၏ မခွဲခြားဘဲ သူလုပ်သလိုလုပ်စေချင်၊ သူဖြစ်သလို ဖြစ်စေချင်သောအခါ...ကွာဟမှုများဖြစ်လာခဲ့ပြီး ထိုကွာဟမှုများကို လက်သင့်မခံတတ်ပဲ ဆူပူမောင်းမဲခြင်းနှင့် ဖြေရှင်းတတ်တာက စ,ခဲ့သောဇာတ်လမ်းများပါပဲ၊ ထိုအဖြစ်များက စေတနာနှင့်သင်ပြရာကဖြစ်ခဲ့ပါသည်ဟု ကျွန်မယုံကြည်သော်ငြားလက်တွေ့မှာခံစားဖို့ တော်တော်ခက်ခဲသော ဖြစ်ရပ်များပင်။
''မင်းတို့ဗမာတွေ မွဲတာလည်းမပြောနဲ့ အားရင်လက်ဖက်ရည်ဆိုင်သွားထိုင်တာ''
''ဟဲ့ ညည်းတို့အိမ်မှာ ထမင်းကိုပြီးစလွယ်ချက်စားပြီး ဗီဒီယိုပိုက်ဆံပေးကြည့်...ကိုယ့်မိသားစု အာဟာရဖြစ်အောင် ချက်မစားဘဲ၊ မဟုတ်တဲ့နေရာမှာဖြုန်းနေကြတာ...အဲဒါကြောင့် မင်းတို့ဗမာတွေ မတိုးတက်တာ''
''ဗမာတွေတော့ကွာ အတွေးအခေါ်မရှိ၊ အမြော်အမြင်မရှိ၊ စွန့်စားမှုမရှိ ဘ၀ကိုရေစုန်မျောလိုက်နေကြတာ''
ကျွန်မအဖေကသူ့ပတ်ဝန်းကျင်မှ အလုပ်သမားများကိုအားမရလေတိုင်း၊ စိတ်တိုင်းမကျလေတိုင်း ထိုကဲ့သို့ဗမာတွေ၊ ဗမာတွေနှင့်ပြောတတ်လေတော့ အလုပ်သမားများက အဖေ့ကွယ်ရာမှာ ''သူကတော့ ဗမာ,မဟုတ်တာကြနေတာပဲ...ဘိုရူး'' ဟုပြောကြလေသတဲ့...'မနော်'ပြန်ပြောတာကြားရတော့ ကျွန်မတို့မနေနိုင်ဘဲတဟားဟားအော်ရယ်မိရသည်။ စေတနာစကားတွေဆိုသော်လည်း လိုက်နာဖို့မသိတတ်အောင် အလှမ်းဝေးလှသည့် လူတွေကြားမှာတော့နားညည်းရုံသာ ။
သူစိမ်းတွေအပေါ်မှာတောင် မနေတတ်သောအဖေက သမီးအရင်းခေါက်ခေါက်တွေအပေါ် ပိုဆိုးတော့သည်။ အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရပြီဖြစ်သည့်မမကြီးက သူ့ယောင်္ကျားပြောင်းသည့်နောက်မလိုက်ဘဲ အဖေ့၏လက်ထောက်ဘ၀မှာနေထိုင်နေဆဲ ။ အဖေ၏တင်းမာပြတ်သားသောသဘောထားကိုသိသောမမကြီးက ကြိုရှောင်ရရင်း ကြိုကာရင်း မရှောင်နိုင်သည့်အဖြစ်များမှာနစ်ဝင်ကာ မထူးဇာတ်ခင်းရင်း၊ မျက်စိစုံမှိတ်ညာရင်း မပြီးဆုံးလေသော ပန်းချီကားလို၊ တစ်ထောင့်တစ်ညပုံပြင်တွေလို၊ မုန့်လုံးစက္ကူကပ်တာလို၊ ကြက်မကြီးနှင့် ကြက်ဥဘယ်ကစ,တာလဲ ဆိုသည့်ပုံပြင်လို မဆုံးနိုင်သောအဖြစ်များ၏နောက်ဆုံးတွင် မမကြီးညာတတ်ခြင်းက အဖတ်တင်သွားတော့သည်။ 'လိမ်ညာတတ်ခြင်း'မှလွဲပြီး စီးပွားရေးမှာထက်သန် တော်မော်လှသူမမကြီးနှင့်ကျွန်မ ငြင်းကြ၊ ခုန်ကြ၊ ထိပ်တိုက်တွေ့ကြလေလျှင် အဖေမွေးထားသော သမီးတွေအကြောင်း အဖေကသိသည်ပင်...
''လူပြက်တွေက ပြောသလိုပေါ့သမီးရယ် ဘယ်သူ့မှမလိမ်ရရင်ကိုယ့်ပေါင်ကိုယ်လိမ်မယ်ဆိုတာ ... သူ့အကြောင်းသိရက်နဲ့များ...ကြည်ကြည်ဖြူဖြူအလိမ်ခံလိုက်စမ်းပါ။ မတော် သူ့ပေါင်သူပြန်လိမ်ပစ်လို့ အညိုအမဲစွဲကုန်ပါ့မယ်...အဲဒီတော့ ငါ့သမီးမှတ်ထားဖို့က သူ့ခမျာ သူ့ပေါင်တွေညိုမကုန်အောင်အဖေတို့က မသိချင်ယောင်ဆောင်ရမှာ''
ပြောပြီး ကျွန်မတို့သားအဖ တဟားဟားအော်ရယ်လျှင် မမကြီးက မလုံမလဲကြည့်မြဲ....''နင်တို့ ဘာပြောကြ တာလဲ''ပြောတတ်မြဲ။ အဖေက ကျွန်မ၏ဒေါသများကိုအဲသည်နည်းနှင့်ဖြေလျှော့ပေးတတ်သော်လည်း တိကျသေချာသော လူမှန်၊လူ့ဂွစာကြီး အဖေကိုယ်တိုင်ကတော့ ထိုသို့သဘောမထားနိုင်ခဲ့လေသမျှ သားအဖတွေခဏတိုင်း စိတ်ဆိုး ဒေါသဖြစ်ကြတာ မမကြီးကလေးတွေပါခေါ်ပြီး သူ့ယောင်္ကျားနောက်လိုက်သွားသည့်အချိန်အထိပင်။
သူ့ဘာသာသူနေရင်းထိုင်ရင်း ရှုပ်ထွေးနေသည့်လူ့လောကကြီးမှာ ကျွန်မက ခပ်ရှင်းရှင်းနေလိုသူ။ ဘာဖြစ်လို့ လိမ်ညာနေရမလဲ...မှားသည်ဆိုဦးတော့ ၀န်ခံရဲသည့်သတ္တိ၊ ပြင်ဆင်ရဲသည့်သတ္တိရှိနိုင်ရမည်သာ။ လူကြီးများကလည်း လူငယ်များကို ကြိုဆိုနိုင်ရမည် ။ မှားတာကို နင်းဆူနေလျှင်တော့ မှန်လာမည်မဟုတ်။ အလွယ်လမ်းလိုက်ရင်း လိမ်တတ်၊ ညာတတ်လာယုံသာ....ကျွန်မကတော့ မှန်တယ်ထင်လျှင်ပြန်ပြောရမှ ကျေနပ်နိုင်သူ။ မမကြီးက အဖေ့စကား မှန်သမျှတစ်သွေမတိမ်းလိုက်နာသယောင်နှင့်အဖေ့ကိုရင်မဆိုင်ရဲသမျှ ရဲရဲဝံ့ဝံ့လိမ်လိုက်သည်ချည်းပင် ... အလိမ်ပေါ်ကာမှ ပေါ်ပါစေတော့ဟူသော ယာယီဖြေရှင်းမှုဖြင့် ဘ၀၏ငြိမ်းချမ်းရေးကိုသူ့နည်းသူ့ဟန်ဖြင့်ရှာမြဲ။ သူ့ဘ၀သူစိတ်ပျက်ရကောင်းမှန်းမသိသည့် မမကြီးက,ကျွန်မကို ''ြွကိမ်းဘိစ်''ဟုခေါ်ကာ သူရဲကောင်းဘွဲ့အပ်နှင်းလျှက် လက်ခုပ်တီးမြဲ...ကျွန်မကတော့ကောပြန်ပြောလေသမျှပြသနာဖြစ်ရမြဲ။ အဝေးတစ်နေရာမှအမေနှင့် တယ်လီဖုန်း အဆက်အသွယ်ရလေလျှင်''ညည်းတို့အဖေ စိတ်ကျ, သွားလို့ ညည်း တို့ သက်သာတာ... ညည်းတို့အငယ်နှစ်ယောက် မွေးတော့မှ စိတ်လျှော့သွားတာ..အဲဒါ ညည်းတို့ကံကောင်းတာ၊ ဘာပဲဖြစ်ဖြစ် တုတ်ကိုခုန်မတိုးပါနဲ့ သမီးရယ် အလိမ္မာနဲ့ရှောင်ပါ သမီးတို့သားအဖတွေကြည့်ရတာ အမေစိတ်ဆင်းရဲလွန်းလို့ '' ဟုပြောတတ်လေတိုင်း ကျွန်မက ကြက်သီးထ,မြဲ ။ ယခုလည်းမမကြီးနှင့်ကျွန်မတို့ အကြီး နှစ်ယောက်အလုပ်ကိစ္စတွေနှင့်ပြဿာနာဖြစ်လေတိုင်း၊ အခါအားလျှော်စွာ အိမ်ပေါ်မှမောင်းချခံရလေတိုင်း ကျွန်မတို့ထက်ဆောလျှင်စွာထွက်ပြေးနှင့်သော အမေ့အိမ်သို့ပြေးတက်ရမြဲ ။ တွေးကြည့်လျှင်တော့ ကျွန်မတို့အဖြစ်က ၀မ်းနည်းစရာ။

၂၀၁၁
ယခုလည်း မမကြီးသား 'ရဲရဲ' စာမေးပွဲကိစ္စ။ 'ရဲရဲ'က ရေကြောင်းသိပ္ပံတက်ပြီး သင်္ဘောလိုက်သက်(၂)နှစ်မှာ Second jare ဖြေဖို့ကြိုးစားနေသူ...(၈)တန်းကျောင်းသားဘ၀တွင် ဖခင်ကိုဆုံးရှုံးခဲ့သူ။ '' ရဲရဲ နှင့် ကဲကဲ'' မောင်နှမက မမကြီး၏အစွမ်းသတ္တိများအောက်တွင်ရှင်သန်လူလားမြောက်ခဲ့ရသူများပင်။
ဒါပေမယ့် 'ရဲရဲ' Second jare ဖြေသည့်အချိန် 'ကဲကဲ'အင်ဂျင်နီယာမကြီးဖြစ်သည့်အချိန် မမကြီးက ခြေကုန်လက်ပန်းကျနေပြီ။ အဲသည်အချိန်ကျကာမှ ရဲရဲက Second jare စာမေးပွဲကို နှစ်ခါပြန်ကျပြီး ယခုက တတိယအကြိမ်မြောက်။
''မလတ်...ငါကတော့ သေချင်တာပဲသိတယ် အခုရဲရဲ စာမေးပွဲမအောင်ပြန်ဘူး...သူ့ကိုလည်းမဆူချင်ဘူး... ပထမတစ်ခါ ကျ,ကတည်းက....သင်္ဘောပြန်တက်မယ်၊ငွေစုပြီးမှပြန်ဖြေမယ်ချည်းလုပ်နေလို့ ငါကတားထားတာ... အခုလေ...ငိုလိုက်တာမှ ရှိုက်ကြီးတငင်ပဲ မေမေ,တားလို့ ပထမတစ်ကြိမ်တည်းက သင်္ဘောပြန်တက်ရင်ပြီးပြီတဲ့...အခုတော့ငွေလည်းမရှိတော့ဘူး...စာမေးပွဲကလည်း ဘာဖြစ်လို့ကျမှန်းမသိဘူး...သားကြိုးစားတာ မေမေ့အမြင်ပဲတဲ့... ငါလေ...ငါ... သေချင်တယ်သိလား...ကဲကဲကလည်းငို၊ ရဲရဲကလည်းငို ငါသူတို့ရှေ့ မငိုမိအောင်မနည်းထိန်းထားရတယ်''
ငိုလိုက်၊ပြောလိုက် လုပ်နေသောမမကြီးစကားကို နားထောင်ရင်း ဘာပြောရမည်မှန်းမသိ၊ စဉ်းစားနေဆဲ...
''အဲဒါလေ...ငါအငယ်မကို အောင်တယ်လို့ပဲ ညာပြောလိုက်တယ်၊ နင်မကြိုက်မှန်းသိပေမယ့် မတတ်နိုင်ဘူးဟာ...အငယ်မ သိရင်အဖေသိသွားမှာစိုးလို့၊ ငါ့ပတ်ဝန်းကျင်ကလည်း နင်သိတဲ့အတိုင်း..ငါတို့ကိုလိုက်ကြည့်နေတာ၊ ငါလည်း ရှက်တာနဲ့ အောင်တယ်လို့ပဲညာလိုက်တယ်''
အဖေပြောတတ်သည့် 'သူများမလိမ်ရရင် ကိုယ့်ပေါင်ကိုယ်လိမ်တော့ပဲ'ဆိုသည့် စကားကိုကြားယောင်ရင်း အသက်(၅၀)ကျော်လာသည့်အထိ ၀ါသနာကိုမပြင်နိုင်သေးသည့်မမကြီး၏စိတ်ဓာတ်ကို ကျောချမ်းရတော့သည်။
ကဲ...အခုတော့ ဘယ်နှယ့်ရှိကြပါစ...။ ဗေဒင်ရူး၊ နတ်ရူး...အငယ်မက သူ့တူစာမေးပွဲအောင်ရန် ပွဲပေးပါမည်ဟု ကတိထားခဲ့ပါသတဲ့။ တကယ်တမ်းသူ့တူက စာမေးပွဲမအောင် ။ သူ့အမေလိမ်ပြောသည့်... သူ့အမေပါးစပ်ဖြင့် အောင်နေသောစာမေးပွဲကို နတ်မ,လို့အောင်သည်ဟု ယုံကြည်ယူဆသူက ငွေ၂သိန်းအကုန်ခံပြီး နတ်ပွဲပေးဦးမတဲ့...ဖြစ်ရလေ...။
''အေး...နင့်သူငယ်ချင်းတွေ အားအောင်သာစောင့်ပေါ့ ငါကတော့လုံးဝပဲ၊ နေစမ်းပါဦး...နင်တို့ဟာက မလွန်လွန်းဘူးလား...ရဲရဲစာမေးပွဲအောင်တာ နင့်နတ်က ဘယ်နေရာက မ,လို့လဲ...လုပ်မနေနဲ့ ဘာပွဲမှမပေးနဲ့...အလုပ်ကိုရှုပ်တယ်...''
''အမလေး...မလတ် မလုပ်ပါနဲ့...နတ်နဲ့နဂါးမလှည့်စားနဲ့တဲ့''
''ဘာ...နတ်နဲ့နဂါး မလှည့်စားနဲ့ဟုတ်လား...ဖြစ်မှဖြစ်ရလေ...နင့်နတ်ကဘယ်နေရာမှာ စွမ်းလို့လဲဟဲ့''
''ဟင်...မလတ်ကလည်း ရဲရဲစာမေးပွဲကျတာ နှစ်ခါရှိပြီ...ဒီတစ်ခါသူစာမေးပွဲမဖြေခင်ကတည်းက ညီမကအဓိဋ္ဌာန်ထားတာ...ဒါကြောင့် ဒီနှစ်မှစာမေးပွဲအောင်တာပေါ့ ဒီလောက်ရှင်းနေတာ ပွဲမပေးလို့ဖြစ်ပါ့မလား၊ သူ့ဘ၀တစ်လျှောက်လုံး ဒုက္ခရောက်သွားမှာပေါ့...တော်ပြီနောက်ဆိုရင် မလတ်ကိုမပြောတော့ဘူး''
အဖေ့ဝေယျာဝစ္စလုပ်ပေးလိုက်၊ အိမ်မှုကိစ္စလုပ်လိုက်နှင့် အဖေ့အနားမှာအနေများသည့်အငယ်မက စိတ်ကောက်သောလေသံဖြင့် ပြောကာအိမ်ထဲဝင်သွားတော့သည်။ သက်ပြင်းချရုံကလွဲပြီး ကျွန်မဘာတတ်နိုင်ပါမည်နည်း။ ပွဲပေးမည့်ကုန်ကျစရိတ်ကိုသာ လိုအပ်သည့်နေရာလှူလိုက်ရလျှင်ဟု တွေးမိနေသောအတွေးတို့ကို အာရုံမှဖျောက်ဖျက်မရ။ ကြားထဲကအချောင်ပွသွားသည့် နတ်ကတော်ကမှ နတ်မ,တာဟုအတွေးကောင်းနေဆဲ။
''တကယ်ဆို အဖေပဲစဉ်းစားကြည့်ပါဦး၊ သူ့ဘာသာသူမယုံလည်း နေပေါ့...အခုရဲရဲကိစ္စကို လာပြောနေတယ် ကတိပေးထားပြီးမှမလုပ်ရင် အဖေကြီးတို့ စိတ်ဆိုးသွားမှာပေါ့ ပြီးတော့ အဖေ့သမီးက ''နင့်နတ်က...နင့်နတ်က'' နဲ့အဖေကြီးတို့ ၊အမေကြီးတို့ခွင့်လွှတ်ထားလို့ သူ့သက်သာတာ နောက်ပြီးသူ့ကိစ္စတွေဆိုရင် သမီးပဲ လိုက်လုပ်ပေးထားတာ အဲဒါကြောင့်အကုန်အဆင်ပြေနေတာ .. သမီးက နောက်ကတိုင်တည်ပေး၊ ပွဲပေးနဲ့မို့လို့လေ...အဲဒါကိုအခုစော်ကားနေတာ အဖေမြင်တယ်မဟုတ်လား အဖေကြီး၊ အမေကြီးတို့စိတ်ဆိုးသွားမှ တစ်ခါတည်းကျွမ်းပြန်သွားမယ်၊ ကျိန်စာမိတာထက်ဆိုးသွားမယ်''
ဘုရား..ဘုရား မမကြီးအိမ်ခွဲသွားစဉ်ကတည်းက အဖေ့လက်ငုတ်လက်ရင်းပွဲရုံလုပ်ငန်းကို ဦးစီးကာ ထိုအလုပ်ကိစ္စများနှင့်မိုးလင်း၊မိုးချုပ် တစ်နေကုန်လှုပ်ရှား၊သွားလာ ညသန်းကောင်ထိစာရင်းတွေထိုင်တွက်ပြီး ပင်ပင်ပန်းပန်းလုပ်နေတာတောင် လုပ်ငန်းတိုးတက်မှုနှေးလို့ အားမလို၊အားမရဖြစ်ကာ စိတ်ညစ်ညူးနေသူကိုများ သူ့နတ်က မ,တယ်ဆိုလာခဲ့ပြီ... ကာတွန်းထဲက ညည်းသလို ညည်းရ,လျှင်ဖြင့် 'ဒွတ်ခ လှလှတော့တွေ့လေပြီ' ပိုဆိုးလေသည်က သူ့နတ်ကျေးဇူးမသိတတ်လျှင် ကျိန်စာမိတာထက်ဆိုးလိမ့်မည်ဟူသတည်း ။
အငယ်ဆုံး၊အချစ်ဆုံးသမီးဖြစ်နေခြင်းနှင့် အသက်ကြီးလာခြင်းတို့က အဖေ့စိတ်တို့ကို ဆွဲဆန့်လေသည်ထင့်...။ သူလုပ်ချင်တာလုပ်ခွင့်ရနေသော အငယ်မက အဖေ့ကိုတစ်လုံးမကျန်ပြန်တိုင်နေတော့...
''အေး...အေး...ကျိန်စာဆိုရင်လည်း မိစ္ဆာတွေရဲ့ကျိန်စာပဲဖြစ်မှာပဲ''
မခံချင်စိတ်ဖြင့် လွှတ်ကနဲပြောမိပြီးမှ သေသေချာချာစဉ်းစားမိပါသည်...ကျွန်မတို့မိသားစုမှာ ဒေါသဖြင့်ကြည့်ကာ မောဟဖြင့်ဆုံးဖြတ်တတ်သူ ၊ မုသားဖြင့်ထွက်ပေါက်ရှာသူ၊ မှန်တယ်ထင်လျှင် တုတ်ကိုခုန်တိုးသူ၊ ဖြစ်နိုင်ချေကိုမစဉ်းစားပဲ အစွန်းရောက်ယုံကြည်သူ တို့ဖြင့် ဆူညံပွက်လောရိုက်နေခြင်းများက မိစ္ဆာတို့၏ကျိန်စာ သင့်ခြင်း ပေလားဟု တွေးနေမိပါတော့သည်။

အဖြူရောင်(ရွှေ)
မဟေသီ မဂ္ဂဇင်း ၊
၂၀၁၂ ၊ ဖေဖော်ဝါရီလ ။







No comments:

Post a comment